ဘာကြောင့် ဘူးသီးတောင်မုဒိန်းကိစ္စ သမားရိုးကျပြောတာလဲ (explanatory)

ဘူးသီးတောင်မုဒိန်းမှုကိစ္စနဲ့ပတ်သတ်ပြီးတော့ မေးခွန်းထုတ်လာကြတာက ဒါဟာ သာမန်ကေ့စ်ဟုတ်-မဟုတ်၊ ဒါဟာ လူ့အခွင့်ရေးချိုးဖောက်ခံရမှု မဟုတ်လား စသဖြင့် မေးလာကြတာရှိတယ်။ 

ကျနော်ပြောထားပြီးသားပါ။ မုဒိန်းမှုဟာ ပြင်းထန်တဲ့ ရာဇဝတ်မှုဖြစ်တယ်။ ထိရောက်အောင် အရေးယူသင့်တယ်။ ဒါဟာ လူမျိုးရေး ဘာသာရေးမဟုတ်ဘူး။ ဒီအယူအဆကို စာရေးဆရာ ကိုဝေဟင်အောင်လည်းရေးထားတယ်။ ဒါပေမဲ့ ဓာတ်ပုံသုံးတာတော့ လူတွေကိုဆွပေးတာနဲ့သွားတူနေတယ်။ ဓာတ်ပုံမသုံးရင် ပိုကောင်းမှာပါ။ 

ကဲ သမားရိုးကျကေ့စ်လို့ ဘာကြောင့်ပြောရလဲဆိုတာကို ဆက်ပါမယ်။ ကျူးလွန်သူဟာ အာဏာပါဝါရှိတဲ့ အဖွဲ့အစည်းက အရာရှိမဟုတ်ဘူး။ သာမန်အရပ်သားတစ်ဦးဖြစ်တယ်။ ရာထူးဂုဏ်ကို တလွဲသုံးပြီး အနိုင်ကျင့်တာမဟုတ်ဘူး။ ဒါပေမယ့် သူကျူးလွန်တဲ့ပြစ်မှုဟာ မပြင်းထန်ဘူးလို့ဆိုလိုတာ လုံးဝမဟုတ်ဘူး။ 

မုဒိန်းမှုဟာ ပြင်းထန်တဲ့ရာဇဝတ်မှုတစ်ခုကို ကျူးလွန်တာဖြစ်တယ်။ တရားရေးသမားတွေက သာမန်ကေ့စ်ဟုတ်၊ မဟုတ်ကို ပိုပြောနိုင်ပါလိမ့်မယ်။ ကျူးလွန်တဲ့ကိစ္စတွေကို တရားခွင်မှာတိုက်ဆိုင်စစ်ဆေးတဲ့အခါမှာ အကြမ်းဖျင်းနားလည်သလောက် ရည်ရွယ်ချက်ရှိရှိ (intent) ကျူးလွန်တာနဲ့ သာမန်လား၊ မတော်တဆလား စတာတွေကို ဆန်းစစ်လေ့ရှိကြပါတယ်။ 

လူသတ်မှုတစ်ခုကျူးလွန်တဲ့အခါ သေစေလောက်တဲ့ ချက်ကောင်းကို ထိုးနှက်တာ၊ ကြိမ်ရေနဲ့ကျူးလွန်ပုံတွေကို အသေးစိပ်လေ့လာပြီးမှ ကောက်ချက်ချကြရတာဖြစ်ပါတယ်။ အဲဒီတော့မှ ဒါက ရည်ရွယ်ချက်ရှိ (intent) ရှိလုပ်တာလား၊ သာမန်လူသတ်မှုလား၊ မတော်တဆမှုလား ဆိုတဲ့ ဒီဂရီကို ပိုင်းဖြတ်ကြတာပါ။ ဒီဟာက အင်မတန်အရေးကြီးပါတယ်။ ဒီဂရီပြင်းထန်ရင် အပြစ်ပေးတဲ့အခါ ပိုကြီးပါတယ်။ 

ခင်များတို့ intent ဆိုတဲ့စကားလုံးကို အင်မတန်ရင်းနှီးကြမှာပါ။ ဘာလို့ဆို ၂၀၁၇ တုန်းက ရိုဟင်ဂျာ ၇ သိန်းကျော်ကို အခု အာဏာသိမ်းထားတဲ့ စစ်တပ်က မောင်းထုတ်ခဲ့တာဟာ ရည်ရွယ်ချက်ရှိရှိ ကျူးလွန်ပါတယ်လို့ ဂမ်ဘီယာ ရှေ့နေတွေဘက်က နိုင်ငံတကာတရားရုံး (ICJ) မှာ လျှောက်ခဲ့တာဖြစ်ပါတယ်။ NLD ဒေါ်အောင်ဆန်းစုကြည်တို့ ငှားထားတဲ့ ရှေ့နေ ဝီလီယံရှဘတ်စ်ကတော့ intent မဟုတ်ဘူးဆိုတာကို ပြန်ချေပခဲ့တာ ဟိုးလေးတကျော်ပါ။ 

ဒီလောက်ဆိုရင် သမားရိုးကျအမှုလား၊ ရည်ရွယ်ချက်ရှိရှိ ကျူးလွန်လားဆိုတဲ့ ကိစ္စပေါ်လွင်ပြီလို့ထင်ပါတယ်။ မုဒိန်းမှုကျူးလွန်တယ်ဆိုကတည်းက ပြုကျင့်ချင်တဲ့ရည်ရွယ်ချက်လို့ဖြစ်တာပါ။ လူသတ်မှုလိုမျိုး မတော်တဆဆိုတဲ့ အယူအဆတော့ ဖြစ်နိုင်ခြေအင်မတန်နည်းပါတယ်။ ဒါပေမဲ့ သမားရိုးကျနဲ့ ရည်ရွယ်ချက်ဆိုတဲ့ ကိစ္စနှစ်ခုဟာ မတူပါ။ 

သမားရိုးကျမဟုတ်ဘူးဆိုတဲ့ စကားရပ်ကို ဘယ်လိုအနေအထားမှာသုံးပါလဲ။ ဥပမာ မုဒိန်းကို လက်နက်သဖွယ်အသုံးပြုတဲ့အဖွဲ့အစည်းမျိုးတွေနဲ့ပတ်သတ်ရင် သုံးပါတယ်။ စစ်တပ်က တိုင်းရင်းသားဒေသ အသီးသီးမှာ အမျိုးသမီးတွေကို ကလေးအမေက အစ မုဒိန်းကျင့်တာတွေဟာ စည်းစနစ်တကျ ကျူးလွန်တဲ့ သမားရိုးကျမဟုတ်တဲ့ အမှုတွေဖြစ်ပါတယ်။ 

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ တပ်မတော်ကို မုဒိန်းတပ်လို့ လူသိများကြပါတယ်။ စစ်သားတွေဟာ လက်နက်အားကိုးနဲ့ မုဒိန်းမှုကို အုပ်စုလိုက်ကျူးလွန်တာရော တစ်ဦးတစ်ယောက်တည်း ကျူးလွန်တာရော အများကြီးရှိပါတယ်။ ဒီလိုကျူးလွန်ပေမယ့် ပြစ်ဒဏ်ကင်းလွတ်ပြီးတော့ ထပ်တလဲလဲ ကျူးလွန်ကြလို့ မုဒိန်းတပ်လို့နာမည်ကြီးတာပါ။ ဒီကျူးလွန်မှုတွေဟာ အဖွဲ့အစည်းကနေ စနစ်တကျကျူးလွန်တာ (institutionalized) ဖြစ်ပါတယ်။ ဒါဟာ သမားရိုးကျကေ့စ် မဟုတ်တော့ပါ။ 

ဒါကြောင့် ဘူးသီးတောင်က မုဒိန်းမှုဟာ အရပ်သားအချင်းချင်းကျူးလွန်တဲ့ သာမန်ရာဇဝတ်မှုတစ်ခုသာဖြစ်ပါတယ်။ ဒီနေရာမှာ ရခိုင်တစ်ဦးက တခြားလူမှုအဖွဲ့အစည်းက တစ်ယောက်ယောက်ကို အလားတူအမှုကျူးလွန်ရင်လည်း သမားရိုးကျအမှုသာဖြစ်ပါလိမ့်မယ်။ သြဇာကြီးမားတဲ့အဖွဲ့အစည်းက ကျူးလွန်ရင်တော့ စွပ်စွဲခံရနိုင်တာတွေ ရှိလာနိုင်ပါတယ်။ 

လူ့အခွင့်ရေးချိုးဖောက်ခံရမှု မဟုတ်ဘူးလားဆိုတဲ့ မေးခွန်းကို ဆက်ပါမယ်။ မုဒိန်းမှုဟာ လူ့အခွင့်ရေးချိုးဖောက်တာထက် ပိုပြီးဆိုးရွားတဲ့ ရာဇဝတ်မှုဆိုတာကို မမေ့သင့်ပါ။ လူ့အခွင့်ရေးချိုးဖောက်တယ်ဆိုတဲ့ ကိစ္စမှာ ဒီဂရီ အမျိုးမျိုးရှိပါမယ်။ Domestic violence အိမ်တွင်းအကြမ်းဖက်မှု/ gender equality ဂျန်ဒါတန်းတူညီမျှမှု (ဥပမာ အခြောက်တွေကို သရော်တာ၊ ခွဲခြားဆက်ဆံတာတွေကအစ လူ့အခွင့်ရေးချိုးဖောက်မှုမြောက်ပါတယ်)။ 

လိင်ပိုင်းဆိုင်ရာကိစ္စကို ဆက်ပါမယ်။ ကျနော်တို့ဟာ လူတွေဖြစ်တာမလို့ နေ့စဉ်လူမှုဘဝမှာ အရွယ်ရောက် အိမ်ထောင်ပြုသူတွေက လိင်ဆက်ဆံရေးရှိကြပါတယ်။ ဒါဟာ တစ်ဦးနဲ့တစ်ဦး ကြည်ဖြူလို့ဖြစ်ကြတဲ့ ကိစ္စပါ။ အိမ်ထောင်ဘက်ဖြစ်တယ်ပဲထားဦး၊ အမျိုးသမီးက မကြည်ဖြူတာကို ယောကျာ်းဖြစ်သူက အတင်းလုပ်ဖို့ကြိုးစားရင်၊ အိမ်ထောင်ရေးအဆင်မပြေချိန်မှာ အတင်းအဓမ္မလုပ်ဖို့ကြိုးစားရင် "မုဒိန်းမှု" မြောက်ပါတယ်။ 

Domestic violence အိမ်တွင်းအကြမ်းဖက်မှုဆိုရာမှာ အနုနည်းနဲ့ကျူးလွန်တာ (mild form) ဆိုတဲ့အထိရှိပါတယ်။ ဥပမာ အမျိုးသမီးကို စိတ်ဒဏ်ရာရစေတဲ့အထိ ကန့်သတ်ချုပ်ခြယ်မှုတွေ၊ ရိုက်နှက်မှုတွေဟာ လူ့အခွင့်ရေးချိုးဖောက်ခံရမှုထဲမှာ အကျုံးဝင်ပါတယ်။

တချို့ကတော့ အမျိုးသမီးအခွင့်ရေးချိုးဖောက်ခံရမှုလို့သတ်မှတ်ပါတယ်။ လူ့အခွင့်ရေးချိုးဖောက်ခံရတဲ့ ကိစ္စမှာ တစ်ဦးတစ်ယောက်ချင်းကျူးလွန်ပုံနဲ့အဖွဲ့အစည်းလိုက်ကျူးလွန်တဲ့ ပြစ်မှုတွေ စကားလုံးရွေးချယ် သတ်မှတ်မှုတွေကလည်း ဒီဂရီကွာတာတွေရှိပါတယ်။ 

သေချာထပ်ပြောပါမယ် ဘူးသီးတောင်မုဒိန်းကိစ္စကို ဘာသာရေး လူမျိုးရေးအသွင်ဆောင်တာတွေကို မပြောကြဖို့ အထူးအရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီလိုပြောခြင်းက လူတွေရဲ့စိတ်ခံစားမှုကို ဆွပေးရာရောက်ပြီးတော့ အုပ်စု တစ်ခုနဲ့တစ်ခု အပြန်အလှန် ရာဇဝတ်မှုကျူးလွန်ကြဖို့ တွန်းအားပေးရာရောက်လို့ဖြစ်ပါတယ်။ 

၂၀၁၂ တုန်းက တစ်ခါဖြစ်ခဲ့ပြီးပါပြီ။ ဒါကြောင့် ဆင်ခြင်ကြဖို့ နှစ်ဖက်အသိုင်းအဝိုင်းမှာတာဝန်ရှိပါတယ်။ လူမှုကွန်ယက်ပေါ်မှာ မွတ်စလင်တွေဘက်ကလည်း (exploit) လုပ်ဖို့ကြိုးစားတာရှိတာတွေ့ရသလို၊ ရခိုင်တွေဘက်ကလည်း ချဲ့ကားဖို့ပြောဆိုနေတာတွေရှိပါတယ်။ 


ဥပမာ ဘာမဆိုင် ညာမဆိုင် စွပ်စွဲတဲ့ ဒေါက်တာမောင်ဇာနည်ရဲ့ပြောဆိုချက်ဟာ ရခိုင်ကို ပြသနာတစ်ဖန်ဖြစ်စေဖို့ အားကောင်းစေပါတယ်။ သူရေးခဲ့တာ အင်္ဂလိပ်လိုရော၊ ဗမာလိုပါ နှစ်ခုရှိပါတယ်။ မောင်ဇာနည်ကို ဖာထေးပြောဆိုပေးနေကြတဲ့သူတွေက ဗမာလိုရေးလိုက်တာက "တစ်ခြားတစ်ယောက်ရဲ့ကုဒ်ကို ရှဲလိုက်တာ"လို့ဆိုတယ်။ ဒါဟာ မမှန်ပါဘူး။


ဆဲတဲ့အခါ ရခိုင်တစ်ခုလုံးကိုဆဲပြီး ပြန်တောင်းပန်တဲ့အခါ ရခိုင်ဆိုတဲ့နာမည်ကိုတောင် ထည့်မသုံးတာ သတိပြုမိပါတယ်။ ဘာပဲပြောပြော တောင်းပန်တယ်ဆိုတာ ကောင်းတဲ့ဓလေ့မို့လို ကြိုဆိုပါတယ်။ 

ပြသနာကိုချဉ်းကပ်တဲ့အခါ နှစ်ဘက်လုံးက အပြုသဘောဆောင်သင့်ပါတယ်။ မွတ်စလင်အသိုင်းဝိုင်းဘက်ကလည်း အသိုင်းအဝိုင်းနှစ်ခုကြား မယုံကြည်မှုစေတိုးစေမယ့် စကားလုံးတွေ ပြောဆိုချက်တွေကို ဆင်ခြင်သင့်ပါတယ်။ 

တချို့ဆိုရင် မုဒိန်းကိစ္စ မဖြစ်ခဲ့ဘူးဆိုတဲ့အထိ ပြောဆိုနေကြတာတွေ့တယ်။ ဒါတွေဟာအထောက်အကူမဖြစ်ပါဘူး။ မီးပုံကို ဓာတ်ဆီလောင်းရာနဲ့တူနေပါတယ်။ ဒီလိုပြသနာတွေဖြစ်လေ စစ်ကောင်စီက ကြိုက်လေပါ။ ဒါကြောင့် ပြသနာတစ်ခုဖြစ်ပွားတဲ့ ဖြေရှင်းနည်းကို အပြုသဘောဆောင်တဲ့ဘက်ကနေ နှစ်ဘက်လုံးက ချဉ်းကပ်ရမှာပါ။ အခုတွေ့နေရတာက နှစ်ဘက်လုံးက ဘူးဆို ဖရုံမသီးဆိုတဲ့အယူအဆတွေ စွဲကပ်နေတာကို စိတ်မကောင်းစွာတွေ့မြင်နေရပါတယ်။ 








 





 














Comments

KNPP သင်တန်းဆင်း လူငယ် ၇၀ ကျော်အဖမ်းခံရ

ဒေါ်လာတစ်သိန်းဝန်းကျင်ရှိတဲ့ မန္တလေး-ဗန်းမော်လက်နက်ဖမ်းခံရမှု (Fact-Check)

ကွန်ဖက်ဒရိတ်နဲ့ဖက်ဒရယ်ခြားနားချက်

မုဒိန်းကျင့်ခံရ၊ ထောင်လည်းကျခံရတဲ့ ကျောက်တော်သူ (Explanatory)