ပြင်ဦးလွင်မှာတွေ့တဲ့ ဒရုန်း အစ္စရေးလား၊ တရုတ်လား

ပြီးခဲ့တဲ့ရက်ပိုင်းက အမျိုးအစားမသိတဲ့ ဒရုန်းအကြီးတစ်ခု ပြင်ဦးလွင်မှာပျက်ကျတဲ့ပုံတွေ တက်လာတယ်။ တင်လိုက်တဲ့လူကလည်း ဘာရယ်မှန်း တိတိပပ သိပုံမရပါ။ 

ဓာတ်ပုံကလည်း အဝေးက ရိုက်လာတာမလို့ သူ့ရဲ့ နံမည်တွေ ဘာတွေ ဘားကုဒ်၊ ဒါမှမဟုတ် စာသားတစ်ခုခုပါတဲ့ ဟာမျိုးလည်း ရိုက်တင်တာမတွေ့ရလို့ ဘာက ဘာလဲသိရဖို့ ခဲယဉ်းပါတယ်။ 

Crashed drone in Pyin Oo Lwin 

ဆိုလိုတာက အဲဒီ ဒရုန်း (Combat Drone or Surveillance Drone ) ဟာ တရုတ်နိုင်ငံထုတ်လား၊ အစ္စရေးထုတ်လား၊ အိန္ဒိယထုတ်လား၊ ရုရှားထုတ်လား သေချာ မသိရတာပါ/တရုတ်နိုင်ငံထုတ် ဒရုန်းတွေကိုကြည့်တဲ့အခါ ASN-29 အမျိုးအစားကိုတွေ့ပါတယ်။

ဒီဇိုင်းက အမြှီးနှစ်ခုနဲ့ ပန်ကာဒလက် အလယ်မှာ တပ်ထားတာမလို့ တူသယောင်ထင်ရပေမဲ့ သူ့ရဲ့ကိုယ်ထည်ဖွဲ့စည်းပုံက ပြင်ဦးလွင်မှာ တွေ့ရတဲ့ ဒရုန်းနဲ့မတူပါ။ 

Chinese product ASN-209 

ဒရုန်းအမျိုးအစားတွေကို #MoreMyintBlog က လိုက်လံစစ်ထုတ်ကြည့်တဲ့အခါ သူနဲ့ဒီဇိုင်းတူတာက Israel စစ်တပ်သုံး Heron UAVs နဲ့ သွားတူနေပါတယ်။ Heron ရဲ့ဒီဇိုင်းကိုယ်ထည်နဲ့ ပြင်ဦးလွင်မှာတွေ့ရတဲပုံစံက ထပ်တူနီးပါးကျပါတယ်။

ဒါပေမဲ့ တောင်ပံမှာသာ Heron ကအဆင်းအတက်အတွက်ဘီးတပ်တာမလို့ လုံးဝထပ်တူ ကျတယ်လို့တော့ပြောရခက်ပါတယ်။ တောင်ပနဲ့ ပန်ကာဒလက်ထည့်သွင်းပုံတွေဟာ အတူတူပါ။ ပြင်ဦးလွင်မှာတွေ့ရတဲ့ ဒရုန်းကလည်း အိမ်အသေးတစ်ဆောင်စာလောက်ရှိတာမလို့ ဒရုန်းအရွယ်အစားက မသေးပါ။ ဒါပေမဲ့ Heron Attack UAV လောက်တော့ မကြီးပါ။ 

 Israel combat drone Heron

ဒီနေရာမှာ သတိထားသင့်တာက အိန္ဒိယပါ။ အစ္စရေးနဲ့ အိန္ဒိယ နှစ်နိုင်ငံလုံးဟာ စစ်ဘက်ဆက်ဆံရေးကောင်းပါတယ်။ စစ်လက်နက် နည်းပညာမျှဝေတာ ရောင်းချတာတွေလည်းရှိပါတယ်။ ဒီလိုနဲ့ Dawn သတင်းဌာနက ရေးသားတဲ့ ၂၀၁၅ ခုနှစ်ထုတ် ဒရုန်းဆောင်းပါးတစ်ပုဒ်ကိုတွေ့ပါတယ်။ 

အဓိက အကြောင်းအရင်းကတော့ ၂၀၀၂ ခုနှစ်လောက်က အစ္စရေးစတင်ထုတ်လုပ်လာခဲ့တဲ့ အလတ်စား Heron UAV အမျိုးအစားတွေကို အိန္ဒိယစစ်တပ်မှာ တပ်ဆင်သုံးစွဲမယ့်ကိစ္စပါ။ အမြင့်ဆုံး ၅၂ နာရီ (သုံးရက်ကြာ) လေထဲပျံသန်းနိုင်ပြီးတော့ အမြင့်ပေ သုံးသောင်းခွဲအထိ ပျံနိုင်ပါတယ်။ 

အိန္ဒိယရဲ့စစ်ရေးပစ်မှတ်က ကတ်ရှ်မီးယားဒေသမှာရှိတဲ့ ပုန်ကန်သူတွေကို ဒရုန်းနဲ့ရှင်းထုတ်နိုင်ရေးပါ။ အဲဒီပရော့ဂျက်ကို ကန်ဒေါ်လာ သန်း ၄၀၀ အထိတောင်သုံးစွဲထားတာပါ။

ဒီနေရာမှာ ဘာကြောင့် အိန္ဒိယကို သတိထားသင့်သလဲ ပြောရတာက Israel အစိုးရပိုင်နည်းပညာကုမ္ပဏီ IAI က အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနနဲ့ တွေ့ဆုံပြီးတော့ Heron TP ဆိုတဲ့ဒီဇိုင်းကို "Make-in-India" ဗားရှင်းအဖြစ် ထုတ်လုပ်ဖို့ဆွေးနွေးခဲ့ပါတယ်။ 

ဒါကြောင့် အိန္ဒယထုတ်တဲ့ ဗားရှင်းက အစ္စရေးထုတ် Heron နဲ့တော့ ကွာခြားမှုအနည်းငယ်ရှိနိုင်ပါတယ်။ ဒါပေမဲ့ ပုံပါ ဒီဇိုင်း၊ အရောင်နဲ့ ဖွဲ့စည်းမှုဟာ Heron နဲ့အများဆုံးတူနေတာပါ။ 

ဒါကြောင့် ပြင်ဦးလွင်မှာတွေ့ရတဲ့ ဒရုန်းက တရုတ်နိုင်ငံထုတ်ဆိုတာထက် အိန္ဒိယနိုင်ငံမှာ တဖန်ပြန်ထွင်ထားတဲ့ Israel ဒီဇိုင်း Heron သာဖြစ်ဖို့များတယ်လို့ သုံးသပ်ရပါတယ်။

Heron-TP India Version 

အစ္စရေးရော၊ အိန္ဒိယ နိုင်ငံပါ မြန်မာစစ်တပ်နဲ့တပ်ပိုင်းဆက်ဆံရေးကောင်းတယ်ဆိုတဲ့အချက်ကိုလည်း မမေ့သင့်ပါဘူး။ လူ့အခွင့်ရေးချိုးဖောက်မှုတွေရှိလို့ တောက်လျှောက်စွပ်စွဲနေတဲ့ကြားထဲက အစ္စရေးဟာ မြန်မာစစ်တပ်အရာရှိတွေကို အစ္စရေးလက်နက်အရောင်းပြပွဲသို့ ခေါ်ဖူးလို့ စွပ်စွဲခံရဖူးပါတယ်။ 

အိန္ဒိယကလည်း သူ့နယ်စပ်က သူပုန်တွေကိုရှင်းလင်းချင်လို့ မြန်မာစစ်တပ်နဲ့အပေး အယူလုပ်ထားတာကြောင့် နှစ်နိုင်ငံစစ်ဘက်ဆက်ဆံရေးက တိုးတက်မှုရှိပါတယ်။ ဥပမာ ရေငုတ်သင်္ဘောရောင်းပေးတာ အိန္ဒိယဖြစ်ပါတယ်။ ရေပြင်ကင်းထောက်ရာမှာသုံးတဲ့ ဆိုနာ စနစ်ကလည်း အိန္ဒိယ ကူညီထားတာပါ။ ဒါကြောင့် ဒရုန်းဟာ အိန္ဒိယဆီကနေ ရရှိထားတဲ့ဟာဖြစ်ဖို့များပါတယ်။ 

တရုတ်ဒရုန်းဖြစ်နိုင်ခြေနည်းတာကတော့ သူက အစ္စရေးဒီဇိုင်းထက် အမေရိကန်နဲ့ EU က ထုတ်တဲ့ဒီဇိုင်းတွေကိုသာ အတုခိုးတာများပါတယ်။ ကျနော်လိုက်ရှာကြည့်သလောက် တရုတ်က အခုလိုဒီဇိုင်းထုတ်တာ မတွေ့မိသလောက်ပါပဲ။ ASN-29 ကလည်း သိသိသာသာကွဲတာမို့ တရုတ်ဒရုန်းဖြစ်နိုင်ခြေနည်းတာလို့ သုံးသပ်ရတာပါ။

ကျနော် မသိဘဲ ကျန်ခဲ့တာတွေလည်း ရှိနိုင်တာမလို့ သိတဲ့သူတွေရှိရင်လည်း မှတ်ချက်ပေးကြပါလို့ မေတ္တာရပ်ခံလိုပါတယ်။ 


Comments

KNPP သင်တန်းဆင်း လူငယ် ၇၀ ကျော်အဖမ်းခံရ

တော်လှန်ရေးနယ်မြေထဲက အန္တရာယ်ကိုဖိတ်ခေါ်သော ဓာတ်ပုံများ

KNPP သင်တန်းဆင်း လူငယ် ၇၀ ကျော်အဖမ်းခံရ

စစ်ကောင်စီအကျိုးပြု ငပလီဟိုတယ်များ