ဒေါ်လာတစ်သိန်းဝန်းကျင်ရှိတဲ့ မန္တလေး-ဗန်းမော်လက်နက်ဖမ်းခံရမှု (Fact-Check)

ဇွန် ၂၄ ရက်နေ့တုန်းက စစ်ကောင်စီက သေနတ် ၁၁၄ လက်နဲ့ ဖောက်ခွဲရေးပစ္စည်း ကားတစ်စီးစာမိတဲ့သတင်းကို သတင်းမှားလို့လူထုကြားထဲအငြင်းပွားနေတာ သတိပြုမိပါတယ်။ 

လက်နက်မိတဲ့ သတင်းဟာ သတင်းအမှန်ဖြစ်ပါတယ်။ သတင်း ဓာတ်ပုံတွေကို အသေးစိပ်လည်း သူတို့ထုတ်ပြန်ထားပြီး ဖြစ်သလို စုစုပေါင်း ၄ ဦး မိတာကိုလည်း ပုံနဲ့တကွ ထုတ်ပြန်ထားပါတယ်။  

လက်နက်တွေ ဖမ်းမိတဲ့ သတင်းဓာတ်ပုံ

သူတို့ထုတ်ပြန်ချက်အရ Type 81 လိုသေနတ် ခေါက်ဒင်နဲ့ ရိုးရိုးဒင်က စုစုပေါင်း ၆၄ လက်ပါတယ်။ ပြီးတော့ M-79 ၄၀ မမ ဗုံးသီး ခြောက်တောင့်ထိုးက အလက် ၄၀၊ 779 Pading III-S က ၁၀ လက်ပါတယ်။

ကျည်ကဒ် ၂၄၈ ခု၊ ကျည်ဆံ အတောင့် တစ်သောင်း၊ လက်ပစ်ဗုံး ၄၄၉ လုံး၊ ၄၀ မမ လောင်ချာဗုံးသီး ၁၄၇၃ ပါတယ်။ ယမ်းထုပ် ၅ ကီလိုဂရမ်ပါပြီးတော့ ဒီတိုနေတာ ၄ ဖာ ပါတယ်။ မိုင်းအဝေးထိန်း ခလုတ်က ၃၅ ခုပါ။  

Type 81- KIA product

စစ်ကောင်စီရဲ့ထုတ်ပြန်ချက်မှာတော့ Type 81 အစား K2-5 လို့သုံးနှုန်းဖော်ပြပါတယ်။ Type 81 ဆိုတာ UWSA ၀ တပ်ဖွဲ့ရဲ့လက်စွဲတော်ဖြစ်ပါတယ်။ နောက်ပိုင်းမှာ အဲဒီနည်းပညာက KIA ဆီကိုပါရောက်ပါတယ်။ 

ဒါကြောင့် AK-47 ကိုပုံတုထားတဲ့ ဒီဇိုင်းနဲ့ KIA က ထုတ်ပါတယ်။ သေနတ်က ခေါက်ဒင်နဲ့ ရိုးရိုးဒင် နှစ်မျိုးလာပါတယ်။ KIA က သေနတ်ကို ပိုပေါ့ပါးအောင် ပိုလီမှာနဲ့သုံးလာပါတယ်။ ဒီလက်နက်ကို တော်တော်တရင်းတနှီးမြင်ဖူးကြမှာပါ။ 

AA fighter လက်ထဲက Type 81

ဘာလို့ဆို ဒီသေနတ်တွေကို KIA/ TNLA/ MNDAA/ AA မြောက်ပိုင်း တစ်ဖွဲ့လုံး သုံးပါတယ်။ ခုနောက်ပိုင်းဆို KNLA ကရင်တပ်မှာလည်း တွေ့ရတတ်သလို၊ ကရင်နီတပ်မတော်မှာလည်း တွေ့ရတတ်ပါတယ်။ 

ဖမ်းဆီးရမိတဲ့  လက်နက်အမျိုးအစားနဲ့ ယုံကြည်ရလောက်တဲ့ ဓာတ်ပုံအထောက်အထားတွေ၊ ဒီ့မတိုင်ခင် သုံးသပ်ထားတဲ့ review တွေနဲ့ နှိုင်းယှဉ်ပြီးတော့မှ လက်နက်တစ်ရာကျော်ဖမ်းမိတဲ့သတင်းဟာ အမှန်ဖြစ်တယ်ဆိုတာ သုံးသပ်ပြတာပဲဖြစ်ပါတယ်။ 

KIA fighter လက်ထဲကM-79

ဆိုလိုတာက စစ်ကောင်စီထုတ်ပြန်ချက်ကိုပဲ ယူထားပြီးတော့ ရေးတာမဟုတ်ပါ။ ဒီနေရာမှာ ကျိုးကြောင်းဆီလျော်အောင် စဉ်းစားရမှာက ဝါဒဖြန့်ရုံတစ်ခုအတွက် စစ်တပ်က  KIA ထုတ် ပစ္စည်းတွေကို ကားတွေနဲ့ တကူးတကသယ်ယူ၊ အလှုပ်ရှှုပ်ခံပြီး ဓာတ်ပုံရိုက်မလားဆိုတဲ့ အချက်ပါ။ 

မန္တလေး-ဗန်းမော်လမ်းကြောင်းက ဖမ်းမိတဲ့ M-79 

ဒီအောက်ကပုံကတော့ သိပ်မကြာသေးခင်က KIA စစ်သားတွေ ကချင်ပြည်နယ်မှာရှိတဲ့ ရှဒူးစွပ် ပြည်သူ့စစ်ခေါင်းဆောင်ကို လုပ်ကြံမှုမအောင်မြင်တဲ့ မစ်ရှင်မှာ သုံးခဲ့တဲ့သေနတ်နဲ့ ၄၀ မမ ဗုံးသီး 799-Pading  လက်နက်ပါ။ အဲဒီမစ်ရှင်မှာ ၄ ယောက် အသက်ပေးသွားရပါတယ်။ 

စစ်ကောင်စီက ထုတ်ပြန်တဲ့အထဲ သတိထားမိတာတစ်ချက်က ဒီလက်နက်ကိစ္စကို မန္တလေး PDF တွေကို ဖမ်းမိပြီးနောက် ကွင်းဆက်ဖော်ထုတ်မိတယ်ဆိုတဲ့ သတင်းပါ။ ဒီကိစ္စကတော့ အတော်ကို အကဲဆတ်ပါတယ်။ 

ဖမ်းမိတဲ့အထဲမှာ မန္တလေး-PDF ခေါင်းဆောင်လို့ဆိုသူ ဝေယံလင်း (ခ) ထွန်းတောက်နိုင်နဲ့ ရန်လင်းအောင် (ခ) မိုးတိမ်၊ မျိုးမင်းထွန်းနှင့် စိုင်းသက်ပိုင်ထွန်း တို့ လို့ဆိုပါတယ်။ ဒီကိစ္စကို မန္တလေး-PDF က သူတို့ ခေါင်းဆောင်မဟုတ်ဘူးလို့သတင်းမီဒီယာတချို့မှာ ငြင်းထားပါတယ်။ ဒါပေမဲ့ ထူးဆန်းတာက သူတို့ရဲ့ page ကို ခဏ ဒီအက်တီဗိတ် လုပ်ထားမယ်ဆိုတဲ့ ကိစ္စပါ။  

SAC ထုတ်ပြန်ချက်အရ ထွန်းတောက်နိုင်နဲ့အဖွဲ့က KIA အဖွဲ့ရဲ့ချိတ်ဆက်မှုနဲ့ ဇွန် ၂၂ ရက်နေ့မှာ ခြောက်ဘီးကားတစ်စီးနဲ့ ကချင်ပြည်နယ် မန်စီကနေ မန္တလေးကို ထွက်ခွာလာတယ်။ ၂၃ ရက်နေ့မှာတော့ သပိတ်ကျင်းမြို့နယ်၊ တကောင်းလမ်းဆုံမှာ ထွန်းတောက်နိုင်တို့အဖမ်းခံရတယ်။ ထွန်းတောက်နိုင်တို့ရဲ့ထွက်ဆိုချက်ကို အခြေခံပြီးတော့ လက်နက်သယ်လာတဲ့ ၆ ဘီးကားကို ဖမ်းမိတယ်လို့ စစ်ကောင်စီက ဆိုတယ်။ 

ဒီအချက်တွေကတော့ ပါဝင် ပတ်သတ်သူတွေကိုယ်တိုင် တရားရုံးမှာ ထွက်ဆိုချက်ပေးတော့မှ သိနိုင်မှာပါ။ တတယ်လို့ မန္တလေး PDF ကို မိလို့ ဒီလိုကွင်းဆက်ဖမ်းမိတာဆိုရင် တော်လှန်ရေးရဲ့ အဖိတ်အစင်က များတယ်လို့ဆိုနိုင်ပါတယ်။ AK-47 second hand တောင် ဒေါ်လာ တစ်ထောင် ဝန်းကျင်ပေါက်ဈေးရှိပါတယ်။


 ပျမ်းမျှ ဒေါ်လာ တစ်ထောင်နဲ့ပဲ တွက်ရင် ဒေါ်လာ တစ်သိန်းဖိုးရှိပါတယ်။ ဒါဟာ ဒီတိုနေတာတွေ၊ ယမ်းတွေ၊ ကျည်တောင့်တစ်သောင်းနဲ့ ၄၀ မမ ဗုံးသီးတန်ဖိုးတွေ မပါသေးပါ။  







 


 

Comments

KNPP သင်တန်းဆင်း လူငယ် ၇၀ ကျော်အဖမ်းခံရ

ကွန်ဖက်ဒရိတ်နဲ့ဖက်ဒရယ်ခြားနားချက်

မုဒိန်းကျင့်ခံရ၊ ထောင်လည်းကျခံရတဲ့ ကျောက်တော်သူ (Explanatory)