ကွန်ဖက်ဒရိတ်နဲ့ဖက်ဒရယ်ခြားနားချက်

အခုရှင်းပြချက်ကတော့  ကွန်ဖက်ဒရယ်ရှင်းနဲ့ဖက်ဒရယ်ကို ရှင်းရှင်းလင်းလင်း နားမလည်သေးတဲ့သူတွေအတွက် ရည်ရွယ်ပါတယ်။  

                                                         ကွန်ဖက်ဒရယ်ရှင်း

ကွန်ဖက်ဒရိတ်ဆိုတာ ကိုယ်ပိုင်အစိုးရ၊ လွှတ်တော်၊ တရားရေး စသဖြင့် သီးခြားအုပ်ချုပ်တာဖြစ်ပါတယ်။ တနည်းအားဖြင့် အာဏာဟာ ကွန်ဖက်ဒရိတ်ကျင့်သုံးတဲ့ပြည်နယ် သို့မဟုတ် နိုင်ငံဆီက လာပါတယ်။ ဆိုလိုတာက ဗဟိုအစိုးရရဲ့ဆုံးဖြတ်ချက်ကို လိုက်နာကျင့်သုံးရတဲ့ လက်ဝေခံပြည်နယ် သို့မဟုတ် အုပ်ချုပ်မှု စနစ်မဟုတ်ပါ။ ပါဝါဟာ ကွန်ဖက်ဒရိတ်ကျင့်သုံးတဲ့ နိုင်ငံသို့မဟုတ် ကွန်ဖက်ဒရိတ် ပြည်နယ်ကလာပါတယ်။

ပြည်ထောင်စုဆိုဆို၊ အထွေထွေအစိုးရခေါ်ခေါ်၊ ဗဟိုအစိုးရပဲ ဖြစ်ဖြစ် သို့မဟုတ် လွှတ်တော်က ပြဌာန်းလိုက်တဲ့ ဆုံးဖြတ်ချက်တွေကို ကွန်ဖက်ဒရိတ်ကျင့်သုံးတဲ့ တိုင်းပြည်သို့မဟုတ် ပြည်နယ်က လိုက်ပါဆောင်ရွက်ဖို့မလိုပါ။ 

ဘာလို့ဆို အဲဒီဆုံးဖြတ်ချက်တွေဟာ ဥပဒေတွေမဟုတ်ဘဲ တိုင်းပြည်ထဲရှိနေတဲ့ ပြည်နယ်အစိုးရတွေရဲ့သဘောတူညီမှုမျိုးနဲ့တူနေလို့ဖြစ်ပါတယ်။ အထွေထွေအစိုးရတစ်ရပ်ရဲ့ဆုံးဖြတ်ချက်ဟာလည်း သဘောတူညီမှုနဲ့သာသွားရတာဖြစ်ပြီး မဲများတဲ့အုပ်စုနိုင်တယ်ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့သွားရတာမျိုး မဟုတ်ပါ။ 

သဘောတူညီမှုနဲ့ ဥပဒေဟာ မတူညီပါ။ သဘောတူညီမှုဆိုတာ တစ်ပြည်နဲ့တစ်ပြည်နယ်ကြားထဲက မူအရတူညီမှုသာဖြစ်ပြီး၊ ဘာတွေလိုက်ပါပြီး မဖြစ်မနေဆောင်ရွက်ရမယ်ဆိုတဲ့ ဥပဒေပြဌာန်းချက်မဟုတ်ပါ။ ဥပမာ သက်ကြီးရွယ်အိုကို ဦးစားပေးတာ လူတွေကြားထဲ နားလည်ထားကြတဲ့ common sense ဖြစ်ပါတယ်။ ဥပဒေ မဟုတ်ပါ။ ဒါကြောင့် လူတိုင်းလိုက်လုပ်ချင်မှ လုပ်ပါမယ်။ ကားကို တစ်နာရီ မိုင် ၈၀ ထက်ပိုမောင်းရင် ဒဏ်ရိုက်တာကတော့ ဥပဒေဖြစ်ပါတယ်။ လူတိုင်းလိုက်နာရပါတယ်။ 

ကွန်ဖက်ဒရိတ်ကျင့်သုံးတယ်ဆိုတာ ပြည်နယ်တွေ သို့မဟုတ်  ကွန်ဖက်ဒရိတ်ကျင့်သုံးတဲ့ပြည်နယ်နဲ့ အိမ်နီးချင်းနိုင်ငံ သို့မဟုတ် ပြည်ထောင်စု အစိတ်အပိုင်းအဖြစ် ဘုံသဘောတူညီမှုလုပ်ဆောင်နိုင်တဲ့ အစိတ်အပိုင်းတချို့ကို ဆောင်ရွက်ကြတာမျိုးဖြစ်ပါတယ်။ ဥပမာ အားဖြင့် စစ်ရေး၊ သံတမန်ရေးနဲ့ စီးပွားရေး ကိစ္စတွေမှာဘုံသဘောတူညီချက်တချို့ထားရှိတာမျိုးဖြစ်ပါတယ်။ 

 UWSA ၀ တပ်ဖွဲ့ (Photo: Frontier)

စီးပွားရေး လုပ်ငန်းတွေ အခွန်အခတွေ ပညာရေးတွေ ဒါတွေအားလုံး ကိုယ်ပိုင်တည်ဆောက်ရတာဖြစ်ပါတယ်။ ဥပမာ ကတော့ UWSA ၀ ကိစ္စမှာ နိုင်ငံရေးအရ ပြည်မ လွှမ်းမိုးမှုကို မခံရပါဘူး။ သူ့ဟာသူ သီးခြားသဘောမျိုးနေပါတယ်။ အုပ်ချုပ်ရေးနဲ့အခွန်ကိစ္စ အ၀၀ဟာ ဝရဲ့လက်ထဲမှာပဲရှိပါတယ်။ 

ဒါပေမဲ့သူ့ကို ကွန်ဖက်ဒရိတ်လို့တော့ သတ်မှတ်ဖို့ခဲယဉ်းပါတယ်။ အဲဒီအင်္ဂါရပ် အပြည့်အစုံ ၀ မှာ မရှိပါ။ ဒါကြောင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသလို့သုံးနှုန်းကြတာလို့ နားလည်ရပါတယ်။ ၀ရဲ့ အားနည်းချက်က ဒီမိုကရေစီနိုင်ငံတွေလို လွှတ်တော်တွေ၊ နိုင်ငံရေးပါတီတွေရဲ့နိုင်ငံရေးလွတ်လပ်မှု အားနည်းတာပါ။ 

"ဝ" ကို အားကျတယ်လို့ လူငယ်ခြေတက် ရက္ခိုင့်တပ်တော် တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောဆိုဖူးပါတယ်။ ဒါပေမဲ့ ၀ ရဲ့နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေးလည်ပတ်မှုက ရခိုင်မြေနဲ့အများကြီးခြားနားပါတယ်။

တစ်ခါ ကွန်ဖက်ဒရိတ်နဲ့ ဆိုရှယ်ဒီမိုကရက်နိုင်ငံရေးလမ်းစဉ်နဲ့ ရခိုင်ကိုပြန်လည်ထူထောင်ချင်တယ်လို့လည်းဆိုထားပါတယ်။ ဒီနှစ်ခုက အခြေအနေ အများကြီးခြားနားပါတယ်။ လက်တွေ့မှာ AA က ဝလိုမျိုး ကိုယ်ပိုင်အုပ်ချုပ်ရေးကိုပဲ ဦးစားပေးမလား သို့မဟုတ် ကွန်ဖက်ဒရိတ်အတွက်သွားမလားဆိုတာ စောင့်ကြည့်ရဦးမှာပါ။ 

AA Chief Gen Tun Myat Naing

                                                              ဖက်ဒရယ်
ဖက်ဒရယ်ကတော့ အာဏာခွဲဝေမှု အပြည့်အ၀ မရှိပါဘူး။ ဖက်ဒရယ်ဆိုရာမှာ ကျင့်သုံးပုံ ပုံစံတွေက အမျိုးမျိုးပါ။ ကမ္ဘာ့နိုင်ငံပေါင်း ဒါဇင်နဲ့ချီပြီးတော့ ဖက်ဒရယ်ကိုကျင့်သုံးပါတယ်။ ဥပမာ ဂျာမနီတို့ အမေရိကန်တို့ အနီးစပ်ဆုံးဆိုရင် အိန္ဒိယတို့ရှိပါတယ်။ ပါဝါဟာ အမျိုးသားညီညွတ်ရေးအစိုးရဆိုဆို ဖက်ဒရယ် အစိုးရခေါ်ခေါ်  အဲဒီအစိုးရဆီကနေ ပြည်နယ်အစိုးရဆီကို တိုက်ရိုက်လာပါတယ်။ အပေါ်ကနေ အောက်ကိုဆင်းတဲ့သဘောပါ။ ပြည်နယ်အစိုးရဟာ လုပ်ပိုင်ခွင့်အကန့်အသတ်ရှိတဲ့သဘောပါ။ 

ဗဟိုအစိုးရက (အမေရိကမှာတော့ Federal Government ခေါ်တယ်)  အရေးကြီးတဲ့ ပြည်ထောင်စုတစ်ခုလုံးနဲ့ဆိုင်တဲ့ ရေးရာကိစ္စတွေကို တိုက်ရိုက်ကိုင်တွယ်ပါတယ်။ ဒါမှမဟုတ် ပြည်ထောင်စုထဲရှိတဲ့ Governor အစိုးရတွေရဲ့ သဘောထားရယူပြီးတော့မှ ဆောင်ရွက်တာမျိုးလည်းရှိပါတယ်။ စစ်ရေး၊ စီးပွားရေး၊ တရားရေးကဏ္ဍတွေကိုလည်း ဗဟိုအစိုးရ ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့အပိုင်းနဲ့ ပြည်နယ် Governor အစိုးရ ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့ အပိုင်းစသဖြင့် ပိုင်းခြားထားပါတယ်။ 

ဥပမာ Supreme Court လို ကိစ္စမျိုးတွေ၊ တစ်နိုင်ငံလုံးနဲ့ဆိုင်တဲ့ ဥပဒေတွေဟာ အဲဒီမှာ ဆုံးဖြတ်ရတာဖြစ်တယ်။ ပြည်နယ်အစိုးရတွေက ဆုံးဖြတ်ခွင့်ရှိတဲ့ အပိုင်းတွေကို သီးခြားပြဌာန်းပေးထားတယ်။ သူ့ပြည်နယ်နဲ့သူ ကျင့်သုံးပိုင်ခွင့်ရှိတယ်။ ဥပမာ အမေရိကမှာ သေနတ်ကို တချို့ပြည်နယ်မှာ အလက်အရေအတွက် အကန့်အသတ်မရှိကိုင်လို့ရပေမယ့် ပြည်နယ်အများစုမှာ ကန့်သတ်ထားတယ်။ 

အမေရိကမှာ ပြည်နယ်အစိုးရကို Governor လို့ခေါ်ပါတယ်။ စီမံကိန်းဖွံ့ဖြိုးရေးကိစ္စလိုဟာမျိုးကို ကောင်တီတွေက ကိုင်တွယ်ပြီးတော့၊ တရားဥပဒေစိုးမိုးရေးကို Sheriff ဆိုတဲ့ ရဲတစ်မျိုးက ကိုင်ပါတယ်။ သူက ကောင်တီအတွက် လုပ်ရတာဖြစ်ပြီး သူ့အာဏာစက်က ကောင်တီအတွင်းပဲသက်ရောက်ပါတယ်။ ကျနော်တို့ ရုပ်ရှင်တွေမှာတွေ့ဖူးတဲ့ FBI တို့ ဘာတို့ဆိုတာ ဖက်ဒရယ်အစိုးရ တိုက်ရိုက်ကိုင်တဲ့ဌာနဖြစ်ပါတယ်။ 

မြန်မာမှာ ဥပမာအားဖြင့် စီးပွားရေး အခွန်ဘဏ္ဍခွဲယူရာမှာ လွှတ်တော်ဆုံးဖြတ်ချက်တွေနဲ့အညီ သွားရတာမျိုးရှိပါတယ်။ ဆိုကြပါစို့ ကချင်မှာ ကျောက်စိမ်းထွက်လို့ ထွက်သမျှ ကျောက်စိမ်း ကချင်နဲ့ဆိုင်တယ်ဆိုတာထက် ရရှိလာတဲ့အခွန်အခတွေကို ပြည်ထောင်စုထဲမှာရှိတဲ့ တခြားပြည်နယ်တွေဘတ်ဂျက်အတွက်ပါ ခွဲဝေပေးရတာမျိုးဖြစ်ပါတယ်။

                                        ဗဟိုဦးစီးစနစ်နဲ့ မြန်မာအစိုးရဗားရှင်း  

မြန်မာနိုင်ငံမှာ ဦးသိန်းစိန်ခေတ်နဲ့ သမ္မတ ဦးထင်ကျော်၊ ဦးဝင်းမြင့်တို့ ၁၀ နှစ်သက်တမ်းမှာ ကျင့်သုံးခဲ့တာတွေဟာ ဖက်ဒရယ်စနစ်လည်းမဟုတ်ပါဘူး။ ဗဟိုဦးစီးကျင့်သုံးတဲ့ စနစ်သာဖြစ်ပါတယ်။ ပြည်ထောင်စု အခွန်အတုတ်တွေကို ကြံ့ခိုင်ရေး ဒါမှမဟုတ် NLD အစိုးရ ပြည်ထောင်စု ကတ်ဘိနက်က ရေးဆွဲပြီးတော့ ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြုရယူတာဖြစ်ပါတယ်။ 

ဒါကို နိုင်ငံရေးစနစ်အရဖြင့် ဒီမိုကရေစီလို့ခေါ်ကြပေမယ့် တကယ့်လက်တွေ့မှာတော့ ဗဟိုဦးစီးစနစ်နဲ့သာသွားခဲ့တာဖြစ်ပါတယ်။ ၂၀၀၈ အောက်မှာလည်း စစ်တပ်နဲ့ပတ်သတ်တာတွေကို တို့ထိလို့မရတာတွေ အများကြီးရှိပါတယ်။ ဒီထဲမှာ ဘတ်ဂျက်ကိစ္စလည်း တစ်ခုအပါအဝင်ပါ။ ဒါကြောင့် နိုင်ငံတကာက NLD ကို ဒီဖက်တိုအစိုးရ ( De Facto Govt) လို့ခေါ်ခဲ့ကြတာဖြစ်တယ်။ ဥပမာ ဒေါ်အောင်ဆန်းစုကြည်ကို De Facto Leader ဒီဖက်တိုခေါင်းဆောင်လို့သုံးနှုန်းကြပါတယ်။ 

ဒီလိုကန့်သတ်မှုများတဲ့အထဲမှာတောင် ဗဟိုဦးစီးစနစ် (centralization) ကို ဖြစ်အောင် ရယူတည်ဆောက်ခဲ့ကြပါသေးတယ်။ တနည်းအားဖြင့် ငါရတဲ့ မုန့်ဝိုင်းသေးလို့ မင်းတို့ဘက်ကို ဖဲ့ပေးတာ နည်းတယ်ဆိုတဲ့ သဘောသက်ရောက်ပါတယ်။ ငတ်တော့ ပိုရန်ဖြစ်ကြတဲ့ လူ့သဘာဝလို့လည်း ဆိုနိုင်ပါတယ်။ အားရှိတဲ့သူ နိုင်တာပေါ့။ 

ဘတ်ဂျက်တွေရေးဆွဲတဲ့အခါ ကြံ့ခိုင်ရေးနဲ့ NLD ကြီးစိုးခဲ့တဲ့ လွှတ်တော်ကနေ တစ်ဆင့်သွားပြီးတော့ အတည်ပြုချက်ရယူတယ်ဆိုတာမျိုး လုပ်ရပါတယ်။ အဲဒီအခါ လွှတ်တော်မှာ လူနည်းစုဖြစ်တဲ့ တိုင်းရင်းသားပါတီတွေက ဘာမှလုပ်ပိုင်ခွင့်မရှိပါ။ ဥပမာ လွှတ်တော်ထဲ အဆိုတင်တာတောင် NLD ပါတီက ဖြတ်သန်းခွင့်ပေးမှ တင်ခွင့်ရတာမျိုး ဖြစ်ပါတယ်။ ဒီလိုအတွေ့အကြုံကို ရခိုင်၊ ရှမ်း၊ ကချင်၊ ကရင်နီ လွှတ်တော်နိုင်ငံရေးသမားတွေအများကြီး ကြုံဖူးခဲ့ကြပါတယ်။ 

                                             ဝေဝါးနေဆဲ ဖက်ဒရယ်အာမခံချက်

အခုအချိန်ကတော့ စစ်တပ်အာဏာသိမ်းထားတဲ့အချိန်မလို့ အဲဒီအခြေအနေတွေထက် ပိုဆိုးတာကတော့ အားလုံးအသိပါ။ ဖက်ဒရယ်ကို သွားမယ်ဆိုရင် လူဦးရေများတဲ့ ဗမာတိုင်း ၇ တိုင်းက ဗဟိုအစိုးရအဖြစ် အုပ်ချုပ်မယ့်စနစ်အဖြစ် မြင်ယောင်နိုင်ပါတယ်။ ဒါတွေ ထပ်မဖြစ်အောင် အများကြီး ညှိကြရဦးမှာပါ။ 

NUG အစိုးရက မူအားဖြင့် ဖက်ဒရယ်အစိုးရနဲ့တပ်မတော်ပေါ်ပေါက်ရေးကို ချာတာအရ အာမခံချက်တွေပေးထားတာရှိပေမယ့် အသေးစိပ်ပြောဆိုရမယ့်အပိုင်းတွေက အများကြီးကျန်နေပါသေးတယ်။ EAOs တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ လက်ရှိ NUG ကြားမှာ ညှိနေရတဲ့အပိုင်းတွေထဲမှာ ဒီအပိုင်းတွေလည်း ပါမှာပါ။ 

ဒါကြောင့် ကျန်ပြည်နယ်တွေက ဥပဒေရေးရာ၊ အခွန်ရေးရာနဲ့ အုပ်ချုပ်မှု အာဏာခွဲဝေမှုတွေမှာ အကန့်အသတ် (ဥပမာ ဖက်ဒရယ်အခြေခံဥပဒေအရ သဘောတူညီမှုတွေနဲ့ကန့်သတ်ခြင်း) တွေနဲ့သွားရမှာဖြစ်ပါတယ်။ 

ကွန်ဖက်ဒရိတ်ကတော့ ဒီလိုအကန့်အသတ်တွေ ဘာမှ မရှိပါ။ တချို့က EU လည်ပတ်တဲ့ ပုံစံဟာ ကွန်ဖက်ဒရိတ်လို့ဆိုကြတာရှိသလို political union လို့လည်းဆိုကြပါတယ်။ ဒီနိုင်ငံတွေက အုပ်ချုပ်ရေး တရားဥပဒေပြုရေးနဲ့စီးပွားရေးကိစ္စတချို့ကို သီးခြားသွားပြီး တချို့ကိုတော့ ဘုံသဘောတူညီမှုအရ ဆောင်ရွက်ကြတာမျိုးရှိပါတယ်။ ဒါပေမဲ့ တစ်နိုင်ငံနဲ့တစ်နိုင်ငံ ဥပဒေအာဏာစက်အရ လွှမ်းမိုးစည်းနှောင်မှု မရှိကြပါ။  

အရေးကြီးတဲ့ နိုင်ငံတကာဆက်ဆံရေး၊ စီးပွားရေးကူးလူးဆက်သွယ်မှု၊ ငွေကြေးသတ်မှတ်မှုတွေကို ဘုံသဘောတူညီချက်တွေနဲ့သွားကြတာ ဥပမာ EU မှာတွေ့နိုင်ပါတယ်။ ကွန်ဖက်ဒရိတ်ကျင့်သုံးတဲ့ နိုင်ငံတွေက အဲဒီအစုအဖွဲ့ကနေ (General government or political union)အချိန်မရွေး ထွက်ခွာခွင့်ရှိပါတယ်။ ဥပမာ UK က အီးယူထဲကနေ ပြန်ဆုတ်တာမျိုးပါ။ 

                                               ဆားဘီးယား/ မွန်တီနီဂရိုး

ပိုမြင်သာတဲ့ ကွန်ဖက်ဒရိတ်ကျင့်သုံးတဲ့နိုင်ငံတချို့ကတော့ ဘယ်လ်ဂျီယမ်၊ ကနေဒါ၊ EU နဲ့ အမေရိကန်မြောက်ပိုင်းက ဌာနေတိုင်းရင်းသားဒေသ၊ ဆားဘီးယား၊ မွန်တီနီဂရိုးနဲ့ ဆွစ်ဇာလန်နိုင်ငံတို့ဖြစ်ပါတယ်။  ဆာဘီးယားနဲ့ မွန်တီနီဂရိုး ကိစ္စကို ဥပမာ ပေးလိုပါတယ်။ 

ဆားဘီးယား၊ မွန်တီနီဂရိုးလို့ နိုင်ငံသစ်တွေ မပေါ်ခင်က သူ့နိုင်ငံက ဖက်ဒရယ် ယူဂိုဆလားဗီးယား အစိုးရဖြစ်ပါတယ်။ ရန်ကုန်မှာတောင် သူ့သံရုံးရှိခဲ့ပါသေးတယ်။ ၂၀၀၃ ခုနှစ်မှာတော့ ကွန်ဖက်ဒရေးရှင်းကျင်သုံးတဲ့ ရီပါ့ပလစ် ဆားဘီးယား-မွန်တီနီဂရိုးနိုင်ငံ (political union) အဖြစ် ပေါ်ထွက်လာခဲ့ပါတယ်။ 

ဆားဘီးယားရော၊ မွန်တီနီဂရိုး နှစ်ခုလုံးက ကုလသမဂအဖွဲ့ဝင် (UN) နိုင်ငံတွေဖြစ်ကြပါတယ်။ ဆားဘီးယားကတော့ ၂၀၀၀ ခုနှစ်ကတည်းက ဝင်ရောက်ထားတာဖြစ်ပြီး မွန်တီနီဂရိုးကတော့ ၂၀၀၆ လောက်မှဝင်ခဲ့ပါတယ်။ အဲဒီနှစ်ဟာ ဆားဘီးယားကနေ မွန်တီနီဂရိုခွဲထွက်ဖို့ ပြည်လုံးကျွတ်မဲဆန္ဒခံယူတဲ့နှစ်လည်းဖြစ်ပါတယ်။ ၅၅.၅ ရာခိုင်နှုန်းကျော်မဲအသာနဲ့ မွန်တီနီဂရိုးခွဲထွက်ခွင့်ရခဲ့ပါတယ်။ 

စီးပွားရေးပေါ်လစီတွေကလည်း သီးခြားမူဝါဒတွေရှိကြပါတယ်။ ငွေကြေးအနေနဲ့ ယူရိုငွေကို မွန်တီနီဂရိုးမှာသုံးစွဲပြီးတော့ ဆာဘီးယားကတော့ (Dinar) ဒနားငွေကိုသုံးပါတယ်။ ဆားဘီးယားနဲ့ မွန်တီနီဂရိုး နှစ်နိုင်ငံ သမိုင်းဆိုင်ရာရှုပ်ထွေးမှုတွေ နိုင်ငံရေးစနစ်တွေ၊ ခွဲထွက်တာတွေ၊ ငွေကြေးကိစ္စအပြည့်အစုံကို ဒီလင့်မှာ ဖတ်ရှုနိုင်ပါတယ်။ 

https://www.refworld.org/docid/3ae6a6db14.html

ကွန်ဖက်ဒရယ်ရှင်းနဲ့ပတ်သတ်တဲ့ အားနည်းချက်တွေကိုလေ့လာချင်ရင်တော့ အမေရိကန်ပြည်တွင်းစစ်ဖြစ်တဲ့ ကာလတွေကို ပြန်ကြည့်နိုင်သလို၊ ယူဂိုဆလားဗီးယားကိစ္စကလည်း နမူနာကောင်းတစ်ခုဖြစ်ပါတယ်။ အမေရိကန်ပြည်တွင်းစစ်အတွေ့အကြုံကို ဒီမှာဖတ်လို့ရပါတယ်။ 

https://www.loc.gov/classroom-materials/united-states-history-primary-source-timeline/new-nation-1783-1815/policies-and-problems-of-the-confederation-government/

အမေရိကန်နဲ့ယူဂိုဆလားဗီးယား မတူညီတာကတော့ ယူဂိုဆလားဗီးယားဟာ သီးခြားအစိုးရ နိုင်ငံငယ်တွေ ပေါ်ပေါက်လာပြီးတော့ အမေရိကန်ကတော့ ကွန်ဖက်ဒရေးရှင်းကိစ္စကနေတစ်ဆင့် ဖက်ဒရယ်အစိုးရအဖြစ် The United States of America အဖြစ် မြင်တွေ့နိုင်ပါတယ်။ 





Comments

KNPP သင်တန်းဆင်း လူငယ် ၇၀ ကျော်အဖမ်းခံရ

တော်လှန်ရေးနယ်မြေထဲက အန္တရာယ်ကိုဖိတ်ခေါ်သော ဓာတ်ပုံများ

ဒေါ်လာတစ်သိန်းဝန်းကျင်ရှိတဲ့ မန္တလေး-ဗန်းမော်လက်နက်ဖမ်းခံရမှု (Fact-Check)