မုဒိန်းကျင့်ခံရ၊ ထောင်လည်းကျခံရတဲ့ ကျောက်တော်သူ (Explanatory)

အသက် ၅၀ ဆယ်ကျော်အရွယ် ဒေါ်ဖြူမေ (အမည်လွဲ) ဟာ ၂၀၂၀ ခုနှစ် မတ်လ နောက်ဆုံးအပတ်လောက်မှာရခိုင်ပြည်နယ်မြောက်ပိုင်း ကျောက်တော်မြို့နယ်က စကခ (၉) မှာ ၃ ရက်ချုပ်နှောင်ခံခဲ့ရပါတယ်။ တစ်ရက်မှာ ထိပ်တုံးခတ်ထားတဲ့သူ့ကို တပ်မတော်သားတစ်ဦးက ခေါင်းပေါ်ရေလောင်းပြီး စစ်ဆေးပါတယ်။ 

စစ်တပ်က ဒေါ်ဖြူမေကို ရက္ခိုင့်တပ်တော် (AA) နဲ့ဆက်စပ်သူအဖြစ်စွပ်စွဲပြီး ကျေးရွာတစ်ခုကနေ ဖမ်းဆီးခဲ့တာပါ။ ထမင်းမစားတာ ၂ ရက်ရှိပြီမို့ ပေးလာတဲ့ ရေပုလင်းကို သူယူသောက်ခဲ့ပါတယ်။ ရုတ်တရက် မူးဝေလာပြီး ခဏလေးအတွင်းမှာပဲ ဒေါ်ဖြူမေ အိပ်ပျော်သွားခဲ့ပါတယ်။

Photo: Reuters 

နောက်နေ့မနက်  ပြန်နိုးလာချိန်မှာတော့ သူ့ရဲ့အောက်ပိုင်းတစ်ခုလုံး ကိုက်ခဲနေပြီး ရေမဟုတ်တဲ့အရည်တွေစိုရွှဲနေပါတော့တယ်။ ဒေါ်ဖြူမေဟာ အိမ်ထောင်သည်မဟုတ်ပါ။ သူ သဘောပေါက်လိုက်ချိန်မှာတော့ ရှိုက်ကြီးတငင် ငိုကြွေးပါတော့တယ်။  အခန်းကျဉ်းထဲ ထိပ်တုံးခတ်ခံထားရတဲ့ သူ့အသံ ဘယ်သူမှမကြားနိုင်တော့ပါ။  

၂၀၂၀ မတ်၊ ဧပြီ၊ မေ လတွေဟာ ရက္ခိုင့်တပ်တော် AA နဲ့ လက်ရှိ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ အာဏာသိမ်းစစ်ကောင်စီတို့ တိုက်ပွဲပြင်းထန်နေတဲ့ကာလဖြစ်တာမို့ အစစ်အဆေးလည်းကြမ်းပါတယ်။ မသင်္ကာရင် ရမ်းသမ်းပစ်ခတ်တာကြောင့် နွားကျောင်းသူတွေတောင် စစ်တပ်နဲ့နီးတဲ့ လယ်ကွင်းထဲ မဆင်းရဲကြပါ။ 

မူးဝေပြီး အိပ်ပျော်သွားလို့ ဒေါ်ဖြူမေက ဘယ်သူ ဘယ်ဝါ၊ ဘယ်နှစ်ဦးပြုကျင့်တယ်ဆိုတာ မသိလိုက်ပါဘူး။ ပြုကျင့်ခံရတဲ့ ဒဏ်ကြောင့် ကိုယ်လက်ကိုက်ခဲလို့ ကျောက်တော်ဆေးရုံမှာ အချုပ်သားအဖြစ် ဆေးကုသမှုခံယူခဲ့ပါသေးတယ်။ 

 #MoreMrontVlog က ကျောက်တော်ဆေးရုံရဲ့ လူနာမှတ်တမ်းကို စုံစမ်းကြည့်ရာမှာ ဒေါ်ဖြူမေ (အမည်လွဲ) ရဲ့ နာမည်ကို မတွေ့ရပါဘူး။ အကြောင်းကတော့ အရှက်အကြောက်ကြီးသူဖြစ်တဲ့ ဒေါ်ဖြူမေက သာမန်ဆေးကုသမှုခံယူသူအဖြစ် ပြောခဲ့တာကြောင့်ပါ။  ရှေ့နေနဲ့ တခြားလူ့အခွင့်ရေးအဖွဲ့အစည်းတွေက သူ့ကို ချဉ်းကပ်ခဲ့ပေမယ့် ရဲတွေရှေ့မှာပဲ စကားပြောခွင့်ရတဲ့ ဒေါ်ဖြူမေအဖို့ အခွင့်မသာခဲ့ပါဘူး။ 

                                                               ဒုက္ခသည် ဒေါ်ဖြူမေ အဖမ်းခံရပုံ 

ဒေါ်ဖြူမေဟာ ထောင်ချီတဲ့ (၂၀၁၈-၂၀၂၀) ၂ နှစ်တာ စစ်ဒုက္ခသည်တွေထဲက တစ်ဦးပါ။ သူဟာ ရက္ခိုင့်တပ်တော် (AA) နဲ့ တပ်မတော်တို့ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားလေ့ရှိတဲ့ ကျောက်တော်နယ်ကဖြစ်ပြီး ကျောက်တော်မြို့ပေါ်မှာ စစ်ဘေးရှောင်နေသူဖြစ်ပါတယ်။  

မတ်လ၊ ဧပြီလတွေတုန်းက တိုက်ပွဲတွေပြင်းထန်နေလို့ မျက်တောင်၊ သာစည်၊ မာလာ၊ ဒက်ဖြူ၊ တင်းမကျေးရွာသားတွေ (စစ်တပ်က ရွာလုံးကျွတ် မီးရှို့လိုက်တဲ့ရွာ) ကျောက်တော်မြို့ပေါ်ကို ထွက်ပြေးနေရချိန်ဖြစ်ပါတယ်။  တိုက်ပွဲရက်အနည်းငယ်စဲသွားတဲ့အချိန် စက်လှေနဲ့ရွာပြန်ပြီ ဒေါ်ဖြူမေတစ်ယောက် ပစ္စည်းသွားယူရာမှာ ကြမ္မာဆိုးဝင်ပါတော့တယ်။ 

စစ်တပ်မီးရှိုးလိုက်တဲ့ ကျောက်တော် တင်းမရွာ

ဒေါ်ဖြူမေအပါအဝင် ၄ ဦးဟာ ထင်းစည်းတွေတင်ထားတဲ့ စက်လှေကို မောင်းနေချိန်မှာ တပ်မတော်စစ်ကြောင်းနဲ့ပက်ပင်းတိုးပါတယ်။ စစ်ကြောင်းက လက်နက်ကြီး လက်နက်ငယ်တွေနဲ့ပစ်ခတ်လို့ စက်လှေပေါ်က အမျိုးသားနှစ်ဦး ကျည်ထိပါတယ်။ ကျန်တစ်ဦးနဲ့သူက စက်လှေကိုချောင်းထဲမှာ ဆင်းပြီးတွန်းလာရင်းနဲ့ ဖမ်းဆီးခံရပါတယ်။ 

ကျည်ထိထားတဲ့ နှစ်ယောက်ထဲက တစ်ယောက်ဟာ စစ်ကြောရေးမှာ အကြမ်းဖက်နှိပ်စက်ခံရပြီးတော့ သေဆုံးသွားခဲ့ပါတယ်။ ( အဖမ်းခံရတဲ့ နေ့စွဲတွေကို အတိအကျထည့်မရေးတာဟာ ကာယကံရှင်ကို လွယ်လင့်တကူ မသိစေချင်တာကြောင့်ပါ။) 

စစ်တပ်ရဲ့ တရားလတ်လွတ်သတ်ဖြတ်မှုကို ရခိုင်လူ့အခွင့်ရေးအဖွဲ့တွေက နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ဦးစီးတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရက ဖွဲ့စည်းပေးထားတဲ့ အမျိုးသားလူ့အခွင့်ရေးကော်မရှင်ကို တိုင်ကြားခဲ့ကြပါသေးတယ်။ ဒါပေမဲ့ အရေးယူမှုတစ်စုံတစ်ရာ မရှိခဲ့ပါဘူး။ 

လူ့အခွင့်ရေးကော်မရှင်က သေဆုံးသူဟာ "အုတ်နံရံကို ခေါင်းနဲ့တိုက်ပြီး ကိုယ့်ကိုကိုယ် အဆုံးစီရင်တယ်" လို့ အကြောင်းပြန်ခဲ့တဲ့အကြောင်း တိုင်ကြားခဲ့တဲ့အဖွဲ့အစည်းတစ်ခုက MoreMrontVlog ကိုပြောပြပါတယ်။  

စစ်ကြောင်းက ဒေါ်ဖြူမေတို့ကို သာစည်နဲ့ မျက်တောင်ရွာမှာတစ်ည၊ ခေါင်းတုတ်မွတ်စလင်ကျေးရွာက ဗလီမှာတစ်ည လက်ပြန်ကြိုးတုပ်ပြီး ချုပ်နှောင်ထားခဲ့ပါတယ်။ သာစည်ကျေးရွာမှာ ဖမ်းဆီးခံရသူတွေကို ထင်းချောင်းတွေနဲ့ ထုထောင် ရိုက်နှက်စစ်ဆေးခဲ့ကြပါတယ်။ 

အဲဒီကနေ ကျောက်တော် စကခ (၉) ထဲမှာ ဆက်လက်စစ်ဆေးရာမှာ ဒေါ်ဖြူမေ မုဒိန်းကျင့်ခံလိုက်ရတာဖြစ်ပါတယ်။ မတ်လ ကုန်ပိုင်းမှာ စကခ (၉) က ကျောက်တော်စခန်းသို့လွဲပြောင်းပေးခဲ့ပါတယ်။ 

ဒေါ်ဖြူမေ အပါအဝင် ကျန် ၃ ဦးဟာလည်း အကြမ်းဖက် ပုဒ်မနဲ့စွပ်စွဲခံရပြီး ထောင်အသီးသီးကျသွားခဲ့ကြပါတယ်။ ကျောက်တော်က နယ်မြို့ဖြစ်တာမို့ ခရိုင်မြို့ဖြစ်တဲ့ မြောက်ဦးသို့ အမှုလွဲပြောင်းပြီး တရားရုံးထုတ်ခဲ့ကြပါတယ်။ ဒေါ်ဖြူမေဟာ မုဒိန်းကျင့်ခံရပြီး ထောင်လည်းကျသွားခဲ့ပါတယ်။ 

                                                              တရားမျှတမှု ဘယ်သူရှာပေးမလဲ 

ရခိုင်လူထု သိန်းချီ စစ်ဘေးသင့်၊ ရာချီသတ်ဖြတ်ခံရ၊ စစ်တပ်ရဲ့မုဒိန်းမှုတွေ အပြီးမှာတော့ မထင်မှတ်ထားတဲ့အလှည့်အပြောင်းဖြစ်လာပါတော့တယ်။ ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းပြီး သိပ်မကြာခင်မှာတော့ စစ်တပ်ဟာ ရက္ခိုင့်တပ်တော် AA ကို အကြမ်းဖက်အဖွဲ့အဖြစ် ပယ်ဖျက်ပေးခဲ့ပါတယ်။ 

တစ်ဖက်မှာတော့ တစ်နိုင်ငံလုံး ပူဆွေးရတဲ့နေရက်တွေကို ဦးတည်လာခဲ့ပါတယ်။  တချိန်က ရခိုင်အရေးနဲ့ အလွမ်းသင့်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ပါတီထိပ်ပိုင်းခေါင်းဆောင်တွေကို အဲဒီစစ်တပ်ကပဲ ဖမ်းဆီးပြီး ပုဒ်မမျိုးစုံတပ်ကာ ဖမ်းဆီးခဲ့တာပါ။ 

အာဏာသိမ်းစစ်တပ်က AA နဲ့ စာချုပ်စာတမ်းမပါတဲ့ ယာယီအပစ်ရပ်စဲမှုကို စတင်ခဲ့တာ အခုဆိုရင် ၈ လထဲ ဝင်လာပါပြီ။ AA ကို အကြမ်းဖက်အဖျက် ပယ်ဖျက်ပေးတာကြောင့် အကြမ်းဖက်ပုဒ်မနဲ့ အစွဲခံထားရတဲ့ ဒေါ်ဖြူမေတို့ အဖွဲ့လည်း ၂၀၂၁ စက်တင်ဘာလထဲမှာပဲ  ပြန်လွတ်လာခဲ့ပါတယ်။ သူပြန်လွတ်ပေမယ့် အရှက်တရားဆိုတဲ့ စိတ်က ဒေါ်ဖြူမေကို အနိုင်ယူထားဆဲပါ။

ရခိုင်လူ့အခွင့်အရေးစောင့်ကြည့်တဲ့အဖွဲ့တစ်ခုက ရခိုင်မှာ ဒေါ်ဖြူမေလိုပဲ အရှက်ကြောင့် ထုတ်မပြောရဲကြသေးတဲ့ စစ်တပ်ရဲ့အဓမ္မပြုကျင့်ခံရသူ အနည်းဆုံး ၃-၄ ဦး ရှိတယ်လို့ဆိုပါတယ်။ အရပ်သားအစိုးရလက်ထက်မှာတောင် တရားမျှတမှုအတွက် မျှော်လင့်ချက်မဲ့ခဲ့ကြတာကြောင့် ပြုကျင့်ခံရသူတွေဟာ လက်ရှိအချိန်မှာ ထုတ်ပြောဖို့ ပိုဝန်လေးကြတယ်လို့မှတ်ချက်ပြုပါတယ်။ 

စစ်တပ်ကလည်း ရခိုင်မှာ တပ်စွဲထားဆဲဖြစ်သလို၊ ရက္ခိုင့်တပ်တော် (AA) ကလည်း အပြည့်အ၀ မအုပ်ချုပ်နိုင်သေးချိန်မှာ ဒေါ်ဖြူမေအတွက် တရားမျှတမှုရှာပေးမယ့်ကိစ္စဟာ မေးခွန်းထုတ်ဖွယ်ရာဖြစ်ပါတယ်။

Photo: Arakan Army website 

ရခိုင်မှာ စစ်တပ်က အုပ်စုဖွဲ့မဒိန်းကျင့်လို့ ဖုံးဖိမရ ပေါ်လာခဲ့တဲ့ အမှုက ၂၀၂၀ ဇွန်လပိုင်းမှာဖြစ်ခဲ့တဲ့ ရသေ့တောင်မြို့နယ်က ဦးဂါကျေးရွာအမှုတစ်ခုပဲရှိပါတယ်။  အိမ်ထောင်ရှင်အမျိုးသမီးတစ်ဦးကို စစ်ဆေးစရာရှိလို့ဆိုပြီး အိမ်ထဲကနေ သေနတ်ထောက်ခေါ်ယူပြီးတော့ ဘေးချင်းကပ်အိမ်တစ်ခုမှာ ကျင့်ခဲ့ကြတာပါ။ 

အဲဒီတုန်းကလည်း ကာယကံရှင်ရဲ့ထွက်ဆိုချက်အရ စစ်သားတွေဟာ သူ့ရဲ့သမီးဖြစ်သူ (မီးဖွားခါစ) ကို ကျင့်ဖို့ကြိုးစားတာ ဝင်တားရင်းနဲ့ အမေဖြစ်သူကို စစ်သား ၃ ယောက်က မုဒိန်းကျင့်ခဲ့တာဖြစ်ပါတယ်။ အမှုဖြစ်စဉ် အစပိုင်းမှာတော့ တပ်မတော်ရဲ့ ဝါဒဖြန့်ချိရေးသမား ဗိုလ်ချုပ်ဇော်မင်းထွန်းက ငြင်းဆိုခဲ့ပါသေးတယ်။ နောက်ပိုင်းမှာတော့ စစ်တပ်က အရေးယူတယ်လို့ထုတ်ပြန်ခဲ့ပါတယ်။ 






 




 

 





Comments

Post a Comment

KNPP သင်တန်းဆင်း လူငယ် ၇၀ ကျော်အဖမ်းခံရ

ဒေါ်လာတစ်သိန်းဝန်းကျင်ရှိတဲ့ မန္တလေး-ဗန်းမော်လက်နက်ဖမ်းခံရမှု (Fact-Check)

ကွန်ဖက်ဒရိတ်နဲ့ဖက်ဒရယ်ခြားနားချက်