စစ်သုံ့ပန်းအခွင့်အရေးနဲ့မြဝတီ ၂၅ ဦးအသတ်ခံရတဲ့ကိစ္စ (Perspective)

စစ်ကောင်စီရဲ့ပြန်ကြားရေးက ကရင်ပြည်နယ် မြဝတီခရိုင်က အူးဟူချောင်းတံတားဆောက်လုပ်ရေး လုပ်သား ၄၇ ယောက်ကို ကရင်လက်နက်ကိုင်တပ်ဖွဲ့တစ်ခုဖြစ်တဲ့ KNDO က မေ ၃၁ မှာ ဖမ်းခေါ်သွားပြီးတော့ ၂၅ ဦးကို သတ်ဖြတ်တယ်လို့ ဇွန် ၁၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ 

KNDO armed group

စစ်ကောင်စီက စွပ်စွဲတဲ့ခါမှာ KNDO က ဗိုလ်ကြီး စောပါဝါးလို့ အတိအကျဖော်ပြပါတယ်။ ၄၇ ဦးထဲက အမျိုးသား ၆ ဦး၊ မျိုးသမီး  ဦး၊ ကလေးငယ် ၁၀ ဦး စုစုပေါင်း ၂၂ ဦးဟာ ဇွန် ၁ ရက်နေ့နဲ့ ၉ ရက်နေ့မှာ လွတ်မြောက်လာတယ်လို့ဖော်ပြပါတယ်။ 

စစ်တပ်က ပြန်လည်လိုက်ရှာတဲ့အခါ ဇွန် ၁၁ ရက်နေ့မှာ ၇ လောင်း၊ ဇွန် ၁၂ မှာ ၁၈ လောင်း တွေ့တယ်လို့ရေးသားထားပါတယ်။ ဒီသတင်းကို ရေးပြီဆိုတာနဲ့ ကြုံကြိုက်ရတာ စစ်ကောင်စီက လိမ်ညာဝါဒဖြန့်တဲ့ သတင်းကို ရေးတယ်၊ ဒလန်လို့သမုတ်တာလည်း သတိပြုမိပါတယ်။ 

ကျနော့်အနေနဲ့ ဒီနေရာမှာပြောချင်တာက သတင်းသမားဟာ လိမ်ညာပေးဖို့ တာဝန်မရှိပါ။ ဒီကိစ္စကို အသေးစိပ်မပြောခင် အဓိက အချက် ၃ ချက်ကို ရှင်းလိုပါတယ်။ ၁- စစ်ပွဲသဘောသဘာ၀ ၂- ဝါဒဖြန့်မှုနှင့် နိုင်ငံရေးအသုံးချမှု  ၃- လိုက်နာရမယ့် ဂျနီဗာကွန်ဗင်းရှင်း ဖြစ်ပါတယ်။

 ၁- စစ်ပွဲသဘောသဘာ၀ ဆိုရာမှာ စစ်ဆင်ရေးနယ်မြေတွင်းက ကိစ္စကို ရည်ရွယ်ပါတယ်။ အထူးသဖြင့် active conflict zone ကို ဆိုလိုတာပါ။ ကရင်ပြည်နယ် မြဝတီမြို့နယ်ဟာ လက်နက်ကိုင်တိုက်ပွဲမပြတ်ရှိနေတတ်တဲ့ နေရာဖြစ်ပါတယ်။ ဒီလိုနေရာမှာ စစ်ပွဲဖြစ်တဲ့အခါ အရပ်သားတွေကို စစ်တပ်က ကျူးလွန်တဲ့ လူ့အခွင့်ရေးချိုးဖောက်မှုတွေဟာ ဖန်တလဲလဲဖြစ်နေခဲ့တာ အသားကျနေပါပြီ။ စစ်ပွဲတိုက်ခိုက်ကြတဲ့အခါ လက်နက်ကိုင်ထားတဲ့တစ်ဘက်နဲ့တစ်ဘက် ပစ်ခတ်ရင်းနဲ့သေတာကို (killed in action) တိုက်ပွဲကျတာလို့ခေါ်ပါတယ်။ 

၂- ဆိုးရွားတဲ့လူ့အခွင့်ရေးချိုးဖောက်မှုတွေဖြစ်တဲ့အခါ ဆက်စပ်တဲ့ ဘယ်နိုင်ငံရေးသမား၊ လက်နက်ကိုင်အဖွဲ့အစည်းမဆို အဖွဲ့အစည်းမထိခိုက်ဖို့ တတ်နိုင်တဲ့နည်းနဲ့ရှောင်ကြရပါတယ်။ ဒါဟာ သမားရိုးကျဖြစ်စဉ်ပါ။ အဲဒီလိုဖြစ်ရပ်ပေါ်လာတိုင်း တစ်ဖက်နဲ့တစ်ဖက် အမြဲလိုလို နိုင်ငံရေးအသာစီးရယူမှုအတွက် ဝါဒဖြန့်တာတွေ လုပ်တတ်ကြပါတယ်။

 အာဏာသိမ်းစစ်ကောင်စီက ဖြန့်တာလည်း ဒီအတိုင်းပါပဲ။ ဒါပေမဲ့ ဖြန့်ပုံဖြန့်နည်းကို ကျနော်တို့တွေက သတိထားကြရမှာဖြစ်ပါတယ်။ စစ်တပ်က ထုတ်ပြန်ချက်ဟာ မပြည့်စုံပါဘူး။ အထူးသဖြင့် လူတွေစိတ်ကို ဆူပွစေတဲ့ "ရက်ရက်စက်စက်" ဆိုတဲ့ စကားအသုံးရယ်၊ "အရပ်သား" ဆိုတဲ့ ကိစ္စရယ်၊ "ဘယ်လိုသတ်တယ်" ဆိုတဲ့ ကိစ္စရယ် မပါပါဘူး။ 

စစ်ကောင်စီထုတ်ပြန်တဲ့ ပုံ

ဘာကြောင့် ဒီဟာတွေက အရေးကြီးသလဲ။ လူတစ်ယောက်ကို ဘယ်လိုသတ်တယ်၊ တစ်ချက်တည်းနဲ့ပစ်သတ်တာလား၊ နှိပ်စက်ပြီးမှ သတ်တာလား၊ ဘယ်လိုဒဏ်ရာတွေ တွေ့ရလဲ။ ကျည်တွေ တစ်ချက်ချင်းစီ ရင်ဘတ်၊ ခေါင်း ပစ်ထည့်ထားတာလား၊ ဒီအချက်တွေ တစ်ခုမှ မပါ ပါဘူး။ ဒီလို အသေးစိပ်ပါရှိမှသာ ရက်စက်တယ် မရက်စက်ဘူး ပေါ်လွင်မှာပါ။ မီးရှို့တယ်ဆိုတဲ့ ကိစ္စ တစ်ခုတော့ ပါတယ်။ ဒါကလည်း သိပ်အကဲဆတ်ပါတယ်။ အရပ်သား ဖြစ်ခြင်း မဖြစ်ခြင်းကိစ္စကလည်း အငြင်းပွားဖွယ်ရာပါ။

ဖြစ်ရပ်တစ်ခုကို ဖြစ်စဉ်တွေကို လေ့လာဖို့လိုအပ်သလို၊ ဖြစ်ရပ်မတိုင်ခင် ဘာဖြစ်ခဲ့တယ်ဆိုတာကိုလည်း ရှင်းလင်းဖို့ လိုအပ်ပါတယ်။ ဒါမှသာ ဘာက ဘာကိုဖြစ်စေတယ်ဆိုတာ နားလည်နိုင်မှာပါ။ KNU  ဘက်ကတော့ အသတ်ခံရတဲ့လူတွေဟာ တပ်မတော်သားတွေဖြစ်တယ်၊ လက်နက်ပါတယ်၊ အမျိုးသမီးနဲ့ကလေး ၁၀ ယောက်ကို KNDO က စောင့်ရှောက်ထားပြီး၊ တပ်မှူး ၂ ယောက်နဲ့ တပ်သားတချို့ CDM လုပ်ခဲ့တယ်လို့ Salween Press က ဒီနေ့ ဇွန် ၁၄ မှာ ဖော်ပြပါတယ်။ 

KNDO ခေါင်းဆောင် ဗိုလ်ချုပ် စောနယ်ဒါးမြနဲ့ သူ့တပ်ဖွဲ့ဝင်တွေကို KNDO ဌာနချုပ်ရှိတဲ့ မူအေးပူဘက်ကိုပြောင်းရွှေ့ဖို့ KNU ဖိအားပေးခံရတယ်လို့လည်း Salween Press က ရေးပါတယ်။  KNDO ကိစ္စဖြစ်ပြီးနောက်မှတော့ ကရင်လက်နက်ကိုင်လေးဖွဲ့ လက်ရှိ ပစ်ခတ်တိုက်ခိုက်တာတွေကို တွေ့ဆုံဆွေးနွေးကြဖို့ KNLA ဌာနချုပ်တစ်နေရာမှာတွေ့ဆုံဖို့အထိ ဖြစ်လာပါတယ်။ 

KNDO ကလည်း ဒီလူတွေဟာ စစ်သားဖြစ်တာမလို့ ရှင်းလိုက်တယ်လို့ အင်တာဗျူးတစ်ခုမှာဖြေထားပါတယ်။ နှစ်ဘက်ပြောဆိုချက်တွေအရ ဒီသတ်ဖြတ်မှု ဖြစ်ပွားခဲ့တယ်ဆိုတာ မှန်ကန်ကြောင်း အတည်ပြုနိုင်ပါပြီ။  ဒါပေမဲ့ လွတ်နေတာက ဘယ်လိုသတ်လဲဆိုတဲ့အချက်ပါ။ ဒါကိုတော့ နှစ်ဘက်လုံးက ထိန်ချန်ထားပါတယ်။ 

စစ်ကောင်စီက အလောင်းတွေရသွားတာမလို့ ဒီအချက်လက်တွေကို ပိုပြီးတော့ သိနိုင်ခြေများပါတယ်။ စစ်သားတကယ် ဟုတ်၊ မဟုတ်ကို စစ်တပ်လည်းမဟုတ်၊ KNDO လည်း မဟုတ်တဲ့ တခြားအဖွဲ့အစည်းက ရေးခဲ့တဲ့ သတင်းတစ်ပုဒ်ကို ကြည့်ရအောင်ပါ။ ဇွန်လ ၂ ရက်နေ့မှာ KIC ကရင်သတင်းဌာနက ဝေါလေကိစ္စကို သတင်းတစ်ပုဒ်ဖော်ပြခဲ့ပါတယ်။ 

KIC သတင်းအရ မြဝတီတောင်ဘက် မိုင် ၅၀ ခန့် အကွာမှာရှိတဲ့ ဝေါလေမြို့ရဲစခန်းကို ဇွန်လ ၂ ရက် နံနက်ပိုင်းက လက်နက်ကိုင်အဖွဲ့တစ်ခုမှ ပစ်ခတ်တိုက်ခိုက်မှုပြုလုပ်ခဲ့ပါတယ်။ စစ်ကောင်စီရဲ့ စစ်မြေပြင်အင်ဂျင်နီယာ (GE)တပ်ရဲ့ တဲအိမ်တွေကို မီးရှို့ခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေရဲ့ပြောဆိုချက်ကို ကိုးကားဖော်ပြပါတယ်။ 

အဲဒီနေ့က မနက်မိုးမလင်းခင်ကတည်းကနေ ပစ်ကြခတ်ကြတာ မနက် ၉ နာရီအထိ ကြားရတယ်လို့ ဖော်ပြတာကြောင့် ဝေါလေဖြစ်စဉ်ဟာ စစ်ပွဲငယ်တစ်ခုဖြစ်ခဲ့တာ အမှန်ဖြစ်တယ်လို့ယူဆရပါတယ်။ KIC သတင်းနဲ့ KNDO/ KNU ပြောဆိုချက်ဟာ ကိုက်ညီမှုရှိနေပါတယ်။ ဒါကြောင့် ဝေါလေဆောက်လုပ်ရေးမှာ ရှိနေသူတွေဟာ ဆောက်လုပ်ရေးတပ် (GE) တပ်က စစ်သားတွေဆိုတာ ပေါ်လွင်ပါတယ်။ ဒီအထိတော့  အသတ်ခံရသူတွေဟာ စစ်သားတွေဖြစ်တယ်၊ အသတ်ခံရတဲ့ဖြစ်စဉ်မှန်တယ်ဆိုတဲ့ အချက်နှစ်ခု ရှင်းသွားပါပြီ။ 

နောက်ထပ်အရေးကြီးတဲ့ကိစ္စကတော့ သူတို့ဟာ ပစ်ကြခတ်ကြရင်းနဲ့သေတာလား၊ လက်နက်ချ အညံ့ခံပြီးမှ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရလားဆိုတဲ့ ကိစ္စပါ။ သတ်ခံရသူ မိသားစုတွေရဲ့ အတည်ပြုချက်ရနိုင်မှ သိနိုင်မှာပါ။ ဒီအချက်ကို CDM လုပ်တယ်ဆိုတဲ့ လွတ်လာတယ်ဆိုတဲ့ မိသားစုတွေက သဲလွန်စတချို့ပေးနိုင်မယ်ထင်ပါတယ်။ 

နောက်ဆုံးအချက် နံပါတ် ၃ ကတော့ ဂျနီဗာကွန်ဗင်းရှင်းနဲ့ဆက်စပ်ပါတယ်။ စစ်ပွဲတွေဖြစ်ကြတဲ့အခါ နှစ်ဖက်ပစ်ကြခတ်ကြရင်းနဲ့သေတာကို Rights Violations လူ့အခွင့်ရေးချိုးဖောက်မှုလို့ မသတ်မှတ်ဘူးလို့နားလည်ပါတယ်။ ဒါကြောင့် ၂၅ ယောက်သေတဲ့ ကိစ္စမှာ တိုက်ပွဲထဲ ကျလို့သေတဲ့လူ ဘယ်နှစ်ဦးပါသလဲ မသိရပါ။ စစ်ကောင်စီကတော့ ၂၅ ယောက်လုံး အသတ်ခံရသလိုပုံဖော်ထုတ်ပြန်ပါတယ်။ 

ဘယ်နှစ်ယောက်ကတော့ တိုက်ပွဲထဲမှာကျပြီးတော့ ဘယ်နှစ်ယောက်ကိုတော့ အဆုံးစီရင်တယ်ဆိုတာကို KNDO ဘက်က သိနိုင်မယ်ထင်ပါတယ်။ ဒီနေရာမှာ လက်နက်မချဘဲ ခုခံလို့ပစ်ခတ်လိုက်လို့သေသွားတယ်ဆိုရင်  ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်မှု (intent) မမြောက်ဘူးလို့ ယူဆနိုင်စရာရှိပါတယ်။

လက်နက်ချက်ပြီးမှ ဒူးထောက်ပြီးတော့ တစ်ယောက်ချင်းစီ ပစ်သတ်တယ်ဆိုရင် ဒါဟာ လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်ပါတယ်။ ၂၀၁၇ တုန်းက ရိုဟင်ဂျာ အင်းဒင်လူသတ်မှုကို မျက်လုံးထဲ မြင်ယောင်ကြည့်ပါ။ သူတို့ဟာ သတ်ဖြတ်ခြင်းမခံရခင် ဒူးထောက်ပြီးတော့ အညံ့ခံထားတဲ့သူတွေဖြစ်ပါတယ်။ 

လက်နက်ချ အလင်းဝင်သူ၊ အဖမ်းခံသူ တိုင်းဟာ Prisoners of wars (POWs) လို့ခေါ်တဲ့ စစ်သုံ့ပန်းအခွင့်အရေး ရရှိထိုက်သူတွေဖြစ်ပါတယ်။ စစ်ပွဲထဲမှာ တစ်ဖက်နဲ့တစ်ဖက်နာကြည်းနေတဲ့အခါ သတ်ဖြတ်မှုတွေဖြစ်နိုင်ပေမယ့် သက်ဆိုင်ရာအဖွဲ့အစည်းတွေက ဒါတွေကို Rule of engagements ဆိုတဲ့စည်းမျဉ်းတွေနဲ့ထိန်းညှိရပါတယ်။ 

ဖမ်းမိသူတွေကို အစာရေစာကျွေးရပါတယ်၊ အချုပ်ခန်းမှာ အကျဉ်းသားအခွင့်ရေးပေးရပါတယ်။ ဒီလူတွေကို သက်ဆိုင်ရာမိခင်အဖွဲ့အစည်းတွေက လာမခေါ်နိုင်တာပဲဖြစ်ဖြစ်၊ ပြန်လွှတ်တဲ့အခါပဲဖြစ်ဖြစ် နိုင်ငံတကာအဖွဲ့အစည်းတွေက ကြားဝင်ကူညီဆောင်ရွက်ပေးတာရှိတတ်ပါတယ်။ 

ဥပမာ ရခိုင်တိုက်ပွဲတွေမှာကတော့ နှစ်ဖက်အရာရှိတွေ တွေ့ဆုံပြီးတော့ ပြန်လွှတ်ပေးခဲ့တာရှိသလို၊ ICRC လို အဖွဲ့အစည်းတွေက ကြားဝင်ကူညီတာလည်းရှိတတ်ပါတယ်။ ဒါကြောင့်စစ်ပွဲထဲ လက်နက်ချ အလင်းဝင်သူတွေရှိရင် POW အခွင့်အရေးကို ပေးဖို့လိုအပ်တယ်လို့ တိုက်တွန်းလိုက်ရပါတယ်။ 

  













 




Comments

Post a Comment

KNPP သင်တန်းဆင်း လူငယ် ၇၀ ကျော်အဖမ်းခံရ

ဒေါ်လာတစ်သိန်းဝန်းကျင်ရှိတဲ့ မန္တလေး-ဗန်းမော်လက်နက်ဖမ်းခံရမှု (Fact-Check)

ကွန်ဖက်ဒရိတ်နဲ့ဖက်ဒရယ်ခြားနားချက်

မုဒိန်းကျင့်ခံရ၊ ထောင်လည်းကျခံရတဲ့ ကျောက်တော်သူ (Explanatory)