ထိုင်းစစ်တပ်က ဘီဘီစီနဲ့ ထိုင်း၊ မြန်မာ သတင်းထောက်တွေကို ထိန်းသိမ်းထား
ထိုင်းစစ်တပ်က သံလွင်မြစ်ဘက်ခြမ်းမှာရှိတဲ့ကရင်ဒုက္ခသည်တွေအကြောင်း သတင်းယူဖို့သွားတဲ့ နိုင်ငံတကာသတင်းထောက်၊ ထိုင်းနဲ့ မြန်မာသတင်းထောက်အနည်းဆုံး သုံးဦးကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ကနဦး သတင်းထွက်နေကြောင်း သံလွင်သတင်းစာက (Salween Press) မတ် ၂ ရက်နေ့ ဒီမနက်မှာ ရေးပါတယ်။
(Updated 2:22 p.m) ဒီသတင်းတင်ပြီးချိန်၊ နေ့လည်ပိုင်းမှာတော့ ထိုင်းစစ်တပ်က ပြန်လည်လွှတ်ပေးတယ်လို့သိရပါတယ်။
သတင်းထောက်များ ထိုင်းစစ်တပ်ဖမ်းဆီးခြင်းခံလိုက်ရသော သံလွင်မြစ်ကမ်းတစ်နေရာ Photo: Salween Press |
ထိုင်းနိုင်ငံမဲဟောင်ဆောင်ခရိုင် မယ်စရီယမ်မြို့နယ် Baan Tha Ta Fang ရွာနားမှာ ထိုင်းစစ်သားတွေက တားဆီးခြင်းခံရပြီးနောက် မေးခွန်းတွေမေးရင် ဖမ်းသွားတာလို့ ရွာသားတချို့က Salween Press ကို ပြောကြပါတယ်။ ဖမ်းဆီးခံရတဲ့အထဲ ထိုင်း၊ မြန်မာနဲ့ နိုင်ငံတကာသတင်းထောက်တွေပါ ပါတယ်။
မျက်မြင်သက်သေတစ်ယောက်က သူတို့သိသလောက် အဲဒီထဲမှာ ဘီဘီစီသတင်းထောက်ပါတယ်။ သူတို့က အာဏာသိမ်းစစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကိုစိုးရိမ်လို့ထွက်ပြေးလာကြတဲ့ ရွာသားတွေအကြောင်း သတင်းလုပ်ဖို့လာကြတာလို့ပြောပါတယ်။
ထိန်းသိမ်းခံထားရတဲ့အကြောင်း တခြားသတင်းရင်းမြစ်တွေနဲ့ Salween Press က သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါ။
သတင်းထောက်တွေဟာ ထိုင်းအာဏာပိုင်တွေသတ်မှတ်ထားတဲ့အတိုင်း ကိုဗစ်စည်းကမ်းနဲ့အညီ ကွာရင်တိန်းလည်း ဝင်ပြီးသားဖြစ်တယ်လို့ဆိုကြပါတယ်။ ထိုင်းနယ်စပ်တလျှောက်မှာ ကားအဝင်အထွက်တွေကို စစ်ဆေးမှုတွေဆက်တိုက်ရှိပြီး၊ လုံခြုံရေးလည်း တင်းကျပ်ထားတယ်လို့ သိရပါတယ်။ သတင်းထောက်တွေကိုလည်း နယ်စပ်ကိုပေးမဝင်ပါဘူး။
ထိုင်းဘက်ကမ်းကို အသုံးပြုပြီး ဆန်အိတ်ပို့ဖို့ကြိုးစားတဲ့ သော့လယ်ထ ကျေးရွာ မျက်နှာချင်းဆိုင် သံလွင်မြစ်တစ်ဘက်ခြမ်းက စစ်ကောင်စီစခန်းကို KNLA က မကြာသေးခင်က သိမ်းပိုက်ထားပါတယ်။ စစ်ကောင်စီဟာ အဲဒီနေရာနားတဝိုက်ကို လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်နေတာပါ။
Comments
Post a Comment