ပါဘလို အက်စကိုဘားကို အားကျတဲ့ ရခိုင်မာဖီယားတွေ

မလေးရှားမှာ မူးယစ်ဆေးတန်နဲ့ချီမိတဲ့ကိစ္စကို မှတ်မိကြဦးမယ်နဲ့တူတယ်။ Asia World ဆိပ်ကမ်းကနေ ကွန်တိန်နာနဲ့ပို့လိုက်တာ မလေးဆိပ်ကမ်းရောက်မှ မိတဲ့ကိစ္စပေါ့။ အဲဒီမှာ နာမည်ကြီးကတော့ ယာစင် Yassin ဆိုသူပေါ့။ သူ့အချိတ်ဆက်က မင်းနိုင်၊ တပ်ထွက်၊ Nice Guy ရေသန့်လုပ်တဲ့သူ။ အမှုပြီးပီလား မပြီးသေးဘူးလား အတိအကျ မသိရသေးပါ။ 

တကယ်တော့ ဒီကိစ္စမှာ တာဝန်ရှိတာ Asia World နဲ့ အကောက်အခွန်ဌာနလည်း ပါတယ်။ အကောက်ခွန်ဌာနဆိုတာ ပြောရမယ်ဆိုရင် တပ်ထွက်နဲ့ မိုးကျရွှေကိုယ်တွေ စုထားတဲ့နေရာ။ စားမယ်ဆို ညီညီညွတ်ညွတ်စားကြ အသံမထွက်စေနဲ့ပြောတဲ့ ဌာနပေါ့ဗျာ။ 

Pablo Escobar
အဲဒီနောက်ကွယ်မှာ ပါဝင်ပတ်သတ်တဲ့လူက ထားဝယ်ကြီး ခေါ် အောင်လွင်ပေါ့။ သူ့နဲ့ယာစင်က တိုက်ရိုက်ဆက်စပ်တယ်။ တဆင့်ချင်းစီ လိုက်ကြည့်တဲ့အခါမှာ ထားဝယ်ကြီးရဲ့လမ်းကြောင်းက မလေးရှားနဲ့ မကာအိုလမ်းကြောင်းဖြစ်တယ်။ ဒီနေရာမှာ အဓိက ဘယ်လိုနည်းတွေနဲ့ တန်နဲ့ချီတဲ့ မူးယစ်ဆေးတွေရောင်းပြီး ငွေဖြူဖြစ်ကုန်လဲဆိုတဲ့ ကိစ္စပါ။ 

ထားဝယ်ကြီး၊ ယာစင်၊ မင်းနိုင် သူတို့သုံးယောက်နောက်ကို သေချာလိုက်ကြည့်သလောက် ဒီလူတွေက အင်မတန်ခြေလှမ်းကျယ်တဲ့လူတွေ။ သူ့နောက်မှာ ကွတ်ခိုင်ဘက်က အုပ်စုလည်း တိုက်ရိုက်ဆက်စပ်မှုရှိသလို၊ ရန်ကုန်က အထင်ကရစီးပွားရေးလုပ်ငန်းရှင်တချို့က အစ ပါဝင်နေတယ်လို့ ယူဆရတယ်။ ထားပါတော့။ 

ထားဝယ်ကြီး ကေ့စ်ကိုပဲ ပြန်သွားရအောင်။ တကယ်တမ်း လိုက်ကြည့်တဲ့အခါ သူ့ရဲ့ငွေလွှဲတွေက နည်းလမ်းနှစ်ခုနဲ့မြန်မာပြည်ကို လာတယ်။  တစ်ခုတော့ ဟွန်ဒီပေါ့။ ဒီဟာက တရားမဝင်နည်းဖြစ်တာမလို့ ငွေသန်းရာချီလွဲဖို့တော့အဆင်မပြေဘူး။ အဲဒီတော့ တရားဝင်လမ်းကြောင်းကို ဘယ်လို မလိမ့်တပတ်လုပ်မလဲရှာကြတဲ့အခါ export/ import ကို သွားတွေ့ပုံရပါတယ်။ 

Logistics သမားတွေက အသေးစိပ်သိနိုင်ပါတယ်။ ထားဝယ်ကြီးက မလေးဘက်ကနေ အိမ်ဆောက်ပစ္စည်းတွေ၊ တကယ့်အဖိုးတန်ပစ္စည်းတွေသွင်းတယ်။ နောက်ပြီး ဆောက်လုပ်ရေးလုပ်ငန်းတွေပါ လုပ်တယ်။ အဲဒီတော့ သွင်းလာတဲ့ပစ္စည်းတိုင်းက အကောက်ခွန်ကို တရားဝင်ဖြတ်ပြီး လာတယ်။ ဒီကိုရောက်လာတဲ့အချိန်မှာ ပစ္စည်းရောင်းထွက်တာနဲ့ ငွေဖြူဖြစ်ကုန်ရော။ အဲဒီပစ္စည်းတွေကလည်း ဆောက်လုပ်ရေးလုပ်ငန်းတွေနဲ့ချိတ်ထားလိုက်ရင် ကိစ္စပြီးပြီလေ။ 

ထားဝယ်ကြီးကိစ္စကို လိုက်ရင်းနဲ့ထပ်သိရတာက ရင်းနှီးမြှပ်နှံမှုအတွက် ငွေတွေကို အိမ်ရာနဲ့ ဟိုတယ်လုပ်ငန်းတွေမှာ သုံးတယ်။ အဲဒီဟာတွေက တရားဝင်ပိုင်ဆိုင်မှု စာရွက်စာတမ်းနဲ့တကွဖြစ်လာတော့ တော်ရုံနဲ့ခြေရာခံဖို့ခက်သွားတယ်။ အဲလိုမျိုး ငွေကို ဖောဖောသီသီသုံးနိုင်တဲ့အခါ ဒေသတွင်းမှာ နောက်ဆက်တွဲပြသနာဖြစ်တာကတော့ အိမ်ရာမြေဈေးပါ။ 

အိမ်ခြံမြေတွေဝယ်တယ်။ စုထားတယ်။ ဈေးခေါ်တယ်။ တော်ရုံနဲ့ရောင်းမထွက်ဘူး။ နမူနာတစ်ခုကို ပြောတာပါ။ ဒီတစ်ခုတည်းကြောင့် အိမ်ခြံမြေးဈေးတက်ကုန်တာလို့ပြောတာမဟုတ်ပါ။ သက်ရောက်မှုကြီးတယ်လို့ဆိုလိုတာပါ။ ဈေးကောင်းပေမဲ့ လက်တွေ့မှာ အိမ်ခြံမြေက အရောင်းသွက်လားဆိုတော့ မသွက်ပြန်ဘူး။ 

ရခိုင်မှာလည်း အလားတူပြသနာတွေထပ်ဖြစ်နေတယ်။ ကြည့်ရင် အလုပ်အကိုင်လည်း မယ်မယ်ရရမရှိ၊ အခြေခံအဆောက်အအုံ အခုထိ အထပ်မြင့်တိုက်ဆိုရင် လက်ချိုးရေလို့ရတယ်။ ၁၅ ထပ် တိုက်တို့ ဘာတို့ တစ်ခုတောင်မရှိပါ။ လုပ်ငန်းကြီးနဲ့ သိန်းဆယ်ချီရတဲ့ အလုပ်တွေမရှိသလောက်နည်းပေမယ့် လပိုင်းအတွင်းမှာ တိုက်တွေ အိမ်တွေ ဆောက်လာနိုင်ကြပါတယ်။ ဆိပ်ကမ်းကြီးရယ်လို့လည်း မရှိ၊ ဘက်ပေါင်းစုံယိုယွင်းနေပေမယ့် စစ်တွေမြေဈေးဟာ နယူးယောက်အိမ်ခြံမြေဈေးလားအောက်မေ့ရတယ်။ 

ဒီနည်းက နည်းသစ်တော့မဟုတ်ပါဘူး။ ပါဘလို အက်စကိုဘားဆိုတဲ့ ကိုလံဘီယာ ဘိန်းဘုရင်ရဲ့နည်းတွေထဲက တစ်ခုပေါ့။ သူကတော့ ငွေတွေအစား ဖွက်စရာနေရာတွေကို စိန်ဝယ်ပြီးတော့ ဖွက်တယ်။ ဒေါ်လာကို မီးလျှို့ပြီး ဆေးပေါ့လိပ်သောက်တဲ့လူပေါ့။ သူအကြောင်းပြတာကတော့ သူ့လူမှုအသိုင်းအဝိုင်းကောင်းစားဖို့အတွက် ဘာမဆိုလုပ်မယ်ဆိုတဲ့လူစားပေါ့။ 

ဘိန်းကရတဲ့ငွေတွေနဲ့ သူ့နိုင်ငံအနှံ့မှာ ဆေးရုံ၊ ဆေးခန်းတွေ၊ ကျောင်းတွေ ဆောက်တယ်။ သူ့ကို လေးစားတဲ့သူ တပည့်တပန်းတွေကလည်း အတော်များတယ်။  ကိုလံဘီယာ စစ်တပ်ကိုတောင် သူ့တပ်နဲ့သူပြန်ချတယ်။ ထောင်ဆိုရင် ကိုယ်ပိုင်ထောင်ဆောက်ပြီးတော့ နေတဲ့သူ။ 

ရခိုင်မှာလည်း အလားတူ ဒီဇိုင်းကို တုပထားတဲ့ ရခိုင်မာဖီးယားတွေရှိနေတယ်။ အများအမြင်မှာတော့ တက္ကသိုလ်ကျောင်းဆောက်တယ်၊ မြို့ကောင်းစားရေးအတွက် ဘာလှုုတယ်၊ ဘာတွေလုပ်ပေးတယ်၊ မြို့မျက်နှာဖုံးစသဖြင့်ပေါ့။ တကယ်တော့ မူးယစ်ဆေးနဲ့သစ်မှောင်ခိုရောင်းပြီး ဘုရားတည်ကြတဲ့ တိတ်အင်္ကျီင်္ဝတ်ထားတဲ့လူကြီးသူကောင်းဆိုသူတွေပေါ့ဗျာ။  

ရက္ခိုင့်တပ်တော် AA နဲ့ အခုလက်ရှိအာဏာသိမ်းစစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်နေတဲ့ကာလတွေထဲမှာ စစ်တပ်က စစ်ဆင်ရေးလုပ်ရင်းနဲ့ မူးယစ်ဆေး၊ သစ်မှောင်ခိုသင်္ဘော အချီကြီးမိတာ ရခိုင်မှာ နှစ်ကြိမ်ရှိခဲ့တယ်။ တစ်ကြိမ်က ရသေ့တောင်ဘက်မှာ သင်္ဘောအစီးလိုက်မိတာဖြစ်တယ်။ နောက်တစ်ကြိမ်က တောင်ကုတ်ချောင်းထဲမှာ မိတာကမှောင်ခိုသစ် သင်္ဘော။ 

ဒီလိုအမှုကြီးတွေဖြစ်ပေမယ့် တစ်ကြိမ်တစ်ခါမှ နောက်ကွယ်က ကြိုးကိုင်တဲ့သူကိုတော့ မမိပါဘူး။ အင်မတန်မှကို ထူးဆန်းပါတယ်။ ထူးဆန်းတယ်ဆိုရင် မြို့နယ်မှူး၊ တပ်ရင်းမှူးကို အရက်ခေါ်တိုက်တာ၊ တိုင်းမှူးက အစ ဒီလူလာရင် အမြှီးလေးနှံ့ပြီး လာရတာလေ။ 

ဆိုတော့ တပည့်တပန်းများတဲ့သူ့အဖို့ မိတဲ့ကောင်က ငါနဲ့မဆိုင်ဘူး မြင်တောင် မမြင်ဖူးဘူးဆို ကိစ္စပြီးသွားပြီ။ တရားရုံးဆိုတာလည်း ငွေနဲ့ပေါက်ရင် ခံနိုင်တဲ့ တိုင်တွေမဟုတ်ဘူး။ ငွေယူမလား၊ ကျည်ဆံယူမလားဆို ဘယ်တရားသူကြီး ခံနိုင်ရိုးတုန်း။ ဒီလိုနဲ့ လွယ်ကူတဲ့အောင်မြင်နည်းတွေကို ရှေ့ဆောင်နွားလား ဖြောင့်ဖြောင့်သွားဆိုသလို ကောက်ကောက်သွားရင် ကောက်ကောက်လိုက်မယ့်သူတွေရှိတာပေါ့။ 

ဒီလိုနည်းနဲ့ကြီးပွားလာသူတွေအတွက် ဒီမိုကရေစီဆိုတဲ့ခေတ်ဟာ ငရဲအလားပဲ။ မနေနိုင်ဘူး။ စည်းမျဉ်းစည်းဘောင်ဆိုတဲ့ဟာတွေ နည်းပညာတွေကို မြင်မှ မမြင်ဖူးတာ။ အဲဒီတော့ တရားဝင်နည်းတွေဖြစ်လာအောင် အစိုးရက စည်းရုံးရတာနဲ့ ဘာနဲ့ဖြစ်လာတော့ ဟိုစီမံကိန်း ဒီစီမံကိန်းတွေက ငွေဖြူလျှော်မယ့် လမ်းကြောင်းတွေဖြစ်လာတယ်။ 

သတိထားမိကြမှာပါ ကွတ်ခိုင်မှာ ဒေါ်လာဘီလီယံနဲ့ချီတဲ့ မူးယစ်ဆေးတွေမိတော့ ခေါင်းဆောင်ဖြစ်တဲ့ပြည်သူ့စစ်တွေက သူတို့မသိပါဘူး အောက်ခြေက လူတွေ လုပ်တာပါဆိုပြီး ဖြစ်သွားတယ်။ စစ်ခေါင်းဆောင်တွေကလည်း အလားတူ ချော်လဲရာရောထိုင်သလိုလုပ်တယ်။ သူတို့ကို တခြားစီးပွားရေးလုပ်ဖို့ လုပ်နေတယ်တို့ ဘာတို့နဲ့ကိစ္စပြတ်သွားတယ်။ အဲဒီပြည်သူ့စစ်ခေါင်းဆောင်တွေ တစ်ယောက်မှ ထောင်ကျသံ မကြားမိဘူး။ 

အလားတူပဲ ရခိုင်မှာမိလိုက်တဲ့ သင်္ဘောစင်းလိုက် မူးယစ်ဆေးအမှုတွေမှာ မာဖီးယားခေါင်းဆောင်ဟာ ထောင်မကျဘူး။ သင်္ဘောပေါ်က လူတွေပဲ ထောင်ကျတယ်။ ဒီလိုနဲ့ မူးယစ်ပင်လယ်ပြင်ဖြစ်နေရော။ ရခိုင်ပြည်နယ်က မူးယစ်သံသရာဟာ ဘယ်တော့မှလည်း ကျွတ်မယ့်လမ်းမမြင်ဘူး။ သစ်တောလည်းပြောင်ပြီ၊ ရောင်းစားစရာလည်း ရေနံကလွဲရင် မရှိတော့ဘူး။ အဲဒီတော့ ငွေရလွယ်တဲ့ မူးယစ်ဆေးဟာ ရခိုင်မာဖီးယားတွေရဲ့ အသက်ပဲ။ ကဲ.. ဘယ်လို အဆုံးသတ်ကြမလဲ။ 

အခုတော့ တိုင်းပြည်က အာဏာသိမ်းခံထားရပြီ။ မာဖီးယားတွေ အမောက်ထောင်ဖို့ မာန်ဖီပြနေပြီ။ 


Refs:
https://burma.irrawaddy.com/article/2018/06/27/162183.html 
https://burma.irrawaddy.com/news/2018/06/23/161883.html 

https://burma.irrawaddy.com/news/2020/08/19/228287.html 

https://www.bbc.com/burmese/burma-38283808

https://www.dmgburmese.com/%E1%80%9E%E1%80%90%E1%80%84%E1%80%B9%E1%80%B8/tke-wood-news.html 

https://www.dmgburmese.com/%E1%80%9E%E1%80%90%E1%80%84%E1%80%B9%E1%80%B8/md-wood.html 

https://www.facebook.com/1120229281493723/posts/1584810001702313/

https://www.dmgburmese.com/%E1%80%9E%E1%80%90%E1%80%84%E1%80%B9%E1%80%B8/md-wood.html 

https://www.bnionline.net/mm/news-59408 



 





 




Comments

  1. ကမ္ဘာမှာ 195 နိုင်ငံရှိတယ်
    မြန်မာနိုင်ငံမှာ လူလာဖြစ်တယ်

    ReplyDelete

Post a Comment

KNPP သင်တန်းဆင်း လူငယ် ၇၀ ကျော်အဖမ်းခံရ

ဒေါ်လာတစ်သိန်းဝန်းကျင်ရှိတဲ့ မန္တလေး-ဗန်းမော်လက်နက်ဖမ်းခံရမှု (Fact-Check)

ကွန်ဖက်ဒရိတ်နဲ့ဖက်ဒရယ်ခြားနားချက်

မုဒိန်းကျင့်ခံရ၊ ထောင်လည်းကျခံရတဲ့ ကျောက်တော်သူ (Explanatory)