စစ်ကောင်စီကို တရုတ်-အာဆီယံ နှစ် ၃ဝပြည့်နေ့သို့ တရုတ်ဖိတ်ကြား (Explanatory)

တရုတ်သံအမတ် ချင်းဟိုင် (Chen Hai)နဲ့စစ်ကောင်စီ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ဇွန်လ ၅ ရက်နေ့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။ 

Chinese Ambassador Chein Hai

ဆွေးနွေးတဲ့အခါ တရုတ်-အာဆီယံ ဆက်ဆံရေး နှစ် ၃၀ ပြည့်အခမ်းအနားကိစ္စ ပါဝင်ပါတယ်။ တရုတ်နိုင်ငံမှာကျင်းပမယ့် အဲဒီအခမ်းအနားကို စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဖို့အတွက် ဆွေးနွေးတယ်လို့ သုံးသပ်ရပါတယ်။ ကျန်တဲ့သုံးချက်ကတော့ တရုတ်- မြန်မာချစ်ကြည်ရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး၊ နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးကိစ္စတွေလို့ ဖော်ပြထားပါတယ်။ 

ပူးပေါင်းဆောင်ရွက်ရေးဟာ သံတမန်စကားလုံးဖြစ်ပြီး ကျယ်ပြန့်တဲ့အဓိပ္ပာယ်ရှိပါတယ်။ ဒါကြောင့် စီးပွားရေး၊ စစ်ရေးနဲ့စီမံကိန်းကိစ္စတွေ ပါဝင်မယ်လို့ယူဆရပါတယ်။ နယ်စပ်ကိစ္စကို ဆွေးနွေးတယ်လို့ပြောတဲ့အတွက် ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်ကိစ္စ ပါဝင်မယ်လို့ ယူဆရပါတယ်။ 

သံတမန်စကားက ဝေ့ဝိုက်တာကြောင့် တကယ့်လက်တွေ့မှာ ဟုတ်ချင်မှလည်း ဟုတ်မှာပါ။ ဥပမာ စစ်ကောင်စီဘက်က တစ်ဘက်တည်းတောင်းဆိုတာကို ဆိုလိုတာလည်းဖြစ်နိုင်ပါတယ်။ 

ဒါပေမဲ့ တရုတ်သံအမတ်သွားရောက်တွေ့ဆုံပြီးတော့ စစ်ကောင်စီဥက္ကဌကို တရုတ်ကိုလာရောက်ဖို့ဖိတ်တယ်ဆိုတာဟာ တစ်နည်းအားဖြင့် အာဏာသိမ်းစစ်ကောင်စီကို တရားဝင်အဖြစ် အသိအမှတ်ပြုရာလည်း ရောက်ပါတယ်။ 

တရုတ်သံရုံးဘက်ကလည်း ဒီကိစ္စကို သတင်းထုတ်ပြန်ပါတယ်။ ဒါပေမဲ့ မနက်အစောကြီး ၃ နာရီလောက်မှာ ထပြီးတော့ တင်ပါတယ်။ ဒီအချိန်ဟာ လူတွေအိမ်မောကျဆဲအချိန်ဖြစ်ပါတယ်။ 

တွေ့ဆုံပွဲမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒေသတွင်းတည်ငြိမ်ရေးအတွက် အာဆီယံနဲ့အတူတကွလုပ်ဆောင်ချင်တဲ့အကြောင်း တရုတ်သံအမတ်ကိုပြောခဲ့တယ်လို့ ဖော်ပြထားပါတယ်။ တရုတ်ဟာ မြန်မာအတွက် အရေးကြီးတဲ့အိမ်နီးချင်းနိုင်ငံဖြစ်တယ်လို့ မြန်မာက ရှုမြင်ကြောင်းနဲ့ဆက်သွယ်ရေးလမ်းကြောင်းတွေ ဆက်ရှိနေဖို့စိတ်အားထက်သန်ကြောင်းလည်း ဖော်ပြထားပါတယ်။ 

Photo: Chinese embassy (2019)  

တရုတ်ဘက်ကလည်း မြန်မာနိုင်ငံမှာ တည်ငြိမ်အေးချမ်းရေးကို အမြန်ဆုံးဖော်ဆောင်နိုင်ဖို့မျှော်လင့်တယ်လို့ဆိုတယ်။ အာဆီယံနဲ့မြန်မာကြားက ရယူထားတဲ့သဘောတူညီမှုကိုအကောင်အထည်ဖော်ဖို့လည်း ထောက်ခံတယ်လို့ဆိုတယ်။ ဒီအရေးမှာ တရုတ်က အရေးကြီးတဲ့အခန်းကဏ္ဍကနေအနေနဲ့ပါဝင်မယ်လို့ဆိုတယ်။ 

တရုတ်ပြောတဲ့ တည်ငြိမ်အေးချမ်းရေးက နှစ်မျိုးရှိနိုင်ပါတယ်။ လက်ရှိ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့  စစ်ကောင်စီ SAC တွေ့ဆုံဆွေးနွေးပြီး ငြိမ်းငြိမ်းချမ်းချမ်း အဆုံးသတ်ဖို့၊ ဒါမှမဟုတ် စစ်ကောင်စီက အပြတ်ထိန်းချုပ်နိုင်တာမျိုးလို့နားလည်ရပါတယ်။ 

လတ်တလော NUG အနေနဲ့တရုတ်နဲ့ဆက်ဆံရေးလမ်းကြောင်း ရှိ၊ မရှိတော့ မသိရသေးပါဘူး။ ပြီးခဲ့တဲ့ရက်ပိုင်းမှာတော့ အာဆီယံရဲ့ကြားခံဆောင်ရွက်တဲ့အစီအစဉ်ကို အယုံအကြည်မရှိဘူးလို့ NUG အစိုးရဲ့ဝန်ကြီးတစ်ပါးက ပြောဆိုထားတာရှိပါတယ်။ 

အာဆီယံနဲ့မြန်မာသဘောတူညီချက်ကို အကောင်အထည်ဖော်ဖို့ဆိုရာမှာ အရင်တစ်ခေါက် အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမှာတွေ့ဆုံခဲ့တဲ့ ကိစ္စကို ရည်ညွန်းတယ်လို့နားလည်ရပါတယ်။ ဒါကြောင့်တရုတ်ဟာ အာဆီယံကို ကြားခံထားပြီး မြန်မာအရေးကို သူက နောက်ကွယ်ကနေ တဖုံ၊ တည့်တည့်တမျိုး တိုက်ရိုက်ပါဝင်နေဦးမယ့်သဘောဖြစ်ပါတယ်။

တရုတ်သံရုံးရဲ့ထုတ်ပြန်ချက်မှာ နှစ် ၃၀ ပြည့်အခမ်းအနားကို ဖော်ပြထားခြင်းမရှိပါဘူး။ ဒါဟာ အထူးသဖြင့် မြန်မာနိုင်ငံက ဒီမိုကရေစီလိုလားသူတွေရဲ့ ပြင်းထန်တဲ့ တုံ့ပြန်မှုကို ရှောင်ချင်တဲ့သဘောဖြစ်ပါတယ်။ 

လာမယ့် နှစ် ၃၀ ပြည့်အခမ်းအနားမှာ တရုတ်ဟာ အာဆီယံနဲ့ မြန်မာကို ပေးတွေ့ပြီးတော့ စကားပြောခိုင်းမယ့် အခမ်းအနားအဖြစ် ရည်ရွယ်ထားပုံတယ်လို့ သုံးသပ်ရပါတယ်။ 


  


 

Comments

KNPP သင်တန်းဆင်း လူငယ် ၇၀ ကျော်အဖမ်းခံရ

တော်လှန်ရေးနယ်မြေထဲက အန္တရာယ်ကိုဖိတ်ခေါ်သော ဓာတ်ပုံများ

ကွန်ဖက်ဒရိတ်နဲ့ဖက်ဒရယ်ခြားနားချက်

ဒေါ်လာတစ်သိန်းဝန်းကျင်ရှိတဲ့ မန္တလေး-ဗန်းမော်လက်နက်ဖမ်းခံရမှု (Fact-Check)