ကျောက်ဖြူလူနာ အမှတ် ၁၁ ကိုဗစ်ဒိုင်ယာရီ

ဒီဆောင်းပါးက ကျနော့်မိသားစုနဲ့ကျနော့်ကိုယ်တွေ့ဖြစ်ရပ်ပါ။ အဓိကပေးလိုတဲ့ မက်ဆေ့ကတော့ ကိုယ့်မိသားစုဝင်တွေ ကိုဗစ်ကူးစက်မခံရအောင်၊ ကူးစက်ခံရရင်လည်း သတိထားဆင်ခြင်လို့ရအောင် ကျနော်တို့မိသားစု လွတ်သွားတဲ့အမှတ်တမဲ့အဖြစ်တွေကို ထပ်ပြီး မမှားစေချင်တာကြောင့်ပါ။ 

ကျနော့်ရဲ့အမေက ဒေါ်နီအေးဖြစ်ပါတယ်။ ကိုဗစ်နဲ့အသက်လုတိုက်ပွဲကျဆုံးချိန်မှာ ၅၉ နှစ်ပဲရှိပါသေးတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၂၇ ရက်နေ့ နံနက် ၃ နာရီဝန်းကျင် ရခိုင်ပြည်နယ်က ကျောက်ဖြူဆေးရုံကြီးမှာ ကွယ်လွန်သွားခဲ့ပါတယ်။ 

ဆောင်းပါးရှင် မိုးမြင့်၏ မိခင် ဒေါ်နီအေး 

၂၀၁၈ လောက်ကတည်းက အမေက ရန်ကုန်မှာ မြေးမြစ်သုံးယောက်နဲ့အတူ နေပါတယ်။ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အာဏာသိမ်းလိုက်ပြီးနောက်ပိုင်း ရန်ကုန်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ရမ်းကားပစ်ခတ်မှုတွေ၊ သာမန်အရပ်သားတွေ သားကောင်ဖြစ်သွားနိုင်တဲ့ လက်သည်မပေါ်တဲ့ ဗုံးပေါက်မှုတွေ၊ ကိုဗစ်ကူးစက်မှုတွေ တရိပ်ရိပ်မြင့်တက်လာနေပါတယ်။ 

ဒီအန္တရာယ် သုံးခုကြား မကျရောက်စေချင်လို့ ကျနော်က အမေတို့ကို ကားစင်းလုံးငှားပြီးကျောက်ဖြူကို မတ်လမှာ ပြန်ပို့ဖြစ်ပါတယ်။ ကလေးတွေက ရန်ကုန်မှာကျောင်းတက်လက်စဖြစ်သလို၊ CDM ဝင်ကြတဲ့ ဆရာ၊ ဆရာမတွေလည်းများတာမို့ ကျောင်းတက်ရေး မတက်ရေး ကိစ္စကလည်း အရေးပါတာမလို့ ပြန်စေခဲ့တာဆိုလည်း မမှားပါ။ 

                                                                     အိန္ဒိယ ဒေလ်တာစတင်ပျံ့နှံ့

မေလ လောက်မှာတော့ ကိုဗစ်ပိုးကူစက်မှုတွေ အိမ်နီးချင်း အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်မှာ ဒီရေအလားတက်လာပါတယ်။ သက်ဆိုင်ရာအစိုးရတွေရဲ့သေဆုံးမှုစာရင်းအရတောင် သိန်းနဲ့ချီ ရှိပါတယ်။ တပြိုင်နက်တည်းမှာပဲ စစ်ကောင်စီဟာ ဝင်ငွေရပေါက်နည်းသွားချိန်မှာ၊ ဝင်ငွေတစ်ခုရရှိဖို့အတွက် ရခိုင်ပြည်နယ် မောင်တောကုန်သွယ်ရေးလမ်းကြောင်းကို ဖွင့်ထားပါတယ်။ 

ဇွန်လလောက်မှာတော့ နယ်စပ်ကုန်သွယ်ရေးက လူတွေကိုဗစ်ကူးစက်ခံရတဲ့ သတင်းတွေကြားလာနေရပါပြီ။ အဲဒီအချိန်ထိ စစ်ကောင်စီဟာ ရခိုင်နယ်စပ်ကုန်သွယ်ရေးကို မပိတ်သေးပါ။ ဇူလိုင်လတုန်းက ရခိုင်စစ်ကောင်စီရဲ့အစည်းအဝေးမှာ မောင်တောနယ်စပ်ကုန်သွယ်ရေးက အကူးခံရသူ ၄၅ ဦးရှိပြီး သက်ဆိုင်ရာဆေးရုံကြီးတွေမှ ကုသစေတယ်ဆိုတဲ့ ဆုံးဖြတ်ချက်တစ်ခုကိုတွေ့ခဲ့ရပါတယ်။ 

ဇွန်ကုန်ပိုင်းနဲ့ဇူလိုင်အစောပိုင်းမှာတော့ နယ်စပ်ဝင်ပေါက်ဖြစ်တဲ့ ကလေး၊ တမူးဖက်တွေမှာလည်း ကိုဗစ်ကူးစက်ခံရမှုကြောင့် သေဆုံးတာတွေ ဆက်တိုက်ဆိုသလို ထွက်လာပါတယ်။ ချင်းပြည်နယ်က တရားဟောဆရာတွေ နေ့စဉ်ရက်ဆက် သေဆုံးတဲ့သတင်းတွေ ဖတ်လာရပါတယ်။ Zalen သတင်းတစ်ခုမှာတော့ ၇၀ ကျော်အထိရှိတယ်လို့ ဖတ်လိုက်ရပါတယ်။ 

ဒီလိုနဲ့ကျနော်ကလည်း မိသားစုတွေကို ကိုဗစ်ရောဂါမပေါ့ဆဖို့၊ အိမ်နဲ့ဖုန်းဆက်စကားပြောတိုင်း နေ့တိုင်းလိုလို မှာဖြစ်ပါတယ်။ အဓိက သုံးချက်ဖြစ်တဲ့ လက်ဆေးဖို့၊ နှာခေါင်းစည်းတပ်ဖို့၊ လူထူထပ်ရာမသွားဖို့ ကိစ္စတွေပါ။ ဇူလိုင်ဒုတိယအပတ်အထိ စစ်ကောင်စီဟာ ရခိုင်ပြည်နယ်က ကျောင်းတွေကို ဆက်တိုက်ဖွင့်ထားခဲ့ပါတယ်။ 

ကျနော့်တူမလေးနှစ်ယောက် တက်တဲ့ကျောင်းမှာ ဆင်းရဲသားတွေများတဲ့အတွက် နှာခေါင်းစည်းတပ်ဆင်သူတွေလည်း မရှိသလောက်ကိုနည်းပါတယ်။ ကိုဗစ်စည်းကမ်းနဲ့ပတ်သတ်ပြီး ကလေးတွေရဲ့သိရှိထားမှုကလည်း အင်မတန်နည်းပါတယ်။ ဆရာ၊ ဆရာမတွေကလည်း သေချာထိန်းကျောင်းနိုင်ပုံမရပါ။ 

စာသင်ကျောင်းကနေ တစ်ဆင့် ကိုဗစ်ကူးခံရနိုင်ခြေများလို့ ကျနော်က တူမလေးနှစ်ယောက်ကို ကျောင်းမတက်စေဖို့ အဖိုးအဖွားဖြစ်တဲ့ ကျနော့် အဖေနဲ့အမေကို သေချာမှာပါတယ်။ ဇူလိုင် ပထမအပတ်လောက် ကတည်းက ကလေးတွေက စာသင်ကျောင်းမသွားတော့ပါ။ ဇူလိုင် ၇ ရက်နေ့တုန်းကလည်း ကျနော့်ရဲ့ MoreMrontVlog မှာ ရခိုင်မှာဘာကြောင့်ကျောင်းပိတ်သင့်သလဲလို့ ရေးခဲ့ပါသေးတယ်။ 

                                                                  ခြံလုံပေမယ့် ပတ်ဝန်းကျင်မလုံခြုံ 

အိမ်က မိဘတွေကို အပြင်သွားရင် နှာခေါင်းစည်းတပ်ဖို့ အမြဲမှာပါတယ်။ အိမ်ကလူကြီးရော၊ ကလေးတွေပါ လိုက်နာကြပါတယ်။ ဈေးဝယ်တာက အစ အဖေကပဲ သွားပါတယ်။ ဒါပေမဲ့ ဆင်းရဲသားများတဲ့ ရပ်ကွက်မှာ နှာခေါင်းစည်းတာကို လိုက်နာသူက အတော်ရှားပါတယ်။ 

ဇွန်လကုန်ပိုင်းလောက်မှာ ကျနော့်အမေရဲ့အိမ်ရှေ့က ဈေးဆိုင်ကို အမျိုးသမီးငယ်တစ်ယောက် နှာခေါင်းစည်းမပါဘဲ လာခဲ့ပါတယ်။ ပြီးတော့မှ သူက နှာမစေးဘဲ အနံ့ပျောက်တာ ထူးဆန်းနေတယ်လို့ ဈေးဆိုင်မှာပြောခဲ့တယ်လို့သိရပါတယ်။ ရပ်ကွက်ထဲက လူတွေဟာ ဒီကိစ္စကို အမှတ်တမဲ့နေခဲ့ကြပါတယ်။ 

သူနဲ့အနီးကပ်စကားပြောဆိုခဲ့သူ ဘယ်လောက်ရှိမလဲတော့ မသိပါဘူး။ ကိုဗစ်က မာယာများလွန်းပါတယ်။ ကိုယ်ခံအားကောင်းသူတချို့ဆီမှာ ရောဂါလက္ခဏာမပြပါဘူး။ အိမ်ရှေ့က ဈေးဆိုင်နဲ့အမေတို့က အင်မတန်ရင်းနှီးပါတယ်။ အဖေနဲ့အမေကို ဘာလိုလို အမြဲကူညီပေးတတ်ပါတယ်။ ကျနော့်တူလေး တူမလေးတွေနဲ့ ဈေးဆိုင်အိမ်ရှင်ရဲ့ကလေးငယ်ကလည်း ကစားဖော်တွေပါ။ 

ဈေးဆိုင်အိမ်ရှင်ရဲ့အမေနဲ့ကျနော့်အမေလည်း ခင်ပါတယ်။ ဆိုတော့ အိမ်က အဝင်အထွက်အမြဲလိုလိုရှိပါတယ်။ ဇူလိုင် ၁၅ ရက်နေ့မှာတော့ အမေစပြီးတော့ ချောင်းဆိုးတယ်၊ ဖျားပါတယ်။ အဲလိုပဲ အိမ်က တူမလေးနှစ်ယောက်နဲ့ တူလေးလည်းပဲ ချောင်းဆိုးတာတွေဖြစ်ခဲ့ပါတယ်။ အဖေကတော့ ဘာလက္ခဏာမှ မပြပါ။ 

                                                                          မာယာများတဲ့ ကိုဗစ်

ကျနော့်အမေက အိမ်မှာ ဟင်းသီးဟင်းရွက်တွေပဲစားတာများပါတယ်။ အသား၊ ငါးတွေစားတာနည်းပါတယ်။ အကြောင်းရင်းတွေထဲက တစ်ခုကတော့ တူလေးဟာ မွေးရာပါ အော်တစ်ဇင်ပါ။ အော်တစ်ဇင်ဆိုတာ သာမန်ကလေးတွေလိုမျိုး စကားနားလည်ပြီး လိုက်ပါပြုမူတတ်တဲ့ပုံစံမျိုးမရှိတာလို့ အကြမ်းဖျင်းမှတ်နိုင်ပါတယ်။ 

ကလေးက ငါးခြောက်ကလွဲပြီး ကျန်တာတွေ မစားသလောက်ပါ။ အမေကလည်း မြေးလေးကို ချစ်ရှာတော့ အလိုလိုက်ပါတယ်။ အမေဟာ အဟာရမပြည့်ဝပါ။ ဒါကြောင့် ကိုယ်ခံအားနည်းတဲ့ အမေ့မှာ ရောဂါလက္ခဏာပေါ်ပါတယ်။ အကူးခံရတယ်လို့ ယူဆရတဲ့ တူ၊ တူမလေးနှစ်ယောက်လည်းပဲ ပြန်ကောင်းပါတယ်။ 

ကလေးတွေပြန်ကောင်းသွားတော့ အမေက ဒါက သာမန်ရာသီပေါ် တုပ်ကွေးဖျားတာမျိုးပဲဖြစ်မယ်လို့ ကျနော့်ကိုပြောတယ်။ ဒါနဲ့ကျနော်ကလည်း သေချာစည်းကမ်းလိုက်နာတာပဲ၊ ဇူလိုင် ပထမအပတ်ကတည်းက အိမ်မှာနေတာဆိုတော့ သူပြောတာလည်းဖြစ်နိုင်ခြေရှိတာပဲဆိုပြီး ယူဆလိုက်ပါတယ်။ 

ဒါပေမဲ့ ကျနော်သံသယရှိနေဆဲပါ။ ဇူလိုင် ၁၈ ရက်နေ့မှာတော့ အမေက ဖျားရာကနေ ပြန်ကောင်းပါတယ်။ ဒါပေမဲ့ ချောင်းဆိုတာတော့ကျန်နေပါတယ်။ ဖုန်းဆက်တိုင်း အမေအဆင်ပြေရဲ့လား မောတာရှိလား စသဖြင့်တဲ့အခါတိုင်း အဆင်ပြေတယ်လို့ပဲ ကျနော့်ကိုညာခဲ့ပါတယ်။ 

ဇူလိုင်၂၀ မှာတော့ အမေ့ကျန်းမာရေးကိုစောင့်ကြည့်ဖို့အတွက် ကျနော် သွေးထဲအောက်ဆီဂျင်ပါဝင်မှုတိုင်းတဲ့ Oximeter နဲ့ ချောင်းဆိုးပျောက်ဆေး Woods အဖေ့ကိုရှာဝယ်ခိုင်းပါတယ်ကျောက်ဖြူမှာဆေးဆိုင် တစ်ဒါဇင်လောက်ရှိပေမယ့် Oximeter ပြတ်လတ်နေပါပြီ။ နောက်တနေ့မှာတော့ ရပါတယ်။ တခြားလိုချင်တဲ့ ဆေးဝါးတွေရှာဝယ်တွေလည်းမရပါဘူး။ 

ဇူလိုင် ၂၁ မှာတော့ အမေအားရှိအောင် အစာစားဖို့ သေချာမှာပါတယ်။ ဓါတ်ဆားရည်တစ်နေ့ကို အနည်းဆုံး သုံးလီတာသောက်ဖို့မှာပါတယ်။ ဖုန်းခေါ်ဆိုချိန်မှာတော့ ထမင်းစားတယ်၊ အသားစားတယ်၊ ဓာတ်ဆားရည်သောက်တယ်ဆိုပေမယ့် တကယ်တော့ မသောက်ပါဘူး။ အဲဒီနေ့အထိ Oximter ပြတာက အမေ့ရဲ့အောက်ဆီဂျင်က ၉၃-၄ လောက်ရှိပါတယ်။ 

                                                                     သေမင်းတမန်တော် ယမ်းကု 

ဇူလိုင် ၂၁ ကနေ ၂၃-၄ အထိ အဖေက ကျနော့်ကိုအဆက်အသွယ်မလုပ်ပါဘူး။ အောက်ဆီမီတာတိုင်းတာလည်းပဲ ပုံမှန်ပဲပြတာမလို့ ကျနော်က အမေကျန်းမာတယ်လို့ကောက်ချက်ချပါတယ်။ တကယ်တော့ အဖေဖုန်းမဆက်ဘဲနေတာက ရိုးရိုးမဟုတ်ပါဘူး။ အမေက ဘိန်းတော ယမ်းကုဆရာဝန်တစ်ဦးကို အိမ်ခေါ်ပြီး သာမန်ဖျားနာတဲ့ဆေးထိုးခိုင်းပါတယ်။ 

ဒီယမ်းကုကလည်း ပြောရမယ်ဆို အရပ်ထဲက လူတွေခေါ်ပြီး ထိုးနေတာ သက်သာတယ်ကြားလို့အမေခေါ်လိုက်ပုံရပါတယ်။ ဒီကိစ္စတွေကို ကျနော့်ကို ကွယ်လွန်ချိန်အထိ အမေက ဖုံးကွယ်သွားခဲ့တာပါ။ ရပ်ဝေးရောက်နေတဲ့သား စိတ်မပူပင်စေဖို့ သူ့နည်းသူ့ဟန်နဲ့ လုပ်လိုက်တာပါ။ 

နဂိုကတည်းက အမေ အဟာရမပြည့်တဲ့အထဲ အဲဒီယမ်းကုက ချောင်းဆိုးနေလို့ ဘာမစား ညာမစားရမှာခဲ့ပါတယ်။ သားသမီးစကားကိုနားမထောင်ဘဲ အမေဟာ သေမင်းရဲ့တမန်တော် ယမ်းကုစကားကိုတော့ နားထောင်ခဲ့ပါတယ်။ အဟာရချို့တဲ့နေတဲ့ အမေ့ကို ကိုဗစ်ဟာ ၂၄ ရက်နေ့မှာ အကြီးအကျယ်စတိုက်ခိုက်ပါတယ်။ အဖေ့ကို ဖုန်းမခေါ်ဖို့ အမေက တောင်းဆိုလို့ အဖေက ကျနော့်ကို အဲဒီနေ့က ဖုန်းမခေါ်ပါ။ 

၂၅ ရက်နေ့ နေ့လည်မှာတော့ အဖေက အမေ့ဆန္ဒကိုငြင်းဆန်ပြီး ဖုန်းခေါ်ပါတယ်။ အဲဒါနဲ့ချက်ချင်း ကျနော် Oximeter တပ်ခိုင်းပါတယ်။ အမေ့ကို ကျနော်မယုံတော့ပါဘူး။ လက်မှာပေါ်တဲ့ ကဏန်းတွေကိုပါ ဖုန်းနဲ့သေချာပြခိုင်းပါတယ်။ သွေးထဲ အောက်ဆီဂျင်ပါဝင်မှု ၈၆ လောက်အထိ ကျနေပါပြီ။ ကျနော့်ခေါင်းတွေ ထူပူသွားပါပြီ။                                                   

                                                                            ဆေးရုံကြီးသွားရပြီ

ချက်ချင်းအရေးပေါ်ကားခေါ်ပြီး ဆေးရုံကိုသွားဖို့ အဖေ့ကိုပြောပါတယ်။ အဖေကလည်း ကူညီရေးအသင်းတွေကိုဖုန်းဆက်ပါတယ်။ လေးဝတီကုလအသင်းသားတွေ အင်မတန်တက်ကြွပါတယ်။ ဒီကနေ အခုလိုသက်စွန့်ဆံဖျားလုပ်ပေးတဲ့ အသင်းသားတွေကိုကျေးဇူးတင်ကြောင်းပြောလိုပါတယ်။ 

ညနေ ၅ နာရီဝန်းကျင်မှာတော့ ဆေးရုံကိုပို့လိုက်ရပါပြီ။ ကျနော့်ရဲ့ငယ်သူငယ်ချင်းဆရာဝန်တစ်ယောက်ဆီကို ချက်ချင်းလိုအပ်တဲ့ အကူညီတွေလှမ်းတောင်းပါတယ်။ သူက လိုအပ်တဲ့ဆေးဝါးတွေ၊ လူနာစောင့်လုပ်ပေးရမယ့်ကိစ္စတွေ အကြံပေးပါတယ်။ သူတတ်နိုင်တဲ့နည်းတွေနဲ့တခြားလိုအပ်တာကို အကုန်လုပ်ပေးပါတယ်။ (မှတ်ချက် သူက ကျောက်ဖြူဆေးရုံက ဆရာဝန်မဟုတ်ပါ။)

တူမလေးနှစ်ယောက်နဲ့ တူလေးဟာ အိမ်မှာ လူကြီးတစ်ယောက်မှမရှိဘဲ ဖြတ်သန်းရပါတယ်။ ထမင်းချက်စားတတ်တဲ့အရွယ်တွေမဟုတ်သေးပါ။ အမေဟာ ကလေးတွေကို စိတ်မချပါဘူး။ အဲဒီရက်တွေမှာ မိုးကြီးလို့ ရခိုင်က မြို့နယ်တော်တော်များများရေမြုတ်ပါတယ်။ ဆေးဝါးရှာရတာလည်း အင်မတန်ခက်ပါတယ်။ 

ဗီတာမင်စီ Vicee လိုဆေးဝါးက အစပြတ်လပ်တာပါ။ နောက်ပြီး Dexa ကလည်း ဆရာဝန်လက်မှတ်မပါဘဲ မရောင်းပါဘူး။ ဒါပေမဲ့ ရအောင်ရှာဝယ်ခဲ့ပါတယ်။ အမေ စားသောက်တာ နည်းတော့ အောက်ဆီဂျင် ၇၀ ကျော်ထိ ထိုးကျလာပါတယ်။ ဒီရောဂါဟာ အစာစားချင်စိတ်ကို တိုက်ခိုက်တာဖြစ်လို့အစာဝင်အောင်စားဖို့သေချာမှာပါတယ်။ ဓါတ်ဆားရည်လည်းသောက်ခိုင်းပေမယ့် ၂ လီတာလောက်ပဲ ကုန်ပါတယ်။ 

ဓာတ်ဆားရည်သောက်တဲ့ခဏ အောက်ဆီဂျင်ပြန်တက်ပါတယ်။ အဲလိုနဲ့ ၇၀ ကျော်ကနေ ထိုးကျတာမျိုးတော့မဖြစ်တော့ပါဘူး။ တစ်ခေါက်တလေ ၈၀ လောက်ထိ ပြန်တက်လာပါတယ်။ တဖွဖွသေချာမှာတော့ ၂၆ ရက်နေ့မှာ အမေ ဆန်ပြုတ်နည်းနည်းနဲ့ကြည်ဥ နှစ်လုံးစားပါတယ်။ အိမ်က ရုတ်တရက်ထွက်လာတဲ့ အမေနဲ့အဖေမှာ ငွေနည်းနည်းပါတာကလွဲပြီး အသုံးအဆောင် ဘာမှပါမလာပါ။ 

ဒီလိုနဲ့အဝေးရောက်နေတဲ့ ကျနော်က နယ်မြို့ကသူငယ်ချင်းတွေကိုပတ်ပြီး အကူညီလှမ်းတောင်းရပါတယ်။ ဆေးဝါးနဲ့လိုအပ်တဲ့ အကူညီတွေကို သူတို့ကပေးပါတယ်။ ထမင်းစားနည်းတဲ့အမေ့အတွက် ဘရင်းကြက်ပေါင်းရည်တိုက်ဖို့အတွက် ၂၆ ရက်နေ့ညနေမှာ သူငယ်ချင်းတွေကိုအကူညီတောင်းတော့ ၂၇ ရက်နေ့မနက်မှာ လာပို့မယ်လို့ပြောပါတယ်။ 

                                                                 လစ်ဟာချက်များ 

၂၆ ရက်နေ့ နေ့လည် ၃ နာရီလောက်မှာ အမေက စပြီးတော့ ကလန်ကဆန်လုပ်ခဲ့တာတချို့ရှိပါတယ်။ အဲဒါကတော့ အောက်ဆီဂျင်ပိုက်နဲ့အသက်ရှုရတာ အဆင်မပြေလို့ဆိုပြီး ဒီအတိုင်းချွတ်ပြီးနေတာပါ။ အဲဒီမှာ အောက်ဆီဂျင် ထိုးကျပါတယ်။ သားစကားကို နားထောင်တတ်တဲ့အမေ့အကျင့်ကိုသိတော့ အဖေက ကျနော့်ဆီဖုန်းဆက်ပါတယ်။ 

ညနေ ၄-၅ နာရီမှာ သေချာမှာပါတယ်။ မအိပ်ခင်မှာလည်း အားပေးစကားတွေပြောပြီး ပြန်ကောင်းလာမှာဖြစ်တယ်။ ထမင်းဝင်အောင်စားဖို့၊ ဓာတ်ဆားရည်များများသောက်ဖို့၊ အောက်ဆီဂျင်ပိုက်မဖြုတ်ဖို့မှာပါတယ်။ အမေလည်း နားထောင်ပါတယ်။ အောက်ဆီဂျင် ပြန်တပ်ပါတယ်။ 

ဒီလိုနဲ့အမေလိုအပ်မယ့် ကိုဗစ်ကုသရာမှာထိုးတဲ့ Remdesivir ဆေးတွေ ကျောက်ဖြူဆေးရုံကြီးမှာ ရှိ၊ မရှိ ကျနော်စုံစမ်းပါတယ်။ ဆေးရုံကြီးမှာ မရှိပါဘူး။ ဒီဆေးကလည်း ဘေးထွက်ဆိုးကျိုးရှိတာမလို့ သမားတော်ရဲ့ခွင့်ပြုချက်မှ ထိုးခွင့်ရမှာပါ။ ရောဂါအခံရှိရင် ဥပမာ ကျောက်ကပ် နှလုံး ရောဂါရှိသူတွေအတွက် ဒီဆေးက အဆင်မပြေပါ။ နောက်ပြီး ဆေးအာနိသင်ကလည်း စပြီးတော့ဖြစ်ခါ လူနာကိုထိုးပေးတဲ့အခါမှာပဲ ပိုကောင်းတယ်လို့ိသိရပါတယ်။ 

ဘာပဲဖြစ်ဖြစ် ကျနော်ကတော့ အမေ့အတွက် ဆရာဝန်သူငယ်ချင်းနဲ့တိုင်ပင်ပြီးတော့ ဒီဆေးကို မရမက ဝယ်ဖို့လိုက်ရှာပါတယ်။ ကျောက်ဖြူတစ်မြို့နယ်လုံးမှာ ဒီဆေးမရှိပါ။ Private Hospital မှာက အစ ကျနော့်သူငယ်ချင်းတွေ လိုက်ရှာကြတာပါ။ ဆေးက ရန်ကုန်ကနေ မှာရပါတယ်။ ၆ လုံးတွဲထိုးရတာဖြစ်ပြီး တစ်လုံးကို ၂ သိန်း ၁ သောင်းကျော်ပေါက်ဈေးရှိပါတယ်။ 

တစ်လုံးကို သောင်းကဏန်းသာရှိတဲ့ဆေးဟာ နေ့ချင်းညချင်း ၁၂ သိန်းကျော်ထိမြင့်တက်သွားပါတယ်။ တချို့တွေဆို သိန်း ၂၀ အထိရောင်းတယ်လို့ကြားရပါတယ်။ အင်မတန် စိတ်ပျက်စရာ၊ အောက်တန်းကျတဲ့လုပ်ရပ်တွေပါ။ နိုင်ငံခြားတွေမှာ ဒီလိုဆေးတွေကိုဈေးမြင့်ရောင်းတာဟာ ရာဇဝတ်မှုမြောက်ပါတယ်။ 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကလည်း ဈေးတင်မရောင်းဖို့ အတိအလင်းကြေညာထားပါလျက်နဲ့ ဒီအခြေအနေထိဖြစ်နေတာ နားလည်ပေးဖို့ အင်မတန်ခက်ပါတယ်။  ဆေးက ချက်ချင်းမရတော့ ရန်ကုန်ကနေ မှာတာ ၂ ရက်ကြာမှာဆိုတော့ ၂၈ ရက်နေ့မှ ရောက်မှာဖြစ်ပါတယ်။

ဆီးဝမ်းသွားရတာ အခက်အခဲရှိလို့ လူကြီး ဒိုင်ဘာနဲ့ဆီးခွက်တွေလည်း အကူညီတောင်းတာ ရပါတယ်။ အမေက ကျနော့် စကားနားထောင်ပြီး အောက်ဆီဂျင်ပိုက်လည်း ပြန်တပ်တယ်၊ ထမင်းလည်းစားတယ်၊ ကြက်ဥလည်းစားတာမလို့ ၂၆ ရက်နေ့ညက ည ၁၀ နာရီလောက်မှာ အိပ်ရာဝင်ပါတယ်။ အောက်ဆီဂျင်မပြတ်အောင် ည ၁ နာရီလောက် အဖေ့ကို ထကြည့်ပေးဖို့လည်း မှာခဲ့ပါတယ်။ 

အဲဒီနေ့ ၂၆ ရက်နေ့ညက ကျနော့်သား အိပ်ဖို့ပူဆာတော့ ဖုန်းကိုဆိုင်းလင့်လုပ်ပြီးအိပ်ခဲ့မိတယ်။ ၂၇ ရက်နေ့ မနက် အစောကြီး ၃ နာရီလောက်မှာ အွန်လိုင်းကနေ အဖေဖုန်းခေါ်ပေမယ့် ကျနော်မနိုးခဲ့ပါ။ တကယ်တော့ ရိုးရိုးဖုန်းနဲ့ခေါ်လည်းရပါတယ်။ အဖေကလည်း ပျာယာခတ်နေတော့ သတိရပုံမပေါ်ပါ။ 

                                                             အသက်ဆုံးရှုံးရတဲ့ အကြောင်းရင်းတစ်ခု 

စဖြစ်တာက ၂ နာရီခွဲလောက်မှာ အမေက လူကြီးဒိုင်ဘာနဲ့ဝမ်းသွားပါတယ်။ အမေက မနေတတ်တော့ အောက်ဆီဂျင်ပိုက်ဖြုတ်ပြီး အိမ်သာမှာ သန့်ရှင်းရေးသွားလုပ်ပါတယ်။ အိမ်သာနဲ့ လူနာဆောင်ဘယ်လောက်ဝေးသလဲ၊ ဘယ်လောက်ကြာခဲ့လဲ ကျနော်မသိပါ။ အမေ မောလာတော့ အဖေက ပြန်တွဲချီပြီးတော့ ယူလာခဲ့ရပါတယ်။ 

အဖေသာမက ဘေးက တခြားလူနာစောင့်တွေလည်း တားပါတယ် မရပါ။ အမေက ခေါင်းမာပြီးသွားခဲ့ပါတယ်။ ဒီလိုအခြေအနေမှာ သူနာပြုတစ်ယောက်သာ ကျနော့်အမေနားရှိမယ်ဆိုရင် သူ့စကားကို အမေနားထောင်မယ်လို့ ကျနော်ယူဆပါတယ်။ အိမ်သာကပြန်လာပြီး အောက်ဆီဂျင် တပ်တဲ့အချိန် SPo2 က ၆၅ လောက်ထိ ရှိပါတယ်။ ဒါပေမဲ့ ရုတ်တရက် "ရှုပ်တယ် ရှုပ်တယ်" ဆိုပြီးတော့ ပိုက်တွေကို ဆွဲဖြုတ်လိုက်ပါတယ်။ 

အဖေပြန်လုပ်ပေးပေမယ့် မရတော့ပါဘူး။ အရမ်းနောက်ကျသွားပါပြီ။ ဒီလို အသက်ရှုရပ်တဲ့အချိန်မှာ ဘေးနားမှာအရေးပေါ် ကူညီပေးမယ့် နပ်စ်တွေလည်းမရှိပါဘူး။ ဖုန်းနဲ့ခေါ်လို့ (လာမလာတောင်မသိရ) ပြောပြီး ခဏအကြာမှာတော့ အမေအသက်ရှုရပ်သွားပါပြီ။ 

အမှန်တကယ်က ရှော့ရိုက်ပြီး နှလုံးခုန် မခုန်စမ်းကြည့်ရင်တောင် မှီကောင်းမှီနိုင်ပါတယ်။ ဒီလိုဝန်ဆောင်မှုတွေ လုံးဝမရှိသလို၊ အနီးကပ်စောင့်ကြည့်ကြီးကြပ်သူတောင် မရှိတာက အတော်ဆိုးဝါးပါတယ်။  

                                                            ပြင်ဆင်ရမယ့် ဆေးရုံဝန်ဆောင်မှု 

ကျောက်ဖြူဆေးရုံမှာ ကျန်းမာရေးဝန်ဆောင်မှု အတော်လေးအားနည်းချက်ရှိပါတယ်။ ဒီလိုကိုဗစ်လူနာ အိမ်သာသွားတဲ့အဖြစ်ဟာ လုံး၀ မဖြစ်သင့်တဲ့ကိစ္စပါ။ တကယ်လို့ ward ထဲမှာ နပ်စ်ရှိလို့ ပြောခဲ့ရင်တောင် လူနာက အားနာပြီးတော့ နေမယ်ဆိုရင် အခုလို အသက်ဆုံးရှုံးမှာမဟုတ်ပါ။ ကျနော်က အမေ အိမ်သာသွားရင် မောမှာသိတဲ့အတွက် ဆီးခွက်တွေကို ၂၆ ရက်နေ့ညနေမှာ သူငယ်ချင်းနဲ့ တကူးတကမှာယူပြီးကို ပေးခဲ့တာပါ။ 

အမေက ဆီးခွက်နဲ့သွားချင်ပုံမရပါ။ ဘာလို့ဆို အဲဒီကိုဗစ်လူနာဆောင်မှာ လူနာတစ်ဦးချင်းစီရဲ့ privacy လုံခြုံမှုမရှိပါ။ ဟောခန်းကြီးဖြစ်တာမို့ တစ်ယောက်ဘာလုပ်သလဲ အကုန်မြင်နေရတာပါ။ အဖေ့ကိုလည်း အမေ အားနာပုံရပါတယ်။ တကယ်ဆိုရင် ဒီလိုနေရာမှာ ခွဲခန်းတွေမှာ အသုံံးပြုတဲ့ ဘီးတပ်ထားတဲ့ တံခါးတွေ လိပ်ကာတွေထားခဲ့ရင် ကျနော့်အမေ ဒီလိုသေရမယ်မထင်ပါ။ 

အဲလိုလိပ်ကာရှိနေခြင်းဖြင့် အမေလည်း အောက်ဆီဂျင်ပိုက်ဖြုတ်စရာ လိုမှာမဟုတ်ပါ။  ကျနော်ဒီလိုရေးလို့ သက်ဆိုင်တဲ့ ဆရာဝန်တွေ၊ သူနာပြုတွေ အပြစ်မမြင်စေချင်ပါဘူး။ ဒါဟာ အဖြစ်မှန်ကိုပြောတာဖြစ်ပါတယ်။ မပေးနိုင်တဲ့ ဝန်ဆောင်မှုတချို့က ဆေးရုံစီမံခန့်ခွဲမှုနဲ့ဆိုင်ပါတယ်။ ဆေးဝါးမလုံလောက်တာကတော့ ဆရာဝန်တွေ နပ်စ်တွေနဲ့ မသက်ဆိုင်ပါ။ 

အုပ်ချုပ်သူတွေက တာဝန်ကျေအောင် သက်ဆိုင်ရာဝန်ကြီးဌာနက ချပေးရမယ့် ကိစ္စဖြစ်ပါတယ်။ မရှိသေးတာကို မရှိဘူးလို့ ဝန်ခံရဲတဲ့ သတ္တိမွေးကြဖို့ ဆရာဝန်တွေနဲ့ ကျန်းမာရေးလုပ်သားတွေ ကျနော်အထူးမေတ္တာရပ်ခံပါတယ်။ ကျောက်ဖြူဆေးရုံက လူနာတွေတစ်ယောက်ချင်းစီကို Oximeter တစ်ခုတောင် မတပ်ပေးနိုင်တာ အတော်ဆိုးပါတယ်။  

ဒီလို လစ်ဟာချက်တွေကိုပြောပြမှ ဖြည့်ဆေးပေးရမယ်ဆိုတဲ့အသိ တနည်းအားဖြင့် ဝေဖန်မှုများမှ သက်ရောက်မှုတွေရှိတတ်တာကို နားလည်ဖို့လိုပါတယ်။ ငါ့ရာထူးတိုးတာ ထိခိုက်နိုင်သလား၊ လူကြီးတွေငြိုငြင်ခံရမှာစိုးရိမ်လို့ဆိုပြီး နှုတ်ဆိတ်မနေသင့်ပါ။ ဘာလို့ဆို ဒါဟာ လူထုကျန်းမာရေးဖြစ်ပါတယ်။ 

                                                           ကိုဗစ်လူနာများ ခွဲခြားဆက်ဆံခံရမှု

ဝန်ဆောင်မှုညံ့တဲ့ကိစ္စထဲမှာ ကျောက်ဖြူက နပ်စ်အင်အားမလုံလောက်သလို၊ ဆရာဝန်အင်အားလည်း မလုံလောက်ပါ။ ကိုဗစ်လူနာကိုထားတဲ့ အဆောင်မှာတောင် အနီးကပ်လေ့လာတဲ့ နပ်စ် ဒါမှမဟုတ် ဆရာဝန်တစ်ဦးတစ်ယောက်တောင်မရှိပါ။ စေတနာ့လုပ်အားပေးတွေလို့ ယူဆရတဲ့ ယောကျာ်းလေးတချို့သာရှိပါတယ်။ 

ကိုဗစ်ဆေးစစ်တာတွေကိုလည်း လိုအပ်သလို မြန်မြန်လုပ်ပေးမယ့်အစား ဘယ်နေ့ ဘယ်နှစ်နာရီမှ စစ်ပေးတာတို့လုပ်ပေးသလို၊ အနီးကပ်ပြုစုခဲ့ရသူတွေကိုလည်း ကိုဗစ်ဆေးစစ်တာမျိုး ကျောက်ဖြူဆေးရုံကြီးက မလုပ်ပေးပါ။ ဒီနေ့အထိ ကျနော့်အဖေကို ကိုဗစ်ဆေးမစစ်ဘဲနဲ့ အိမ်ပြန်နေခိုင်းခဲ့ပါတယ်။ 

ဆေးရုံမှာရှိနေတဲ့ ကာလတစ်လျှောက်လုံး အဖေမြင်တွေ့ခဲ့ရတာ ကြုံရတာတွေကို ကျနော်ပြန်မေးကြည့်တော့ လူနာတွေဟာ ခွဲခြားဆက်ဆံခံရတယ်လို့ ပြန်ပြောပြပါတယ်။ အကြောက်လွန်တာနဲ့လည်း ဆိုင်မယ်လို့ အဖေက ယူဆပါတယ်။

ရပ်ရွာထဲမှာ ဖျားနာသူတွေဟာ (အသိပညာနည်းတဲ့သူတွေက) ဒီရောဂါဖြစ်တာကို ရှက်စရာတစ်ခုလို့ မြင်ကြပါတယ်။ ဒါကြောင့် ဆေးရုံကို မသွားကြဘဲ အိမ်မှာဆေးမြီးတိုနဲ့ကုကြပါတယ်။ အဲဒီထဲမှာ အမေလည်း ပါတယ်လို့ဆိုရမှာပါ။ 

အမေအသက်ထွက်သွားတော့ အလောင်းကို ပြန်အနေချရတာက အစ အဖေတစ်ယောက်တည်း မနိုင်မနင်းလုပ်ရတာပါ။ ဘာအကာအကွယ်မှ မပါဘဲ၊ သာမန်နှာခေါင်းစည်းတစ်ခုတည်းနဲ့ကိုင်တွယ်ခဲ့ရတာပါ။ PPE ဝတ်ထားတဲ့ ကျန်းမာရေးလုပ်သားတွေ အနားမှာရှိမနေခဲ့ပါဘူး။ လူနာဆုံးပြီလို့ ဖုန်းက ကြားတာနဲ့ နပ်စ်တွေဟာ လူနာဆောင်ကိုတောင် မလာကြတော့ပါ။ 

 အခုထိတော့ အဖေနဲ့တူလေး၊ တူမလေးတွေ အကုန်ကျန်းကျန်းမာမာရှိနေတာမလို့ herd immunity ရတယ်လို့ ယူဆရပါတယ်။ ကျနော့်အမေဆုံးတဲ့နေ့မှာပဲ ကျနော့်အိမ်ရှေ့က ဈေးဆိုင်ရှိတဲ့ မိသားစု တစ်ခုလုံး ရောဂါလက္ခဏာပြပါတယ်။ သူတို့လည်း ဒီနေ့အထိ အရပ်ထဲမှာ သေမင်းတမန်တော် ယမ်းကုနဲ့ကုသနေကြပါတယ်။ 

                                                          မဖြစ်မနေလုပ်ရမယ့်အခြေခံ ၃ ချက်

ကိုဗစ်ဖြစ်ပြီဟေ့ဆိုရင် အခြေခံ အချက် ၃ ချက်ကို မဖြစ်မနေ လုပ်ဖို့လိုအပ်ပါတယ်။
၁- Oximeter မဖြစ်မနေ အိမ်မှာဝယ်ထားပါ
၂- အသားငါးနဲ့ထမင်း၊ ကြက်သားဆန်ပြုတ်၊ စွတ်ပြုတ်ကုန်အောင်စားပါ
၃- ဓါတ်ဆားရည် ၄ လီတာလောက် ကုန်အောင်သောက်ပါ 

သွေးထဲအောက်ဆီဂျင် ကျနေတာကို တိုင်းတာတဲ့ Oximeter ရှိမှ ဘယ်အချိန်မှာ ဆေးရုံသွားသင့်သလဲ သိနိုင်ပါတယ်။ မဟုတ်ရင် ရုတ်တရက် အသက်ရှုရပ်ပြီး သေဆုံးနိုင်ပါတယ်။ ဥပမာ ကျနော့်အမေအောက်ဆီဂျင်ကျနေတာကို ၂၅ ရက်နေ့က မသိခဲ့ရင် အဲဒီညမှာပဲ အမေဟာ အိမ်မှာကွယ်လွန်သွားနိုင်တဲ့အနေအထားရှိပါတယ်။ 

လိုအပ်ရင် နပ်စ်တွေကို ငှားပြီး အနီးကပ်စောင့်ကြည့်ကုသရင် ပိုကောင်းပါတယ်။ ဥပမာ အသက်ရှုလေ့ကျင့်ခန်းလုပ်မယ့်နည်းတွေ၊ လူနာကို အားပေးစကားပြောတာတွေ သူက လုပ်ပေးနိုင်ပါတယ်။ နောက်ပြီး အောက်ဆီဂျင်ကို လိုတိုး ပိုလျှော့လုပ်ရမယ့်ကိစ္စနဲ့အရေးပေါ်လုပ်ရမယ့်ကိစ္စတွေပါ သူက ဆုံးဖြတ်နိုင်ပါတယ်။ အစာစား၊ ဓါတ်ဆားရည်သောက်ပြီး အောက်ဆီဂျင်ပြန်တက်လု့ိရှိရင် ကိုယ်ခံအားက ကိုဗစ်ကို ပြန်တိုက်နိုင်ပြီလို့ မှတ်ယူနိုင်ပါတယ်။ 

အခုရေးထားတဲ့စာဟာ ကျနော့်အမေ ဒေါ်နီအေး ကျောက်ဖြူကိုဗစ်လူနာ အမှတ် ၁၁ အသက်နဲ့ရင်းထားတဲ့ စာတွေဖြစ်ပါတယ်။ ဒါကို သင်ခန်းစာယူပြီး ဆင်ခြင်နိုင်ကြဖို့နဲ့ကိုဗစ်တတိယလှိုင်း ဆက်လက်ရင်ဆိုင်ကြရာမှာ အထောက်အကူပြုမယ်လို့ ကျနော်မျှော်လင့်ပါတယ်။ 

ကျနော့်အမေဟာ စနစ်ဆိုးတစ်ခုရဲ့သားကောင်းဖြစ်သွားတယ်လို့ပဲမှတ်ယူပါတယ်။ ကျနော်မှာလိုက်တဲ့ ကိုဗစ်ကုသရေး Remdesivir ဆေးရောက်လာချိန်မှာ အမေလည်းထွက်သွားနှင့်ပြီ၊ မှာထားတဲ့ ကြက်ပေါင်းရည်လည်း အမေ မသောက်လိုက်ရပါဘူး။  ဒီသေဆုံးမှုမှာ မိသားစုဘက်က ပေါ့လျော့တာလည်းပါဝင်တာ ဝန်ခံပေမယ့်၊ ကျန်းမာရေးဝန်ဆောင်မှုညံ့ဖျင်းတဲ့ အာဏာသိမ်းစစ်ကောင်စီနဲ့ ကျန်းမာရေးဝန်ကြီးဌာန တစ်ခုလုံးမှာလည်း တာဝန်ရှိပါတယ်။ 

 လိုအပ်တဲ့ဆေးဝါးသာ လက်ထဲရှိရင် ကျနော် အမေ့ကို ကယ်လိုက်နိုင်မယ်ထင်ပါတယ်။







 












 


 



















 












 


 



Comments

  1. This comment has been removed by a blog administrator.

    ReplyDelete

Post a Comment

KNPP သင်တန်းဆင်း လူငယ် ၇၀ ကျော်အဖမ်းခံရ

ဒေါ်လာတစ်သိန်းဝန်းကျင်ရှိတဲ့ မန္တလေး-ဗန်းမော်လက်နက်ဖမ်းခံရမှု (Fact-Check)

ကွန်ဖက်ဒရိတ်နဲ့ဖက်ဒရယ်ခြားနားချက်

မုဒိန်းကျင့်ခံရ၊ ထောင်လည်းကျခံရတဲ့ ကျောက်တော်သူ (Explanatory)