ဂန့်ဂေါက မြင်းကျားစိုက်ပျိုးရေးဝန်ထမ်းနှစ်ဦး လူမှားပစ်သတ်ခံရ၊ အိမ်ရှင်အမျိုးသမီးလည်းသေ

ဂန့်ဂေါမြို့နယ် ကုက္ကားရွာမှာကွင်းဆင်းနေတဲ့ မြင်းကျားစိုက်ပျိုးရေး ကုမ္ပဏီဝန်ထမ်းနှစ်ဦးနဲ့အမျိုးသမီးတစ်ဦးကို အမည်မသိ လက်နက်ကိုင်လူတစ်စုက ဇူလိုင် ၁၀ ရက်နေ့မှာ သေနတ်နဲ့ပစ်သတ်ခဲ့ပါတယ်။ 

ကုမ္ပဏီဝန်ထမ်းတွေဟာ ပွင့်ဖြူစိုက်ပျိုးရေးတက္ကသိုလ်ဆင်းတွေဖြစ်ပြီး သန့်ဇင်ကိုနဲ့ ဝေယံကျော်ဖြစ်ပါတယ်။ ဝေယံကျော်ဟာ မကွေးတိုင်း၊ ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ်ကဖြစ်ပါတယ်။ သေဆုံးသူ  အမျိုးသမီး ဒေါ်သီတာကတော့ ကုက္ကားကျေးရွာက အိမ်ရှင်ဖြစ်ပါတယ်။ 

လူမှားပစ်သတ်ခံရတဲ့ မြင်းကျားကုမ္ပဏီဝန်ထမ်းနှစ်ဦး 

ဇူလိုင် ၁၀ ရက်နေ့၊ နံနက် ၂ နာရီ ဝန်းကျင်မှာ လက်နက်ကိုင်ထားတဲ့ လူ ၂၀ လောက် ကုက္ကားကျေးရွာက အိမ်ကိုဝင်လာပြီးတော့ အိမ်ရှင်အမျိုးသားကိုထွက်လာဖို့ အော်ခေါ်တယ်လို့ ပစ်သတ်ခံရသူ ဝေယံကျော်ရဲ့ အစ်မဖြစ်သူ မမာလာက MoreMrontVlog ကို ရှင်းပြပါတယ်။ 

"အိမ်ရှင်ယောကျာ်းကို ထွက်လာဖို့ ပြောတယ်။ မထွက်လာရင် ကျန်တဲ့သူတွေ အကုန်သတ်ပစ်မယ်လို့ ပြောတယ်တဲ့။ အိမ်ပေါ်ကကောင်တွေ ဆင်းလာခဲ့လို့ပြောတယ်။" လို့ မမာလာက ပြောပါတယ်။  

ဇူလိုင် ၉ ရက်နေ့မှာ မြင်းကျားစိုက်ပျိုးရေးကုမ္ပဏီ ဝန်ထမ်း ၂ ဦးဟာ သာယာဝတီကျေးရွာမှာ ကွင်းဆင်းရင်းနဲ့ ရွာနီးချင်းဖြစ်တဲ့ ကုက္ကားရွာက မြင်းကျားအရောင်းကိုယ်စားလှယ်အိမ်မှာ ဝင်အိပ်ကြတာပါ။ 

ဧည့်သည်နှစ်ဦးက ကိုယ်စားလှယ်ရဲ့သားနဲ့  အပေါ်ထပ်မှာအတူတူအိပ်ကြပါတယ်။ ဇူလိုင် ၉ ရက်နေ့ည (၁၀ ရက်နေ့ နံနက် ၂ နာရီ) မှာ မီးမလာတာကြောင့် ဝေယံကျော် (၂၃) နဲ့သန့်ဇင်ကို (၂၂) က ဖုန်းမီးဖွင့်ပြီးတော့ ဆင်းလာခဲ့ပါတယ်။ 

"ကျနော်တို့က အနီတွေဗျလို့စကားပြောပီး ဆင်းသွားတာတဲ့ အောက်ထပ်ရောက်တော့ သေနတ်တွေမြင်တော့ အပေါ် ပြန်တက်ဟန်တူပါတယ်။ အဲတာကို နီနီစိမ်းစိမ်း ကွာဆိုပီးပစ်တာတဲ့" လို့ မမာလာက ဆိုပါတယ်။ 

အိမ်ရှင်ဖြစ်သူအမျိုးသားနဲ့ သူ့သားကတော့ ပုန်းနေတာကြောင့် လွတ်သွားခဲ့ပါတယ်။ ကုက္ကားကျေးရွာက ကိုယ်စားလှယ် ဦးမင်းဇော်မှာ သားနှစ်ယောက်၊ သမီးနှစ်ယောက်ရှိပါတယ်။ သမီးဖြစ်သူ ၂ ဦးက ဆင်းလာသူတွေက အရောင်းစာရေးဝန်ထမ်းတွေဖြစ်ကြောင်းပြောဆိုပေမယ့် ပစ်ခတ်ခဲ့တာလို့ပြောပါတယ်။ 

ဝေယံကျော် (၂၃) 

ဝေယံကျော်ရဲ့အစ်မဖြစ်သူ နောက်တစ်ဦးကလည်း "ဒီလိုကလေးမျိုးကို  မစူးစမ်းမဆင်ခြင်ဘဲလုပ်လိုက်တဲ့ ဘယ်အဖွဲ့ဘဲဖြစ်ဖြစ် နင်တို့ဟာလူမဟုတ်ဘူး အပြစ်ရှိတဲ့သူဆို လုပ်လိုက်ပါ။ သေချာမစုံစမ်းဘူး  လူသတ်တာ ပုရွက်ဆိတ်တစ်ကောင်သတ်သလောက်လွယ်ကြလား။ မောင်လေး‌စကားကိုတောင်ဆုံးအောင်နားမထောင်ပေးကြဘူး။  ရင်နာလိုက်တာ ဘယ်လောက်တောင်ကြိုးစားပြီးရှင်းပြပေးနေလိုက်မလဲ ငါ့မောင်လေး" လို့ရေးထားပါတယ်။ 

ဘယ်အဖွဲ့အစည်းက တာဝန်ရှိသလဲတော့ နစ်နာသူတွေဖက်က တိတိကျကျ မပြောပါဘူး။ အာဏာသိမ်းစစ်တပ်ကို ထောက်ခံသူတွေရဲ့ ဖေးစ်ဘွတ်လူမှုကွန်ရက်ပေါ်မှာ PDF က ပစ်သတ်တာလို့ စွပ်စွဲပြောဆိုနေကြတာရှိပါတယ်။ ကုက္ကားကျေးရွာက ကိုယ်စားလှယ်ဟာ ကြံ့ခိုင်ရေးနဲ့ပတ်သတ်သူလို့ သိရပါတယ်။ 

ဝေယံကျော်


"ဘယ်အဖွဲ့အစည်းက လုပ်သွားတယ်ဆိုတာလည်း ကျမတို့တော့ မသိပါဘူး။ အိမ်ရှင်တွေကတော့ သိလောက်မှာပါ။ သူတို့က အိမ်ရှင်ကို နာမည်ခေါ်ပီး ထွက်လာခဲ့လို့ ပြောတယ်ဆိုတော့ ပစ်မှတ်က အိမ်ရှင်လင်မယားလို့ ထင်ပါတယ်။" လို့ မမာလာက ပြောပါတယ်။ 

ပစ်ခတ်ခံရပြီး သေဆုံးသွားတဲ့ အမျိုးသမီးရဲ့သားဖြစ်သူ၊ မျက်မြင်သက်သေဖြစ်သူကို MoreMrontVlog က  ဇူလိုင် ၁၅ မှာ ဆက်သွယ်ပေမယ့် မရခဲ့ပါဘူး။ 

သေဆုံးသူအမျိုးသမီးရဲ့သားဖြစ်သူ ထုတ်ဖော်ပြောဆိုချက်

ဝေယံကျော်ဟာ မွေးချင်းအငယ်ဆုံးဖြစ်ပြီး အသက် ၂၃ အရွယ်ဖြစ်ပါတယ်။ အစ်မဖြစ်သူနှစ်ဦးက ကိုဗစ်ကပ်ရောဂါဖြစ်ပွားမှု ကလေးမြို့နယ်မှာ အပြင်းအထန်ဖြစ်ပွားနေလို့ မောင်ငယ်ဖြစ်သူကို ပြန်ခေါ်ခဲ့ပေမယ့် ကိုယ်စားလှယ်အိမ်ကလူတွေဖျားနေတာကြောင့် ပြန်မလာဖို့ဆုံးဖြတ်ခဲ့တာလို့ဆိုပါတယ်။ 

မမာလာက "ပစ်မှတ်ထားရင် ပစ်မှတ်ကိုဘဲ ဦးတည်စေချင်ပါတယ် ဘယ်ကိစ္စကိုမဆို သေချာစုံစမ်းပီး ဆုံးဖြတ်ပီး လုပ်စေချင်တယ်။ ကိုယ်တွေဆုံးရူံးမှုလိုမျိုး ဘယ်သူ့ကိုမှ မဆုံးရူံးစေချင်ဘူး။" လို့ပြောပါတယ်။ 

ဝေယံကျော်ရဲ့မိသားစုဟာ အရပ်သားအစိုးရကိုထောက်ခံသူတွေဖြစ်တယ်လို့ နစ်နာတဲ့ကာယကံရှင်တွေကပြောပါတယ်။ 

ကလေး-ကဘော်-ဂန့်ဂေါဒေသအတွင်းမှာ Chinland Defense Force—Kalay Kabaw Gangaw (CDF-KKG) အဖွဲ့က လှုပ်ရှားပါတယ်။ ကနဦးမှာတော့ CDF နဲ့ KKG ဟာ သီးခြားလှုပ်ရှားပေမယ့် ဇူလိုင် ၉ ရက်နေ့မှာတော့ နှစ်ဖွဲ့ပူးပေါင်းလှုပ်ရှားမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ 

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ)၊ တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (တကသ) ဝင်တစ်ဦးဖြစ်တဲ့ ကိုကျော်ဆန်းဦးဟာ ဇွန် ၂၀ မှာ ဂန့်ဂေါမြို့နယ်၊ ဘော်ပြင်းရွာနားမှာဖြစ်ပွားခဲ့တဲ့စစ်ပွဲမှာ စစ်ကောင်စီတပ်တွေရဲ့သတ်ဖြတ်ခြင်းကိုခံခဲ့ရပါတယ်။ 


 Note: ထပ်မံသိရတဲ့အချက်လက်တွေဖြစ်တဲ့ ပစ်မှတ်ထားခေါ်ခံရသူ အိမ်ရှင်ရဲ့နာမည် ဦးမင်းဇော်၊သေဆုံးသူ ဇနီး ဒေါ်သီတာနဲ့ သန့်ဇင်ကို အသက်တွေကို 8:00 pm မှာ ဖြည့်စွက်ဖော်ပြထားပါတယ်။

 




Comments

KNPP သင်တန်းဆင်း လူငယ် ၇၀ ကျော်အဖမ်းခံရ

ဒေါ်လာတစ်သိန်းဝန်းကျင်ရှိတဲ့ မန္တလေး-ဗန်းမော်လက်နက်ဖမ်းခံရမှု (Fact-Check)

ကွန်ဖက်ဒရိတ်နဲ့ဖက်ဒရယ်ခြားနားချက်

မုဒိန်းကျင့်ခံရ၊ ထောင်လည်းကျခံရတဲ့ ကျောက်တော်သူ (Explanatory)