စစ်တွေဂျမားဗလီကိစ္စ ရခိုင်လူထုအလွှာကို ခွဲခြမ်းကြည့်ခြင်း (Opinion)
ရခိုင်ပညာတတ်တွေနဲ့ သာမန်လူထုကြား၊ အထူးသဖြင့် မဘသနဲ့ခင်ညွန့်၊ နေဝင်းမှိုင်းမိနေတဲ့အုပ်စုကြား ကွာဟချက် အရမ်းကြီးတာကို ဒီရက်ပိုင်းမှာ သတိထားမိလာပါတယ်။ ဒီကိစ္စကိုပြောတာနဲ့ ဆွမ်းကြီးဝိုင်းလောင်းကြမယ်၊ တွေ့ရာသချိုင်း ဓါးမဆိုင်းဆိုသလို ပြောဆိုကြမှာ ကျနော်တွက်ဆမိပါတယ်။ ဒါပေမဲ့ အရဲစွန့်ပြီးတော့ ရေးလိုက်ပါပြီ။
အထူးသဖြင့် စစ်တွေမြို့လယ်ခေါင်က နှစ်ပေါင်းရာကျော်ရှိတဲ့ ကိုလိုနီခေတ်ဦးပိုင်းက ဂျမားဗလီအကြောင်းပြောကြရာမှာ စတင်လာတဲ့ ကိစ္စပါ။ တိုးတက်တဲ့အမြင်ရှိတဲ့ ရခိုင်အလွှာတွေက ဂျမားဗလီကို ယဉ်ကျေးမှုအမွေအနှစ်အဖြစ် ထိန်းသိမ်းထားသင့်ကြောင်း အကြံပြုတာကို ဗလီမို့လို ဘာလို့လုပ်ရမလဲဆိုတဲ့အမြင်နဲ့ ပြန်ပြီး ရိုင်းပြကြတာပါ။
ဂျမားဗလီက ဗိသုကာလက်ရာလည်းထူးခြားတယ်၊ နိုင်ငံတကာကလည်း စိတ်ဝင်စားတယ်။ အကဲဆတ်တဲ့ ဘာသာရေးကိစ္စလည်းဖြစ်တာမို့ ဒီကိစ္စကို အလေးထားကြဖို့ ပြောလာကြတာပါ။ နိုင်ငံတကာက ဘာလို့စိတ်ဝင်စားလဲ။ ဆိုတော့ အားလုံးသိကြတဲ့ ၂၀၁၂ ရခိုင်နဲ့မွတ်စလင်ကြား လူမျိုးရေးဘာသာရေးဆန်တဲ့ ပြသနာကနေ စပါတယ်။
အဲဒီကာလတုန်းက မွတ်စလင်အဆောက်အအုံတွေ ဒါဇင်နဲ့ချီဖြိုဖျက်ခံရပါတယ်။ လူပေါင်း ၁ သိန်းနဲ့ ၄ သောင်း အိုးမဲ့အိမ်မဲ့ဖြစ်ပြီး ဒုက္ခသည်စခန်းကိုရောက်သွားကြရပါတယ်။ ရခိုင်တွေလည်း ဆုံးရှုံးမှုရှိပါတယ်။ ဒါပေမယ့် ရိုဟင်ဂျာတွေကတော့ လူမှုအသိုင်းအဝိုင်းတစ်ခုလုံး ကိုယ်နေရာအိမ်ကနေ စခန်းထဲ အသွင်းခံလိုက်ရတာပါ။
အခုဆိုရင် ၉ နှစ်ထဲဝင်လာပါပြီ။ လိုရင်း ဗလီကိစ္စကို ဆက်သွားရအောင်ပါ။ ဗလီကိစ္စကို အခုမှ အကဲဆတ်ကြတာတော့မဟုတ်ပါဘူး။ ၂၀၁၇ တုန်းက ဗိုလ်မှူးကြီး ထိန်လင်းလက်ထက်မှာတောင် တရားမဝင် အဆောက်အအုံများဆိုပြီးတော့ ထပ်ဖြိုဖို့လုပ်ခဲ့ပါသေးတယ်။
ဗလီကိစ္စအကဲဆတ်တာ ဘယ်လောက်ထိဆိုးသလဲဆိုရင် ကျနော်ကိုယ်တိုင် အသတ်မခံရရုံတမယ် ၂၀၁၇ တုန်းက ကြုံခဲ့ပါတယ်။ အဲဒါကတော့ ရခိုင်ပြည်နယ် ရသေ့တောင်နယ်က စေတီပြင်ကျေးရွာမှာပါ။ တကယ်တော့ မွတ်စလင်ကျေးရွာသားတွေရာနဲ့ချီ အသတ်ခံရတဲ့ကိစ္စကို စုံစမ်းဖို့ သွားခဲ့တာပါ။ လူနှစ်ယောက်ကို ဖမ်းဖို့ တရွာလုံး လူကြီး၊ ကလေးမကျန်၊ ထောင်နဲ့ချီတဲ့လူတွေက ရွာလမ်းကို ပိတ်ဆို့ထားလိုက်ကြတာပါ။
သစ္စာဖောက်၊ လောက်ကောင်၊ သတ်ပစ်၊ ဓာတ်ပုံတစ်ပုံ သိန်း ၅ ထောင်ရ စတဲ့ ဆော်သြသံတွေနဲ့အတူ အမုန်းတရားလောင်မြိုက်နေတဲ့ ရခိုင်လူထုရဲ့မျက်လုံးတွေကို ကျနော်နားလည်ခဲ့ရပါတယ်။ ဒီနေ့ထက်ထိ ဆောင်းပါးရေးတဲ့အတွက် စာမူခကလွဲလို့ ကျနော် ဘယ်အဖွဲ့စည်းဆိကမှ ဓာတ်ပုံရောင်းလို့ငွေတပြားမှ မရဖူးပါ။ ဒါက သူတို့ရဲ့ အမှားတော့မဟုတ်ပါ။ တသက်လုံး ရိုက်သွင်းခံလာရတဲ့ ကိစ္စတွေနဲ့လည်းဆိုင်ပါတယ်။ အထူးသဖြင့် ကန်ထရိုက်သူဌေးကြီးတစ်ဦးရဲ့ သားတပည့်တွေဟာ ဒီကိစ္စတွေနဲ့မလွတ်ကင်းပါ။
ဘာလို့ ကျနော်တို့ကို သတ်ဖြတ်ချင်လောက်အောင် မုန်းတာလဲ။ စေတီပြင်ဗလီဟာ ရခိုင်မှာရှေးအကျဆုံးထဲက ဗလီတစ်ခုဖြစ်ပါတယ်။ ကျနော်ရောက်တဲ့အချိန်မှာ ဗလီက မြေပြင်အုတ်ရိုးတောင် မကျန်တော့ပါ။ အဲဒီဖြစ်ရပ်ကို ကျနော်ဖုန်းနဲ့ ပုံတွေရိုက်ယူလိုက်ပါတယ်။ ဗလီဘေးနားမှာတော့ ရခိုင်ဘုန်းကြီးကျောင်းရှိပါတယ်။ ပြောရမှာတောင် ကျနော်ရှက်ပါတယ်ဗျာ။
အဲဒီဗလီကို ကန်ထရိုက်တာရဲ့ ဘူဒိုဇာနဲ့ဖြိုချလိုက်တာပါ။ ရွာသားတွေက အကြွင်းအကျန်အုတ်ခဲတွေယူပြီး (ဘာမှတန်ဖိုးမရှိတဲ့) မီးဖိုလုပ်ကြပါတယ်။ ဒီဖြစ်ရပ်တွေကို ဓာတ်ပုံရိုက်ယူပြီးတဲ့နောက်မှာ ANP ပါတီက လူငယ်တစ်ဦးက ( ငြင်းဖို့မကြိုးစားပါနဲ့ ကျနော့်မှာ သက်သေတွေရှိတယ်။ ပုံနဲ့တကွ ထုတ်ပြလို့ရတယ်) ရုတ်ချည်းရောက်လာပါတယ်။ ပြီးတာနဲ့တရွာလုံးကို ဆော်သြတော့တာပါပဲ။
မရိုက်ကြဖို့၊ အေးဆေးဖြေရှင်းကြဖို့၊ အပြစ်ကျူးလွန်တယ်လို့မှတ်ရင်လည်း စေတီပြင်ရဲစခန်းကိုလွဲပေးကြဖို့ ကျနော်မေတ္တာရပ်ခံရပါတယ်။ ကံကောင်းတာက ဒေါသထွက်နေတဲ့လူအုပ်ကြီးက ကျနော်ဟာ သူတို့အရမ်းမုန်းတဲ့ အဲဒီတုန်းက (ဧရာဝတီသတင်းထောက်) မိုးမြင့်ဆိုတာကို မသိကြတာပါ။
မသိဘူးဆို ကျနော်လည်း မလိမ့်တပတ်ဖြေတာကြောင့်ပါ။ သိရင် ကျနော် အသတ်ခံရနိုင်ပါတယ်။ ဒီလိုနဲ့ ရွာကို တပ်မ ၂၂ က ဗိုလ်ကြီးတစ်ဦးနဲ့အတူ MA-1 ရိုင်ဖယ်ကိုင်ထားတဲ့ စစ်သားနှစ်ယောက်ရောက်ချလာတယ်။ နိုင်ငံတော်သစ္စာဖောက်ဖို့လုပ်တာပဲ ဆိုပြီးတော့ ဗိုလ်ကြီးက ပြောချလိုက်တယ်။ သေချာရှင်းပြယူရပါတယ်။
ကံကောင်းစွာနဲ့ စခန်းကို အပို့ခံရပါတယ်။ စခန်းကိုပို့ပါ ကျနော့်ကိုဖမ်းပါလို့ အကြိမ်ကြိမ်တောင်းဆိုပြီးမှ ဖြစ်လာတဲ့ရလဒ်ပါ။ ကျနော်အရမ်းပျော်သွားတယ်။ စခန်းထဲ အချုပ်ထဲမှာ နေရမှာမလို့ပါ။ ဘာပဲပြောပြော လမ်းပေါ်မှာဆို ကျနော် ချက်ချင်းသေသွားနိုင်တယ်လေ။
ဗလီကိစ္စ အကဲဆတ်တဲ့ပြသနာ ဘယ်လောက်ကြီးတယ်ဆိုတာကို ကျနော်ကိုယ်တွေ့ဖြစ်ရပ်ကို ရှင်းပြခြင်းသာဖြစ်ပါတယ်။ အသေးစိပ် မဟုတ်သေးပါ။ အခု ဂျမားဗလီကိစ္စကို ထိန်းသိမ်းဖို့ပြောတော့ ပညာတတ်အလွှာက အင်ဒိုနီးရှား၊ ဘင်္ဂလားဒေ့ရှ်က ဘန်ဒါဘန်ဒေသတွေကို နမူနာထားပြီး သေချာရှင်းပြကြပါတယ်။
ပညာတတ်ဆိုရာမှာ ပြည်တွင်း ရိုးရိုးဘွဲ့ရမဟုတ်ပါ။ နိုင်ငံတာက ဘွဲ့ရထားတဲ့ မာစတာကျောင်းပြီးတဲ့၊ တချို့ဆို PhD ရထားတဲ့သူတွေပါ ပါတယ်။ တချို့ဆို သမိုင်းကိုသေချာလေ့လာနေတဲ့ ပညာရှင်တွေပါ။
တချို့ရိုင်းပြတဲ့ စာရေးဆရာအမည်ခံသူတွေကတော့ ရခိုင်ဘုန်းကြီးကျောင်းတချို့ မပြုပြင်နိုင်တာ၊ မီးရှို့ခံရတာကို ဘာလို့မရေးလဲလို့ စောဒကတတ်ကြပါတယ်။ မြောက်ဦးမှာ အစိုးရက ရှေးဟောင်းအမွေအနှစ်ထိန်းသိမ်းဖို့ ကျပ်သန်းရာနဲ့ချီပြီးတော့ ချပေးလိုက်တဲ့ ပိုက်ဆံတွေကို ဘယ်သူစားသွားသလဲ။ ဘုရားဘယ်ပုံဖြစ်နေလဲဆိုတာကို ဆောင်းပါးတွေရှာဖတ်ပါလို့ပြောချင်ပါတယ်။
ပညာတတ်အလွှာရဲ့ထောက်ပြမှုကို တွန်းကန်မှုဖြစ်ရတဲ့ အကြောင်းအရင်းကို စဉ်းစားကြည့်တဲ့အခါ မှိုင်းတိုက်ခံရတဲ့ကိစ္စအပြင်၊ နောက်ထပ်ဖြစ်နိုင်ခြေတစ်ခုလည်း သတိထားမိပါတယ်။ အဲဒါကတော့ ပညာတတ်အုပ်စုနဲ့ သာမန်လူတန်းအုပ်စုကြား လူထုအသိပညာ မျှဝေနိုင်မှု အားနည်းတာနဲ့လည်းဆိုင်မယ်လို့မြင်ပါတယ်။ ဆိုလိုတာက ပညာတတ်အုပ်စုရဲ့ awareness ဟာ လူထုကြားမရောက်ဘဲ၊ လူမျိုးရေးဘာသာရေးအစွန်းရောက်အုပ်စုတွေရဲ့ အသိအမြင်တွေကသာ သာမန်လူထုကြားထဲ စီးဝင်သွားတဲ့ကိစ္စပါ။
ဒါကြောင့် ခေတ်နဲ့မညီတော့တဲ့ တွေးခေါ်မှု၊ ပဒေသရစ်ဆန်တဲ့အယူဆတွေကို အဆုံးသတ်ဖို့က ပညာတတ်အလွှာရဲ့သတင်းစကားတွေ အခြေခံလူထုကြားထဲ စီးဆင်းဖို့လိုအပ်ပါတယ်။ လေ့လာမှုအားကောင်းသူတွေကတော့ မဘသလိုအယူအဆတွေရဲ့ လွှမ်းမိုးခြင်းကနေ ရုန်းထွက်နိုင်တာတွေ့ရပါတယ်။
ဒါပေမဲ့ တုံ့ပြန်လာတဲ့ မှတ်ချက်တွေအရ အများစုက ကျန်နေတာကို မြင်တွေ့ရပါတယ်။ ဒါတွေကို ရပ်တန့်ဖို့၊ သာယာဝပြောတဲ့ အသွေးအရောင်စုံလင်တဲ့ အလှတရားဖြန့်ကျက်ရာနေရာဖြစ်လာဖို့ နိုင်ငံရေးသမားတွေနဲ့ CSOs တွေမှာ တာဝန်ရှိပါတယ်။ အဓိကတော့ ဒီကိစ္စကို နိုင်ငံရေးမှာအသုံးချရှောင်ရှားဖို့လိုပါတယ်။
တစ်ဘက်တည်းမဟုတ်ပါ။ မွတ်စလင်တွေဘက်ကလည်း ဒီကိစ္စကို လုပ်ရမှာပါ။ သမိုင်းကို စာပြန်ဖတ်တာနဲ့ချည်းပဲ အချိန်ကုန်မခံကြဖို့၊ မူလအနှစ်သာရကို ကြည့်ကြဖို့ နှစ်ဖက်လုံးက ရွေ့ဖို့လိုပါတယ်။ ဒီလိုမဟုတ်ဘဲ နှစ်ဘက်လုံးက မင်းဘာဘုရင်ခေတ်၊ ဝေသာလီခေတ်သာပြန်သွားပြီး ဘယ်ဘုရင်က ဘယ်လိုဖြစ်တယ်ကအစပြန်လှန်နေရင် ဘယ်တော့မှလည်း ပြီးဆုံးမှာမဟုတ်သလို။ အတူနေဖို့လည်း မယုံကြည်မှုတွေနဲ့ပဲ သံသရာလည်နေဦးမှာပါ။
REMARK : ၄ နှစ်ကြာတော့မှ ဘာလို့ထုတ်ပြောလဲလို့ မွတ်စလင်တွေနဲ့တခြားလူတွေက မေးခွန်းထုတ်နိုင်သလို၊ attention ယူတယ်လိုကလည်း ရခိုင်တွေဘက်က စွပ်စွဲလာမှာ ကျနော်တွက်ဆပြီးသားပါ။ ကျနော့်လုံခြုံရေးကြောင့်၊ တနည်းအားဖြင့် မိုးမြင့်ဆိုတဲ့ကလောင်ပျောက်မသွားဖို့ လုံခြုံတဲ့နေရာရောက်တော့မှ ကျနော် ရေးရဲတာပါ။
Comments
Post a Comment