ဒေါက်တာတင်မာအောင်ကိစ္စ အကဲခတ်ခြင်း (Explanatory)

By More Myint 

စစ်ကောင်စီကျင်းပတဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနရဲ့ မြောက်ဦးအမွေအနှစ် UNESCO ယူနက်စ်ကို မှတ်တမ်းဝင်နိုင်ရေး အစည်းအဝေးကို မေလ ၆ ရက်နေ့မှာ လူသိများတဲ့ ဒေါက်တာ တင်မာအောင် အစည်းအဝေးတက်ခဲ့ပါတယ်။ 

တချိန်က နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနီးကပ် (Personal assistant) အဖြစ်၊ အထူးသဖြင့် ဖိနှိပ်ခံဘဝတုန်းက ရပ်တည်ပေးခဲ့တဲ့ အနစ်နာခံပေးခဲ့တာတွေကြောင့်လည်း လူတွေရဲ့ချီးမွှမ်းခြင်းကို ရခဲ့တာလို့လည်းဆိုနိုင်ပါတယ်။ ချစ်ခင်သူတွေက သူ့ကို အန်တီငယ်လို့ခေါ်ကြပါတယ်။ 

ဘယ်အကြောင်းကြောင့် ဒေါ်အောင်ဆန်းစုကြည်အနီးကနေ သူ့ကိုထွက်ခွာစေဖို့ဖြစ်ခဲ့လဲဆိုတာ ကျနော်တို့ ဒီနေ့ထက်ထိ မသိရသေးပါ။ အဲလိုနဲ့ သူက ၂၀၂၀ နိုဝင်ဘာရွေးကောက်ပွဲ မှာ ရခိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ALD) ကနေ ဝင်ပြိုင်ခဲ့ပါတယ်။ 

 ANP နဲ့NLD အားကောင်းတဲ့ တောင်ကုတ်မှာ နိုင်ငံရေးဇတ်ရှိန်သေနေတဲ့ ALD ကနေ ဝင်ပြိုင်တဲ့ သူ့အဖို့ ဒီရလဒ်ထွက်တာလည်း သိပ်တော့ မဆန်းပါ။ ဒေါက်တာ တင်မာအောင်က ရခိုင်မြောက်ပိုင်း မြောက်ဦးမြို့ ဇာတိပါ။ 

သူက သူ့ရဲ့မြို့ုကို World Heritage Site ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖို့စဉ်ဆက်မပြတ်ကြိုးစားနေသူပါ။ မနေ့က တက်တဲ့ အစည်းအဝေးမှာ တကယ်တော့ သမိုင်းပညာရှင် ဒေါက်တာအေးချမ်းတို့အပြင်၊ တခြား လူသိနည်းတဲ့ မြို့ခံတွေလည်း ပါပါတယ်။

အားလုံးသိကြတဲ့အတိုင်းပါပဲ စစ်ဘေးဒဏ်ကို ၂ နှစ်ကြာ ခံခဲ့ရတဲ့ ရခိုင်ဟာ အခုတော့ တစ်နိုင်ငံလုံးမှာ အေးချမ်းဆုံးပြည်နယ်လို့တောင်ဆိုနိုင်ပါတယ်။ ဒါကလည်း စစ်ကောင်စီက တိုက်ပွဲမဖော်လို့ပါ။ ဖော်ဖို့လည်း သူ့မှာ အင်အားမလုံလောက်ပါ။ အများဆုံး သူလုပ်နိုင်ရင် လေကြောင်းနဲ့ အမြောက်ကြီးတပ်မတွေ ကူပစ်တာလောက်ပဲ လုပ်နိုင်တာပါ။ 

ရခိုင့်တပ်တော် AAကလည်း တိုက်ပွဲမဖော်ပါ။ သူ့ကိုယ်ပိုင် ယန္တရားလည်ပတ်နိုင်ရေးအတွက် အကောင်အထည်ဖော်နေပါတယ်။ တရားရေးကအစ ငွေကြေးလည်ပတ်မှုအထိ ပါပါတယ်။ လူတွေက သူတို့နဲ့ အတူ  ဒုက္ခတွေ မခံဘူးလို့ မြင်ကြတဲ့အခါ ငါတို့နဲ့မနီးဘူးလို့ ခံစားတတ်ကြပါတယ်။ စိတ်ခံစားမှုမြင့်တက်နေတဲ့ ကာလမို့လို ဒီလိုဖြစ်တာလို့ မြင်ပါတယ်။ 

တကယ်တမ်း ရခိုင်စစ်မြေပြင်ကို ပြန်ကြည့်မယ်ဆိုရင် မတိုက်တာက နှစ်ဘက်စလုံးအတွက် အသက်ရှုချောင်ပါတယ်။ ကိုယ်လိုချင်ရာ ပန်းတိုင်ကို အကောင်အထည်ဖော်လို့ရပါတယ်။ ဒီလိုအခြေအနေတစ်ခုအောက်မှာ စစ်ကောင်စီက သူ့ရဲ့ ယန္တရားကို ဆက်လည်ပတ်ဖို့ကြိုးစားပါတယ်။ 

စစ်အစိုးရမှာလည်း ပညာတတ်လူငယ်တွေကိုလည်း ခေါ်ယူထားတယ်ဆိုတာ မမေ့သင့်ပါ။ စုဖွဲ့မှုအလိုက် အုပ်စုလိုက်လှုပ်ရှားတာ စစ်ကောင်စီ အတွက် ရင်းနှီးပြီးသား သင်ခန်းစာတွေပါ။ အရပ်သား NUG နဲ့ Gen-Z အတွက်ပဲ အသစ်ဖြစ်တာပါ။ 

အားလုံးသိတဲ့အတိုင်း စစ်ကောင်စီဟာ နိုင်ငံတကာရဲ့အသိအမှတ်ပြုခြင်းကို ရဖို့ အထူးကြိုးစားနေပါတယ်။ အဲလိုထဲက သိသာမြင်သာတဲ့ အချက်တစ်ခုကတော့ အာဆီယံအစည်းအဝေးကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင်တက်ခဲ့တာပါ။ 

အာဆီယံကလည်း ကြားဝင်ညှိနှိုင်းရေးမူ ၅ ချက်ကို တောင်းဆိုခဲ့ပါတယ်။ ဒါပေမဲ့ အခုထိ အလုပ်မဖြစ်ပါဘူး။ အာဆီယံကိုယ်စားလှယ်တွေကို ပြည်တွင်း လာခွင့်ပေးဖို့ကိစ္စကိုတောင် မင်းအောင်လှိုင်က "စဉ်းစားပေးမယ်" လို့သာ သူ့ရဲ့ဝါဒဖြန့် သတင်းစာ မြဝတီနဲ့ မြန်မာ့အလင်းမှာ လူသိရှင်ကြားကြေညာခဲ့တာပါ။ 

ဒါတွေ ထွက်လာပြီးနောက်ပိုင်းမှာတော့ မြန်မာနိုင်ငံဆိုင်ရာ ကုလလူ့အခွင့်ရေးကိုယ်စားလှယ် သောမတ်စ် အင်ဒရူးကိုယ်တိုင်က မင်းအောင်လှိုင်ဟာ အာဆီယံအစည်းအဝေးကို "အသုံးချ" သွားပြီဆိုတာ ရေးခဲ့ပါသေးတယ်။ သူဆိုလိုတာက စစ်ကောင်စီကို နိုင်ငံတကာက အစိုးရတစ်ခုလို အသိအမှတ်ပြုတယ်ဆိုတဲ့ သဘောမျိုးဖြစ်လာအောင် မင်းအောင်လှိုင်က ပါးပါးလေးကစားတယ်ဆိုတာကို ရည်ညွှန်းတယ်လို့ နားလည်ရပါတယ်။ 

တစ်ခါ နောက်ထပ် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကိစ္စဖြစ်တဲ့ UNODC အစည်းအဝေးတွေကို တက်ရောက်တဲ့ကိစ္စကလည်း အလားတူပါပဲ။ နောက်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO) က စစ်ကောင်စီကိ စာပို့တဲ့ ကိစ္စကလည်း အလားတူဖြစ်နေပါတယ်။ ပြောရမယ်ဆိုရင် ဒါတွေအားလုံးဟာ လူထုဆီကို ပေါက်ကြားလာတဲ့ အချက်အလက်တချို့အရ စစ်ကောင်စီဟာ နည်းပေါင်းစုံနဲ့ အသိအမှတ်ပြုခြင်းခံရပါတယ်ဆိုတဲ့ တရားဝင်စကားလုံးကို သုံးဖို့အတွက် လုပ်နေတဲ့ ကြိုးပမ်းမှုတွေဖြစ်ပါတယ်။ 

မှတ်မိကြမှာပါ ပြီးခဲ့တစ်ပတ်လောက်က ဖြစ်မယ်ထင်တယ် ( နေ့စွဲ မမှတ်မိ) MRCS မြန်မာ့ကြက်ခြေနီက " ကြားနေဝါဒ " ဆိုတာကို တင်ခဲ့ပါသေးတယ်။ ဒါတွေကလည်း အသိအမှတ်ပြုပါတယ်လို့ ပြောတဲ့အထဲမှာဝင်ဆံ့လာမယ့် ကိစ္စတစ်ခုဖြစ်လာနိုင်ပါတယ်။ 

နောက်တစ်ခါ အလှည့်ကျလာမယ့်ဟာက UNESCO ပါ။ ဒါကို အသုံးချဖို့အတွက် မင်းအောင်လှိုင်တို့က မြောက်ဦးကိစ္စကို ထိုးထည့်မယ်လို့မြင်ပါတယ်။ သာမန်ကြည့်ရရင် မြောက်ဦးကိစ္စကို ကောင်းဖို့အတွက်လို့ အောက်ခြေကလူတွေမြင်နိုင်ပါတယ်။ တကယ်တမ်းမှတ်တမ်းဝင်မယ့် ကိစ္စက ဝေးပါသေးတယ်။ ဒါပေမဲ့ စစ်အစိုးရကတော့ မက်လုံးပေးပြီးတော့ သူလိုချင်တဲ့ "တရား၀င်မှု စကားလုံး" ကိုရရှိရေး အရင်လုပ်မှာပါ။ 

ဆိုတော့ အတိုချုပ်ပြောရရင် မြောက်ဦးကိစ္စဟာ စစ်ကောင်စီရဲ့ဗျူဟာထဲမှာ ပါသွားတဲ့ ကိစ္စအသေးတစ်ခုမျှသာဖြစ်ပါတယ်။ ဒီနေရာမှာ အရပ်သားအစိုးရ NUG က စွမ်းဆောင်ရည်တွေကိုလည်း ကြည့်ရမှာပါ။ အခု သုံးလ ကျော်လာပါပြီ။ CDM ဝန်ထမ်းတွေကို လစာပေးမယ့် ကိစ္စတောင် အကောင်အထည်ဖော်တာ အားနည်းချက်တွေအများကြီးပါ။ 

အပူတပြင်းဆောင်ရွက်ရမယ့် တရားရေးကိစ္စတွေလည်း ကျန်သေးသလို၊ Federal Democracy Constitution အတွက် ဥပဒေရေးရာကို ညှိနှိုင်းရမယ့် ကိစ္စတွေလည်းရှိပါသေးတယ်။ ရိုဟင်ဂျာကိစ္စလည်း သူ့အတွက် ရှင်းရမယ့် ခေါင်းကိုက်စရာကိစ္စတစ်ခုပါ။ အားသာချက်တွေကတော့ လူထုက သူ့ဘက်မှာ အပြည့်အ ရပ်တာပါပဲ။ စစ်ရေးဆိုင်ရာ အားသာချက်တွေလည်း တချို့ရရှိနေပါပြီ။ 

ဒါပေမဲ့ သံခင်းတမန်ခင်းကိစ္စမှာ တရားဝင် အသိအမှတ်ပြုရရှိဖို့ မလွယ်သေးပါ။ စကားပြောနေတဲ့အဆင့်ပဲရှိပါသေးတယ်။ NUG ကို တရားဝင်အစိုးရလို့ နိုင်ငံတကာအများစုက Foreign Affairs ရဲ့စာတွေမှာ ရေးတာမျိုး သိပ်မတွေ့မိပါ။ ဘာလို့ဆိုရင် ဒါတွေဖြစ်တည်လာဖို့ဆိုရင် NUG မှာ သံရုံးတွေလိုအပ်ပါတယ်။ အခု မရှိသေးပါ။ 

လောလောဆယ် ဆိုင်ရာ အစိုးရဝန်ကြီးဌာနတွေတော့ ဖွဲ့ထားပေမယ့် လုပ်ငန်းလည်ပတ်နိုင်ရေး ကြိုးစားနေရတုန်းပါ။ တဖက်မှာ စစ်ကောင်စီကလည်း ဒီလိုအသိအမှတ်ပြုရေးကို ရဖို့ကြိုးစားနေပါတယ်။ နှစ်ခုလုံးက သွားရာပြေးလမ်းကြောင်း တူနေချိန်မှာ NUG က တချို့ကိစ္စတွေမှာ ခြေလှမ်းနောက်ကျနေပါတယ်။ ဥပမာ အပေါ်မှာပြောခဲ့တဲ့ အာဆီယံမှာ ကိုယ်စားပြုမတက်နိုင်တာ၊ UNESCO နဲ့ တရားဝင်မဆွေးနွေးနိုင်တာ၊ WHO နဲ့ ICRC ကိစ္စ တရားဝင် ကိုယ်ပိုင်လမ်းကြောင်းနဲ့ မဆောင်ရွက်နိုင်သေးတဲ့ ကိစ္စတွေ ဖြစ်ပါတယ်။ 

ဒီလိုအခြေအနေမှာ NUG ရော အရပ်သားအစိုးရကပါ ဒါတွေကို ချဉ်းကပ်ရာမှာ အပေါ်ကနေ တစ်ခုလုံးကိုလွှမ်းခြုံကြည့်ဖို့လိုအပ်ပါတယ်။ ကိုယ့်ဘက်ကို ပါအောင်ဆွယ်မလား၊ ကန်ထုတ်မလားဆိုတာ ကိုယ်တိုင်ရွေးချယ်ရမယ့်အပိုင်းတွေပါ။ လတ်တလောမြင်နေရတဲ့ ကန်ထုတ်သလိုဖြစ်တဲ့ကိစ္စဟာ ကိုယ့်ရဲ့ ဦးတည်ချက်ကောင်းကိုသွားဖို့အတွက် အနည်းနဲ့အများအထိအခိုက်ရှိနိုင်ပါတယ်။ 


ဖြည့်စွက်ပြင်ဆင်ချက် - 2:00 pm မှာ အနည်းငယ် ပြန်ပြင်ထားပါတယ်။ ပထမဆုံးတင်တဲ့အပိုင်းမှာ ICRC လို့မှားရေးမိပါတယ်။ တကယ်တော့ ပွဲတက်ခဲ့တာရော ကြားနေဝါဒရေးခဲ့တာက MRCS လို့သိရပါတယ်။ 



 























 







Comments

KNPP သင်တန်းဆင်း လူငယ် ၇၀ ကျော်အဖမ်းခံရ

ဒေါ်လာတစ်သိန်းဝန်းကျင်ရှိတဲ့ မန္တလေး-ဗန်းမော်လက်နက်ဖမ်းခံရမှု (Fact-Check)

ကွန်ဖက်ဒရိတ်နဲ့ဖက်ဒရယ်ခြားနားချက်

မုဒိန်းကျင့်ခံရ၊ ထောင်လည်းကျခံရတဲ့ ကျောက်တော်သူ (Explanatory)