တောင်ကုတ်မျက်နှဖုံးကို ခွာကြည့်ခြင်း (Reporter's Notebook)

 ၂၀၁၈ တုန်းက တောင်ကုတ်မှာ ရခိုင်လူငယ်ညီလာခံကိုကျင်းပတော့ ဧရာ၀တီသတင်းဌာန သတင်းထောက်အဖြစ် ကျနော်သွားခဲ့ပါတယ်။ ခရီးစဉ်က ညီလာခံအတွက်မဟုတ်ပါ။ NLD အစိုးရလက်ထက်မှာ နည်းနည်းပြောရဲဆိုရဲလာကြတဲ့ တောင်ကုတ်မြို့သားတွေဆီကနေ ဦးကျောက်တောင်အကြောင်း စုံစမ်းဖို့ပါပဲ။


 

အနံ့စထွက်တာကတော့ တောင်ကုတ်မြို့သစ်စီမံကိန်း ဆိုရမှာပါ။ ထာ၀ရ အောင်မြေလို့ နာမည်ပေးထားတဲ့ ဒီစီမံကိန်းကို စစ်တပ်အလွမ်းသင့် ဦးကျောက်တောင်က ကြံ့ခိုင်ရေးလက်ထက် (အထူးသဖြင့် ဝန်ကြီးချုပ်ဟောင်း မောင်မောင်အုန်း လက်ထက်) ရခဲ့တာဖြစ်တယ်။  ဒီကိစ္စကို အခု စစ်ကောင်စီလက်ထဲ အဖမ်းခံထားရတဲ့ NLD အမျိုးသမီးလွှတ်တော်အမတ် ဒေါ်နီနီမေမြင့်က ၂၀၁၈ ဖေဖော်ဝါရီလတုန်းက  လွှတ်တော်မှာ တင်ပြခဲ့ပါတယ်။ 

ဒါပေမဲ့ ထင်သလောက်ခရီးမပေါက်ခဲ့ပါဘူး။ အကြောင်းကတော့ အစိုးရယန္တရားနဲ့ ဝန်ကြီးအဖွဲ့တွေမှာ ပါနေတဲ့ စစ်ဖိနပ်ချွတ်တွေရဲ့ လေသံက လုပ်ငန်းရှင် ဦးကျောက်တောင်ဖက် ယိမ်းနေလို့ပါပဲ။ နယ်ခံတွေကလည်း မဟရဲတာပါပါတယ်။ တကယ်တော့ လက်သိပ်ထိုးရခဲ့တဲ့ စီမံကိန်းနောက်ကွယ်မှာ ပြသနာကတော့ မြေသိမ်းယာသိမ်းကိစ္စတွေပါ။


မြေသိမ်းတဲ့ ပုံစံက ညင်သာပါတယ်။ ဖွံ့ဖြိုးရေးအကြောင်းပြပြီး သိမ်းတာပါ။ ဥပမာ တောင်ကုတ်တက္ကသိုလ်ဆောက်မယ်ဆိုတုန်းကလည်း တက္ကသိုလ်ငတ်တဲ့ တောင်ကုတ်ဒေသခံတွေက ကုသိုလ်ရပါတယ်ဆိုတဲ့ စိတ်နဲ့ ပြောရလည်းခက် ကြောက်ကလည်း ကြောက်ဆိုတော့ ဒီလိုနဲ့ပဲ တက္ကသိုလ်ဆိုတာ အထမြောက်သွားပါတယ်။ သူ့အမြင်ကတော့ ရခိုင်တောင်ပိုင်းမှာ တက္ကသိုလ်တစ်ခုရှိသင့်တယ်ဆိုတဲ့ အမြင်ပါ။ 

တောင်ကုတ်ကျောင်းဆောက်တော့ တင်ဒါခေါ်တယ်တို့ ဆောက်လုပ်တာတို့လည်း သူ့ကုမ္ပဏီက ဆောက်တာပါပဲ။ အလားတူပဲ တောင်ကုတ်မြို့အစွန်လေးမှာရှိတဲ့ တောင်ကုတ်ဆေးရုံစီမံကိန်းလည်း အဲနည်းနဲ့ပဲ အကောင်အထည်ဖော်တာပါ။ ဆောက်လုပ်ရေးကို သူ့ကုမ္ပဏီကပဲ တာ၀န်ယူပါတယ်။

သိပြီးသားကို ဘာလို့ထပ်ပြောရလဲဆိုတော့ ဒီနည်းနဲ့ပဲ သူဟာ ထာ၀ရအောင်မြေဆိုတဲ့ မြို့သစ်စီမံကိန်းကို အကောင်အထည်ဖော်တာပါ။ နှစ်ပဲတပြားနဲ့ အသိပညာနည်းတဲ့ ဒေသခံတွေဆီကနေ ဝယ်တယ်။ ပြီးရင် စားကျက်မြေဆိုရင် လိုက်ပွဲလိုအခမဲ့တောင်းယူတယ်။ 

ဘယ်သူမှ ပြန်မဟရဲကြပါဘူး။ ဒီလိုဖြစ်တဲ့ ကိစ္စမှာ ဖွံဖြိုးရေးဗိုင်းရပ်စ်ကြောင့်ဆိုလည်း မှားမယ်မထင်ပါဘူး။ မြို့သစ်စီမံကိန်းရောဂါထတဲ့ NLD နဲ့ကြံ့ခိုင်ရေးလက်ထက်မှာ တောင်ကုတ်သားတွေလည်း မြို့သစ်မျှော်တာ သဘာ၀ကျပါတယ်။ ဧက ၄၀၀ ကျော်လောက်ရှိတဲ့ အဲဒီစီမံကိန်းကို NLD အစိုးရက ရပ်ဆိုင်းဖို့ အမိန့်ညွှန်ကြားပေမယ့် ဦးကျောက်တောင်က အာခံပြီး ဆက်လည်ပတ်ပါတယ်။ 

ရခိုင်လူငယ်ညီလာခံတက်ရင်းနဲ့ တောင်ကုတ်မှာ ဆိုင်ကယ်တစ်စီးငှားပြီးတော့ လိုက်စုံစမ်းပါတယ်။ အခုကျနော်ပြောတဲ့ စီမံကိန်းတစ်ခုပဲ လူတွေသိကြတာ။ တကယ်တော့ သံတွဲနဲ့တောင်ကုတ်ကြားက ရာဘာခြံတချို့ဟာလည်း သူက ဒေသခံတွေဆီကနေ သိမ်းထားတာပါပဲ။ အမှုတွဲတင်ထားတာတွေ အခုထိတောင်ရှိသေးတယ်။ လိုရင်းကို ဆက်သွားရအောင်ပါ။ 

                                                         ဦးကျောက်တောင်ဆိုတာ ဘယ်သူလဲ

ဦးကျောက်တောင်ရဲ့လက်တံကို မြင်သာအောင် အနည်းငယ်ဆွဲထုတ်ပြပါမယ်။ ရခိုင်ပြည်နယ်နဲ့ ပြည်မြို့ကို ဆက်တဲ့ တောင်ကုတ်တောင်ကြားလမ်းကို နှစ်ဆယ်ချီတာဝန်ယူလုပ်ကိုင်တဲ့ နေလသစ္စာဆိုတာ သူ့လုပ်ငန်းပါ။ ကားတွေတော့ အခုထိ မြင်းစီးသလို ကဆုန်ပေါက်သွားနေရဆဲ။ လမ်းလုပ်ရင်း သစ်ခိုးထုတ်တဲ့ ကုမ္ပဏီဆိုရင် ပိုမှန်ပါလိမ့်မယ်။ 

ကျောက်ဖြူအထူးစီးပွားရေးဇုံ SEZ မှာ ဒုဥက္ကဌအဖြစ်ပါတယ် (အစိုးရအဖွဲ့မဟုတ်၊ အရပ်ဖက်။) မဘသ ဝီရသူရဲ့ ပညာရေးစီမံကိန်း မဟော်သဓါကျောင်းဆိုတာလည်း သူဆောက်ထားတာပါပဲ။ ဇေကမ္ဘာဦးခင်ရွှေဆို အဲဒီကျောင်းဖွင့်တုန်းကလား အုတ်မြစ်ချတုန်းကလားမသိ (မမှတ်မိ) လာသွားတယ်။ ဟောင်ကောင်အခြေစိုက် ဘဏ်လုပ်ငန်းရှင်တွေက အစ သူ့ကို လာတွေ့ရတယ်။ 

ပြည်မဘက်က ဒိပ်ဒိပ်ကျဲခရိုနီတွေ ဘဏ်သူဌေးတွေနဲ့လည်ပင်းဖက်ပေါင်းနိုင်သူဖြစ်တယ်။ ဝန်ကြီးချုပ်အဆင့်ကို အိပ်ထဲကောက်ထည့်ထားနိုင်သူဖြစ်တယ်။ သူ့ရဲ့ချမ်းသာကြွယ်ဝမှုကိုတော့ ဘယ်သူမှ မခန့်မှန်းနိုင်ပါ။ ရခိုင်လုပ်ငန်းရှင်ဆိုသူတွေ ဦးကျောက်တောင်ကို ပခုံးယှဉ်ရဲသူမရှိပါ။ ဒါကြောင့် လုပ်ငန်းရှင်လက်သုံးစကားကတော့ "အားကျရတဲ့ ပုဂိုလ်" ဆိုတာပါပဲ။ 


တောင်ကုတ်မှာ တပ်ရင်းမှုးအဆင့်ဆိုတာ ဦးကျောက်တောင်က ညီလေး ဘယ်နားခဏာလာခဲ့ကွာဆိုရင် ဟုတ်ကဲ့ အဘဆိုပြီး အမြှီးတနှံ့နှံ့နဲ့သွားရတဲ့ အဆင့်ပဲရှိပါတယ်။ ထာ၀ရ အောင်မြေကိစ္စကို စုံစမ်းရင်းနဲ့ နာမည်ကြီးတဲ့ သစ်မှောင်ခို ကိစ္စတွေ တဆက်တည်းပါလာပါတော့တယ်။ ရခိုင်ရိုးပေါ်ကနေ ရတဲ့ သစ်လုံးတွေကို ကားကြီးတွေနဲ့သယ်ပြီး တောင်ကုတ်ချောင်းဘေးနားမှာရှိတဲ့ သူ့ဆိပ်ကမ်းမှာ ခဏထားပါတယ်။ 

သိသာသိစေ မမြင်စေနဲ့ဆိုသလို တချို့သစ်တွေကိုတော့ ချောင်းထဲမှာ ထားတယ်လို့သိရတယ်။ မီးခိုးရှိရာ မီးရှိစမြဲပါ။ သူ့သင်္ဘောဆိပ်ထဲ တခြားတစ်ယောက်နဲ့ကျနော် ဆိုင်ကယ်နဲ့ဝင်ကြည့်တော့  သစ်လုံး ရာကဏန်းလောက်တွေ့ပါတယ်။ အဲဒီတုန်းက ခြံကိုရှင်းထားပုံရပါတယ်။ 

                                                                 သစ်မှောင်ခိုဆိပ်ကမ်းနဲ့မြို့သစ်စီမံကိန်း 

ခြံထဲ လူစိမ်းဝင်တာသိလိုက်တဲ့ ဦးကျောက်တောင်ရဲ့ လူတွေက ကျနော့်နောက်ကို ဆိုင်ကယ်နဲ့နောက်ယောင်ခံလိုက်ပါတယ်။ မြို့ထဲကိုရောက် တည်းခိုခန်းရောက်ပြီး ခဏအကြာမှာ ဟိုတယ်ကိုလာစုံစမ်းတယ်။ အခြေအနေမဟန်တော့ဘူးဆိုတာ ကျနော်သိလိုက်တာနဲ့ ရတဲ့ ကားနဲ့တက်စီးပြီးတော့ ညတွင်းချင်းပြေးခဲ့ရတယ်။ တကယ်တော့ ကျနော်တို့တွေ့ခဲ့ဆိပ်ကမ်းက အပိုင်းအစ တစ်ခုသာရှိတာပါ။ တခြား ချောင်းတွေနဲ့သစ်လုံးစုတဲ့နေရာတွေတော့မသိခဲ့ရပါဘူး။

မှောင်ခိုသင်္ဘောတွေ ယာယီရပ်တဲ့ နေရာ

ဒီလိုနဲ့ရန်ကုန်ပြန်ရောက်တော့ သစ်မှောင်ခိုကိစ္စထက် ထာ၀ရအောင်မြေစီမံကိန်းကိုပဲ ထုတ်ဖို့အကြောင်းဖန်လာတယ်။ ဘာလို့ဆို ဥပဒေရှုထောင့်အရပါ ကိုယ့်အတွက် အခြေအနေကောင်းလို့ပဲ။ သစ်မှောင်ခိုကိစ္စက အကဲဆတ်တော့ မထုတ်ဖြစ်ခဲ့။ ထာ၀ရအောင်မြေစီမံကိန်းအကြောင်း ဝေဖန်ထားတဲ့ ဆောင်းပါးတက်လာတော့ ဦးကျောက်တောင်က သွယ်၀ိုက်ပြီးတော့  ဖေးစ်ဘုတ်ပေါ်မှာရေးပါတယ်။ အတိအကျကိုတော့ စခရင်ရှော့ခ်မှာပြန်ကြည့်မှ သိတော့မယ်။ 

ဦးကျောက်တောင် တပည့်လို့ယူဆရသူတွေက ဓားတွေလွယ်ပြီးတော့ ဖေးစ်ဘုတ်ပေါ်မှာ စမ်းချင်နေသလားဆိုတဲ့သဘောမျိုး ရေးပါတယ်။ ဆောင်းပါးထွက်လာပြီးနောက်မှာ တောင်ကုတ်ကလူတွေကလည်း လိုင်းပေါ်မှာဝေဖန်တာတွေလုပ်လို့ ပိုဒေါသထွက်ပုံရပါတယ်။ တရားစွဲတာမျိုးတွေတော့ မဖြစ်ခဲ့။ 


ရခိုင်နယ်စပ် ဘူးသီးတောင် မောင်တောဘက်မှာ သစ်မှောင်ခိုသင်္ဘောကြီးတွေ တန်ချိန်ရာချီမိပေမယ့် ဘယ်တော့မှ နောက်ကွယ်က လက်မဲကြီးတော့ မမိပါဘူး။ ဒါပေမဲ့ လာတဲ့နေရာကတော့ တောင်ကုတ်ဆိုတာ ပါစမြဲပါ။  အမှုဖြစ်ရင် ဖြစ်တဲ့နယ်မြေကိုလွဲရတော့ တရားရုံးရောက်သွားရင် အမှုတွေ အော်တိုပျောက်သွားပါတယ်။

                                                 စစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့ဦးကျောက်တောင် ဆက်ဆံရေး 

၃ နှစ်အကြာ ၂၀၂၂ ပြီးခဲ့တဲ့ရက်ပိုင်းက ဦးကျောက်တောင်ဝေဖန်တဲ့ပို့စ်တစ်ခုရေးလိုက်တော့ အရှင်းခံရချင်တာလားဆိုပြီးတော့ တစ်ယောက်က ရေးပါတယ်။ ဒီဟာက ဘာကိုရည်ညွှန်းသလဲဆိုတော့ သူ့နောက်လိုက်တွေရဲ့ လက်ရဲဇက်ရဲကျော်ဇော်မှုဟာ အခုထိရှိနေတယ်ဆိုတာကို ဖော်ပြတာပါပဲ။ အဲဒီတော့ စစ်တပ်အာဏာသိမ်းလိုက်ပြီးနောက်ပိုင်းမှာတော့ သူ့ရဲ့ ပါဝါက အရင်ထက်ပိုအားကောင်းလာဖို့ပဲရှိပါတယ်။ 

NLD အစိုးရလက်ထက်မှာ ခွက်လုခံရမှာကြောက်တဲ့ခရိုနီတွေက အသံတိတ်ပေမယ့် နောက်ကွယ်မှာတော့ စစ်တပ်နဲ့ပလူးပလဲပါပဲ။ အဲဒီထဲမှာ ဦးကျောက်တောင်လည်း ပါတယ်ဆိုရမှာပါ။ NLD အစိုးရလက်ထက်တုန်းကတောင် စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဆီကို သူကိုယ်တိုင်ဖုန်းဆက်တိုင်တဲ့ ကိစ္စတွေရှိပါတယ်။ ဒီအထောက်အထားရထားပါတယ်။ မကြာခင် ဆက်ထုတ်ပေးသွားပါမယ်။ 




 







 




























  


Comments

KNPP သင်တန်းဆင်း လူငယ် ၇၀ ကျော်အဖမ်းခံရ

ဒေါ်လာတစ်သိန်းဝန်းကျင်ရှိတဲ့ မန္တလေး-ဗန်းမော်လက်နက်ဖမ်းခံရမှု (Fact-Check)

ကွန်ဖက်ဒရိတ်နဲ့ဖက်ဒရယ်ခြားနားချက်

မုဒိန်းကျင့်ခံရ၊ ထောင်လည်းကျခံရတဲ့ ကျောက်တော်သူ (Explanatory)