စစ်ကောင်စီက ဘာသာရေး၊ လူမျိုးရေးမှိုင်းတိုက်လာ



စစ်ကောင်စီဟာ ဘာသာရေးကဒ်ကိုကိုင်ပြီးတော့ ပြည်သူတွေကို ဝါဒမှိုင်းတိုက်တဲ့လုပ်ရပ်တွေကို သူ့ရဲ့သတင်းစာတိုက်ဖြစ်တဲ့ မြန်မာ့အလင်း၊ ကြေးမုံ၊ မြဝတီ သတင်းစာတိုက်တွေကနေ ဖြန့်ချိလာပါတယ်။ 

ဒီနေ့ ဧပြီ ၁၉ ရက်နေ့ထုတ် သတင်းစာရဲ့ "တစ်လကြာ ပြန်လာမတဲ့လား မစာဥရယ်" ဆောင်းပါးမှာ မွတ်စလင်တွေကို ပစ်မှတ်ထား တိုက်ခိုက်လာပါတယ်။ 

လက်ရှိ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဖွဲ့စည်းတာဟာ မွတ်စလင်တွေပြည်နယ် ခွဲထွက်ရေးအတွက်ဖြစ်တယ်လို့ သွေးထိုးရန်တိုက်ပေးထားပါတယ်။ 

ဆန္ဒပြပြည်သူတွေရော၊ လက်ရှိဦးဆောင်နေတဲ့ NUG အစိုးရကပါ စစ်အစိုးရမှိုင်းတိုက်သလိုမျိုး မွတ်စလင်ခွဲထွက်ရေးကိစ္စတွေ လုံး၀ ပြောဆိုကြခြင်း၊ တောင်းဆိုကြခြင်းမရှိပါ။

မိဘပြည်သူများအနေဖြင့် ဘာသာရေး၊ လူမျိုးရေး၊ အသားအရောင်ခွဲခြားမှုပါတဲ့ အရေးအသားတွေကို အထူးသတိထားဖတ်ကြဖို့၊ မြန်မာ့လအလင်း၊ ကြေးမှုံ စတဲ့ သတင်းစာတွေကိုအိမ်က မှာယူဖတ်ရှုကြရင်တောင်၊ ယုံကြည်ကိုးစားရတဲ့ ပြည်တွင်းပြည်ပသတင်းတွေနဲ့ တိုက်ကြည့်ပြီးမှသာ ချင့်ချိန်ယုံကြဖို့ လိုပါတယ်။ 

ရခိုင်ပြည်သူ၊ ပြည်သားတွေအနေနဲ့လည်း စစ်အစိုးရအာဘော်တွေကို မယုံကြည်ဖို့လိုအပ်ပါတယ်။ ဒီလိုအရေးအသားတွေကို ၂၀၁၂ ခုနှစ် မသီတာထွေးကိစ္စကတည်းက အစိုးရဟာ ရခိုင်နဲ့ မွတ်စလင် လူမှုအသိုင်းအဝိုင်းအကြား အမုန်းတရားပွားအောင် ဆောင်ရွက်ခဲ့ပါတယ်။ 

စစ်အစိုးရရေးသားရာမှာ ရခိုင်ပြည်နယ်လို့ထည့်မရေးပေမဲ့၊ မွတ်စလင်တွေပြည်နယ်ခွဲထွက်ရေးဆိုတဲ့ စကားဟာ မွတ်စလင်အများအပြားရှိတဲ့ ရခိုင်ပြည်နယ်ကို သွယ်ဝိုက်ပြောဆိုနေတာဖြစ်ပါတယ်။ 

တကယ်တော့ မွတ်စလင်တွေဟာ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ၂၀၁၇ စစ်ဆင်ရေးကြောင့် ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးခဲ့ရတာ လူပေါင်း ၇ သိန်းကျော်ပါတယ်။ ဒီလူတွေဟာ ၃ နှစ်ကျော်တဲ့အချိန်အထိ ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်စခန်းမှာ ချို့တဲ့စွာနေထိုင်ကြရဆဲပါ။  

အလားတူပဲ ၂၀၁၈ ကနေ ၂၀၂၀ အထိ ရက္ခိုင့်တပ်တော် AA နဲ့ လက်ရှိ အာဏာသိမ်းစစ်တပ်တို့ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကိုလည်း လုပ်ကြံရေးသားပြီး ထုတ်ဝေခဲ့တာ အားလုံးအသိပဲဖြစ်ပါတယ်။ 

ဒါကြောင့် ရေဒီယိုသတင်းဌာနတွေဖြစ်တဲ့ VOA/ BBC/ RFA သတင်းဌာနတွေနဲ့ အွန်လိုင်းသတင်းဌာနတွေဖြစ်တဲ့ Myanmar Now/ Mizzima/ DVB/ Frontier Myanmar/ The Irrawaddy သတင်းဌာနတွေကို လေ့လာဖတ်ရှုသင့်ပါတယ်။ .

ပြီးတော့  ရခိုင်အခြေစိုက်သတင်းဌာနတွေဖြစ်တဲ့ DMG Media/ Narinjara/ Western News စတဲ့ သတင်းဌာနတွေမှာလည်း လေ့လာဖတ်ရှုနိုင်ပါတယ်။

Comments

KNPP သင်တန်းဆင်း လူငယ် ၇၀ ကျော်အဖမ်းခံရ

တောင်ကုတ်မျက်နှဖုံးကို ခွာကြည့်ခြင်း (Reporter's Notebook)

တော်လှန်ရေးနယ်မြေထဲက အန္တရာယ်ကိုဖိတ်ခေါ်သော ဓာတ်ပုံများ

နာဆာနဲ့ ဒေါ်မီမီအောင်ရဲ့အောင်မြင်မှုကို ကန်သမ္မတ ဂျိုးဘိုင်ဒင် ချီးကျူး