မသိစိတ်ထဲ ကယ်တင်ရှင်စိတ်ဖြစ်အောင် ဘာတွေကတွန်းပို့သလဲ
အမေရိကန်ဘောလုံးပွဲထဲရောက်နေတဲ့ စုံတွဲတစ်တွဲက ဟိုဟို ဒီဒီ အသေးအဖွဲလေးတွေကို စပြောရင်းနဲ့ ဘယ်သူမှန်မလဲဆိုတဲ့ ခန့်မှန်းချက်တွေနဲ့ အပျော်တမ်းလောင်းတဲ့သဘောမျိုး ရီမောပြောနေကြတယ်။ မင်းသားက ဝဲလ်စ်မစ်၊ မင်းသမီးက မာဂေ့ါ ရော်ဘီ။
အဲဒီမှာ ရုတ်တရက် ပိန်ပိန်ပါးပါး ဘလူးဂျင်းပင်အတိုလေးဝတ်ထားတဲ့ ကောင်မလေးတစ်ယောက်ပွဲကြည့်စင် အောက်ကနေ အပေါ်ကို လာနေတယ်။ မင်းသား ဝဲလ်စမစ်က သူ့ကောင်မလေးကိုလှမ်းပြောလိုက်တယ်။ အဲဒီ ဘလူးဂျင်းပင်ကောင်မလေး ပွဲကြည့်စင်ကနေ ထလာလို့ရှိရင် ယောကျာ်းဘယ်နှစ်ယောက်က သူ့ကောက်ကြောင်းကို လိုက်ကြည့်မယ်ဆိုတာ လောင်းမလားလို့ စလိုက်တယ်။
ရီးစားဖြစ်သူက ရှစ်ယောက်လောက် ကြည့်မယ်တဲ့။ မင်းသားကတော့ ၃ ယောက်ပဲလို့ မှန်းလိုက်တယ်။ အဲဒီအချိန်မှာပဲ သူတို့ဘေးနားမှာရှိနေတဲ့ လောင်းကစား ဝါသနာအိုး အာရှသားတစ်ယောက်က ငါကတော့ ၅ ယောက်ထင်တယ်လို့ လှမ်းပြောလိုက်တယ်။ ပြီးတော့ ငါလည်း မင်းတို့လောင်းကြေးထပ်တဲ့ပွဲမှာပါပရစေတဲ့။ ပြောရင်းဆိုရင်းနဲ့ ဘလူးဂျင်းပင်တိုနဲ့ကောင်မလေး လှေကားထစ် တစ်ခုချင်းစီ အပေါ်ကို တက်လာနေပါပြီ။
ပုရိသ တစ်ယောက်ပြီး တစ်ယောက် လှည့်ကြည့်ရင်းနဲ့ ၃ ယောက်- ၅ ယောက် - ၆ ယောက်မှာ ပြီးသွားတယ်။ အနီးစပ်ဆုံးဖြစ်သူက လောင်းကြေးနိုင်သွားတယ်။ လောင်းကစားသမားတွေရဲ့ အားနည်းချက်က ရှုံးမဲ မဲတတ်တဲ့အကျင့်ပါ။ အာရှသားက ထပ်ပြီးတော့ပြောလိုက်တယ်။ ငါ့ရဲ့လောင်းကြေးလေးပြန်ရချင်တယ်။ ထပ်လောင်းမယ်တဲ့။
အဲလိုနဲ့ အမေရိကန်ဘောလုံးအသင်းနှစ်ဖက်က လူစားလဲဖို့အတွက် ပြင်ကြတာကို လောင်းကြတယ်။ ဘယ်အသင်းက လူစားလဲမလဲပေါ့။ အဲဒီမှာ ကောင်မလေးကပြောတယ်။ သူက ဘောလုံးအကြောင်းနားမလည်ဘူး ယောကျာ်းလေးချင်းပဲ လောင်းကြတော့ဆိုပြီး ဝင်ပြောလိုက်တယ်။ လောင်းကြေး ဒေါ်လာ တစ်ထောင်နဲ့စတယ်။ အာရှသား ထပ်ရှုံးတယ်။
နောက်ထပ် ဒေါ်လာ ၅ ထောင်အထိ ထပ်တိုးတယ်။ အဲဒီတစ်ခေါက်တော့ အာရှသားနိုင်တယ်။ မင်းသားက ရှောင်ထွက်မလိုနဲ့ သောက်စရာတစ်ခုသွားယူမယ်လုပ်တယ်။ အာရှသားက ထပ်ပြောတယ်။ လုပ်ပါ မင်းနဲ့ဆက်ဆော့ချင်လို့ဆိုတော့ အဲလိုနဲ့ ဝဲလ်စမစ်ကလည်း ထပ်လောင်းတယ်။ တစ်သောင်းထိ ထပ်တိုးတယ်။ ထပ် ရှုံးတယ်။ လောင်းကြေးထပ်မြင့်တယ်။ ဒေါ်လာ ၅ သောင်း။ အဲမှာလည်း ဝဲလ်စမစ်ထပ်ရှုံးတယ်။ သူ့ကောင်မလေးကတော့ သွားရအောင်လို့ ထပ်တလဲလဲပြောနေတယ်။ ဒေါ်လာ တစ်သိန်း ထပ်လောင်းတယ်။
မရတော့ဘူး ထပ်လောင်းတယ်။ All in ဒေါ်လာ တစ်သန်းကျော်တယ်။ ဒီတစ်ခေါက်တော့ လောင်းတဲ့ပုံစံကို ပြောင်းလိုက်တယ်။ ဖဲချပ်ဆွဲတမ်း။ ဖဲချိုးပြီး အောက်ဆုံးမှာမြင်ရတဲ့အပွင့်ကြီးသူ စားကြေးပေါ့။ ငါးပွင့်-သုံးပွင့်နဲ့ထပ်ရှုံးပြန်တယ်။
မရဘူး နှစ်ဆထပ်လောင်းမယ်တဲ့။ လောင်းတဲ့ပုံစံထပ်ပြောင်းတယ်။ ဒီတစ်ခေါက်တော့ ဘောလုံးအသင်းနှစ်သင်းထဲက မင်းကြိုက်တဲ့ အားကစားသမားရဲ့ နံပါတ်ကို ရွေးလိုက် အဲဒီနံပါတ်ကို ငါမှန်အောင် ခန့်မှန်းပြမယ်တဲ့။ အာရှသားက မလုပ်ဘူးငြင်းတယ်။ ဝဲလ်စမစ်ကလည်း လည်တယ်။ ခင်များကြိုက်တာရွေး ငါ့ကောင်မလေးက ခန့်မှန်းမယ်တဲ့။ အဲဒါလည်းကျရော အာရှသားက လက်ခံလိုက်တယ်။
အပိုင်တွက်ထားတဲ့ပုံစံမျိုးနဲ့ "ဒါက လုံး၀ ရူးတာနော်။ အပိုင်ရမယ့် ငွေတွေတော့ ငါကလည်း ဆုံးရှုံးမခံနိုင်လို့ ငါလောင်းမယ်ကွာ" လို့ ရီပြီးတော့ ပြောလိုက်တယ်။ မှန်ဘီလူးနဲ့ပွဲကြည့်စင်ပေါ်ကနေ အာရှသားရွေးတယ်။ ပြီးတော့ "Okay, I got one" လို့ ပါးစပ်ကနေ တိုးတိုးလေးပြောလိုက်တယ်။ မင်းငါရွေးထားတဲ့နံပါတ်ကို ရေးထားစေချင်လားတဲ့ အာရှသားက ဝဲလ်စမစ်ကိုလှမ်းမေးတယ်။ မလိုဘူး ငါ မင်းကိုယုံတယ်လို့ ဝဲလ်စမစ်က ပြန်ပြောတယ်။
ကောင်မလေးက မှန်ဘီလူးယူပြီးတော့ ဖြစ်နိုင်ခြေနံပါတ်ကို ခန့်မှန်းရွေးတယ်။ အသင်းနှစ်သင်းလုံးက လူတွေကို သေချာလိုက်ကြည့်တယ်။ တချက်မှာတော့ မထင်မှတ်ထားတဲ့ နံပါတ်တစ်ခုကို သူတွေ့လိုက်တယ်။ နံပါတ် 55။ တကယ်တော့ အဲဒီနံပါတ်က သာမန်မဟုတ်ဘူး။ သူတို့တွေ့ဖူးနေကျ အပြင်က လူတစ်ယောက် ကွင်းထဲရောက်နေတယ်။ ကောင်မလေးက အထာပေါက်လိုက်တယ်။ ပြီးတော့ နံပါတ် 55 လို့ အော်လိုက်တယ်။
ဘေးနားက ရပ်ကြည့်နေတဲ့ အာရှသားက "No, No" မဟုတ်ဘူး မဟုတ်ဘူးတဲ့။
တကယ်တော့ သူ မဟုတ်ဘူးလို့ အော်တာ အံသြသင့်လို့ ပြောလိုက်တဲ့အသံပါ။ ပြီးတော့မှ မယုံနိုင်စရာပါပဲ (Unbelievable) လို့ပြောချလိုက်တယ်။ ဒေါ်လာ ၂ သန်းကျော် ဝဲလ်စမစ်တို့စုံတွဲနိုင်သွားပါတယ်။ အမှန်တကယ်တော့ ဝဲလ်စမစ်စုံတွဲက လူလိမ်တွေပါ။တကယ်တော့ အဲဒီအာရှသား ဇီဝူယမ်ဆိုတာက နာမည်ကြီး လောင်းကစားသမားဖြစ်တယ်ဆိုတာကို ဝဲလ်စမစ်က ဒီပွဲမတိုင်ခင်မှာ အများကြီးအိမ်စာလုပ်ထားခဲ့တယ်။ ဇီဝူယမ် တည်းတဲ့ဟိုတယ်အခန်းကနေ လျှောက်လမ်းအထိ နံပါတ် ၅၅ နဲ့ပတ်သတ်တာတွေချည်းပဲ ဝဲလ်စမစ်က ရှာကြံပြီး တပ်ထားတယ်။ အဲဒီနံပါတ်တွေဟာ ဇီဝူယမ်ရဲ့ အမြင်ကနေ တစ်ဆင့် အာရုံထဲမှာစွဲကပ်စေတယ်။ (programing self consciousness)။
ဟိုတယ်ရဲ့ ဓာတ်လှေကားက အစ၊ ဟိုတယ်ဧည့်ခန်း၊ ဧည့်ကြိုတွေရဲ့ အဝတ်အစား၊ ဟိုတယ်ကနေ အားကစားကွင်းကိုသွားတဲ့လမ်းတစ်လျှောက်မှာလည်း နံပါတ် ၅၅ တွေကို မြင်အောင်ဖန်တီးထားခဲ့တယ်။ သူသွားသမျှနေရာတိုင်းမှာ ၅၅ တွေ စွဲကပ်နေအောင်ကို လုပ်ထားခဲ့တာဖြစ်တယ်။ ဘယ်လောက်ထိလဲဆိုတော့ ဇီဝူယမ် ညဘက် စိတ်ကြိုက် မြင်းစီးမယ့် ညမွှေးပန်းလေးရဲ့ကျောမှာကအစ တက်တူးကို 55 လို့ ထိုးပေးထားလိုက်တယ်။
အဲဒီလိုစိတ်ထဲ စွဲကပ်နေတော့ လောင်းကစားပွဲ အရှိန်ကောင်းနေချိန်မှာ မသိစိတ်ထဲကနေ တွန်းအားပေးနေတဲ့ နံပါတ်ကို မြင်လိုက်ချိန်မှာ ဇီဝူယမ်က Okay, I got one လို့ စိတ်ထဲကျေနပ်နေတာကို ထုတ်ဖော်ပြောဆိုလိုက်တယ်။ ဒါပေမဲ့ တဖက်မှာ ခန့်မှန်းရမယ့် ကောင်မလေးဖြစ်သူကတော့ ဒါကို ဘာမှ မသိတဲ့ ရိုးရိုးလူတစ်ယောက်သာဖြစ်တယ်။ ဒါကို blind mouse လို့ခေါ်ကြသတဲ့။
ဒါက ရုပ်ရှင်မှာမို့လို့ ဖြစ်တာလို့ လူတွေက ငြင်းချက်ထုတ်ကြပါလိမ့်မယ်။ တကယ်တော့ အပြင်လူမှုလက်တွေ့ဘဝမှာလည်း ကျနော်တို့တွေဟာ programing self consciousness ဖြစ်နေတာတွေ နေ့စဉ်နဲ့အမျှရှိနေပါတယ်။ ဒါတွေ ဘယ်နေလာပါလဲ။
နိုင်ငံတစ်ခုရဲ့ နိုင်ငံရေး၊ လူမှုရေး၊ ယဉ်ကျေးမှုနဲ့ လူမှုအသိုင်းအဝိုင်းတစ်ခုထဲက အလေ့အထ ဒါတွေအားလုံးအကျုံးဝင်ပါတယ်။ လူမှုအသိုင်းအဝိုင်းထဲမှာ နေ့စဉ်မြင်တွေ့နေကြ အရာတိုင်းဟာ ကျနော်တို့အပေါ် အနည်းနဲ့အများသက်ရောက်မှုရှိပါတယ်။ ဥပမာ အရောင်က အစ အကျုံးဝင်ပါတယ်။ အရောင်တွေအပေါ် အခြေခံပြီး လူ့စိတ်တုံ့ပြန်မှုဟာ ကွဲပြားတတ်ပါတယ်။
ဥရောပသား စိတ်ပညာရှင် ဒေါက်တာ Ponza က ၁၈၇၅ ခုလောက်မှာ အရောင်တွေခွဲခြားပြီးတော့ မှန်တွေ၊ နံရံနဲ့ လိပ်ကာတွေကို တစ်ခန်းချင်းစီ မတူညီအောင်ထားပြီးတော့ စမ်းသပ်မှုတစ်ခုလုပ်ပါတယ်။ အဓိကတော့ အနီနဲ့အပြာရောင်ပါ။ "အစာစားဖို့ငြင်းဆန်နေတဲ့ လူနာတစ်ယောက်ကို အပြာရောင်အခန်းမှာ ထားလိုက်တဲ့အခါ သူက ရက်ပိုင်းအနည်းငယ်မှာ အစာပြန်စားတယ်။ အရမ်းရန်လိုနေတဲ့လူတစ်ယောက်က နာရီပိုင်းအတွင်းမှာ တည်တည်ငြိမ်ငြိမ်ဖြစ်လာတယ်။ "
အနီကတော့ လူတွေကို စိတ်ပိုင်းဆိုင်ရာနှိုးဆွမှုပိုဖြစ်စေပါတယ်။ နှလုံးခုန်မြန်တာက အစဖြစ်စေပါတယ်။ စိတ်ကျန်းမာရေးယိုယွင်းနေသူတစ်ယောက်ကို အနီရောင်အခန်းထဲမှာ ထားရင်ပိုဆိုးလာတယ်လို့ဆိုပါတယ်။ ဒါတွေဟာလည်း အပေါ်မှာ ပြောခဲ့တဲ့ programing ထဲမှာ ပါတယ်လို့ဆိုနိုင်ပါတယ်။
ဒါကတော့ ဆေးဘက်ဆိုင်ရာကပြောတဲ့ရှုထောင့်ပါ။ ကျနော်တို့နေ့စဉ် ဖတ်ရှုနေတဲ့ သတင်းစာမျက်နှာပေါ်က စာသားတွေရော ဘယ်လောက်ထိ သက်ရောက်မှုရှိနိုင်မယ်ထင်ပါလဲ။ ဥပမာ "စု၊ ရွေး၊ လွှတ် ဆိုတဲ့ အိုက်ဒီယာကို မောင်းတင်ခဲ့ကြတာတွေ၊ အခုထိ မသိစိတ်ထဲမှာ ကိန်းအောင်နေကြဆဲပါ။"
တစ်နေ့က သတင်းမီဒီယာ တစ်ခုကနေ အလားတူမက်ဆေ့မျိုးကို ထပ်တင်လာပါတယ်။ အဲဒီအောက်က မှတ်ချက်တွေကို လေ့လာဖတ်ရှုကြည့်တော့ လူငယ်တွေတချို့ တက္ကသိုလ်ကျောင်းသားတွေ၊ Gen-Z တွေရဲ့ရေးသားချက်တချို့က အစ အဲဒီအယူအဆတွေ ကြီးစိုးနေဆဲပါ။ ဒါဟာ နမူနာတွေအများကြီးထဲက တစ်ခုပဲရှိပါသေးတယ်။
ကျနော်ပြောလိုတဲ့အချက်ကတော့ အခုဟာ စစ်တပ်အာဏာသိမ်းပြီး ၃ လအကြာမှာ လူ ၈၀၀ နီးပါး သတ်ထားပြီး ထောင်နဲ့ချီပြီးတော့ အဖမ်းခံထားရတယ်။ အာဏာသိမ်းစစ်တပ်ကို ဖြတ်ချဖို့လူငယ်တွေက လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်လိုက်ကြလို့ ခရီးတဝက်လောက်ရောက်နေကြပါပြီ။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဖွဲ့စည်းလိုက်တယ်။ ဒါပေမဲ့ အခုထက်ထိ well organized ဖြစ်တဲ့ တိုက်ခိုက်နိုင်တဲ့ တိုက်ပွဲမျိုး အထူးသဖြင့် NUG ဦးဆောင်တဲ့တိုက်ပွဲတွေ မတွေ့မိသေးပါ။ ဖွဲ့လိုက်သမျှအဖွဲ့တွေဆို တနေ့တမျိုး မရိုးရအောင်ပါ။ ဒါပေမဲ့ ဒီအဖွဲ့အားလုံးဟာ NUG အစိုးရရဲ့ ကွပ်ကဲမှုအောက်မှု ရောက်နေပုံမရသေးပါ။
တဖက်မှာ Federal Army ဖွဲ့စည်းရေးကိစ္စဟာ ဇာတ်မြောအဆင့်ပဲရှိပါသေးတယ်။ တိုင်းရင်းသားတွေဘက်ကလည်း မယုံတဝက် ယုံတဝက်နဲ့ ရှေ့ဆက်နေကြပါတယ်။ ဒီကြားထဲမှာ KNU ခေါင်းဆောင်ပိုင်းတချို့က စစ်တပ်နဲ့စကားဝိုင်း စမယ့်လမ်းကြောင်းတွေပြောဆိုလာသလို၊ "အသုံးချခံရ" မယ့်ကိစ္စကို စိုးရိမ်တယ်လို့ KNU တပ်မဟာ ၆ က ခေါင်းဆောင်က ထုတ်ပြောလာတယ်။ ဒီလိုပြောလာတဲ့အချိန်မှာ ခုနားတုန်းက "စု ရွေး လွှတ်" အိုက်ဒီယာကို မောင်းတင်တဲ့မက်ဆေ့တွေဟာ ပိုပြီးတော့ "အသုံးချခံရ" ဆိုတဲ့အတွေးမျိုးဖြစ်စေဖို့ ပိုတွန်းအားပေးပါလိမ့်မယ်။
အလားတူ programing လုပ်တဲ့ သတင်းတွေ၊ ဆောင်းပါးတွေ၊ မက်ဆေ့တွေ လိုရင်းမရောက်တော့ဘဲ self consciousness ဖြစ်လာတာက ရိုက်သွင်းခံရတာ injecting နဲ့တူပါတယ်။ နည်းပညာစကားလုံးအရ တည့်တည့်ပြောရမယ်ဆိုရင်တော့ propaganda လုပ်တာပါပဲ။
ဥပမာ စစ်တပ်က ထုလုပ်ထားတဲ့ အနော်ရထာ၊ ဘုရင့်နောင်၊ အလောင်းဘုရား ဆိုတဲ့ ရုပ်တုတွေမြင်ရင် ဇာတိသွေး ဇာတိမာန် တအားကြီး ဖီးလ်တက်လာတာမျိုးပေ့ါ။ ဒါကြောင့်လည်းပဲ "စစ်တပ်ထဲရောက်တဲ့လူတွေက သွေးနားထင်ရောက်ပြီး ငါသာလျှင် ကယ်တင်ရှင် စိတ်ဝင်သွားကြပါတယ်"။ ဒါဆိုရင် ဒီရုပ်တုကို ဖြိုလဲချမယ်ဆိရင် သူတို့လည်း နာကြမှာ မလွဲဧကန်ပါ။
ကျနော်တို့တွေ ဒီလိုပတ်ဝန်းကျင်မှာဖြစ်နေတဲ့ဟာတွေကနေ self-consciousness ဖြစ်နေတာကို ရှောင်လွဲလို့မရတာတော့ မဟုတ်ပါဘူး ရပါတယ်။ အဓိကတော့ ဘယ်ဟာက ဘယ်ဟာ ဖြစ်တယ်ဆိုတာကို ခွဲခြားသိနိုင်စွမ်းကို ကိုယ်တိုင်တည်ဆောက်ယူထားရင် ဒါကို ကိုယ့်ရဲ့စိတ်ထဲမှာတော့ ပိုင်းခြားလို့ရပါတယ်။ အဲဒီနည်းနဲ့ပဲ ရှောင်ရှားလို့ရပါတယ်။ တခြားနည်းတော့မရှိပါ။
နောက်တစ်ခုကတော့ မီဒီယာတွေက အရောင်အသွေးစုံလင်တဲ့ သတင်းတွေကို ဦးစားပေးသင့်ပါတယ်။ အရောင်အသွေးဆိုရာမှာ ကာတွန်း၊ ဓာတ်ပုံနဲ့သတင်းရေးသားမှု၊ ဆောင်းပါးနဲ့ သတင်းတင်ဆက်မှု အကုန်လုံးအကျုံးဝင်ပါတယ်။ ဆဲရေးတိုင်းထွာတဲ့ စကားလုံးတွေ ဖြန့်တာ၊ အောက်ပိုင်းက မတက်တဲ့ ကာတွန်းနဲ့ မင်းအောင်လှိုင်ကို ချရင် ဘာနဲ့ပဲ ချချရတယ်ဆိုတဲ့အတွေးမျိုးတော့ ကောင်းတဲ့အကြံမဟုတ်ပါဘူးလို့ပဲ ဆိုပရစေ။
ဘာလို့ဆို ဒါတွေအားလုံးဟာ self consciousness ဖြစ်စေဖို့တွန်းပို့လို့ပါပဲ။ တခါ အလားတူပဲ စု ရွေး လွှတ် အိုက်ဒီယာသာအောင်မြင်ခဲ့ရင် NLD ဟာ ကယ်တင်ရှင်၊ NLD ရှိမှဖြစ်မယ်ဆိုတဲ့ မသိစိတ်ထဲ စူးနစ်ဝင်သွားတာမျိုးလည်း ထပ်ပြီးဖြစ်လာနိုင်တဲ့ အန္တရာယ်လည်းရှိကြောင်းပါ။
Comments
Post a Comment