ဒေါင်းမာန်ဟုန်စစ်ဆင်ရေးနဲ့ AA (Explanatory)

ရခိုင်နယ်စပ် ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်မှာ ၂၀၁၇ ခုနှစ်တုန်းက စစ်တပ်က မွတ်စလင်ရွာတွေကို မီးရှို့ပြီး မောင်းထုတ်ခဲ့ရာမှာ စစ်ဗျူဟာတွေကိုပါ တခါတည်း အသက်သွင်းပါတယ်။ အဲဒါကတော့ ဗျူဟာကုန်းတွေ ကျကျနန တည်ဆောက်တာပါ။ 

ကျီးကန်းပြင်နယ်ခြားစောင့်စခန်း ARSA အဖွဲ့ဝင်တွေ ဓားနဲ့ဝင်ခုတ်တာခံလိုက်ရပြီးကတည်းက ဗျူဟာတွေကို သံဆူးကြိုးအခိုင်အမာတွေ ဝန်းရံပြီးတော့ တည်ဆောက်စေပါတယ်။ ဗျူဟာတွေကို တိုက်ခိုက်ရေးအတွက် အမြဲတမ်းအသင့်ရှိမယ့် အင်အားတွေကိုပါ တခါတည်း ထည့်သွင်းထားပါတယ်။


 

အရင်တုန်းက နခခ စခန်းတွေမှာ ဒီလို စည်းစနစ်ကျမှု မရှိခဲ့ပါ။ ဗျူဟာတွေတည်ဆောက်ခါစတုန်းက မောင်တော မြောက်ပိုင်းနဲ့ တောင်ပိုင်းနေရာအများစုကို စာရေးသူကိုယ်တိုင်ရောက်ဖူးပါတယ်။ မှတ်မိသလောက် ကြိမ်ချောင်း၊ မြို့သူကြီး၊ မောရ၀တီ၊ အင်းဒင်လိုနေရာမျိုးတွေမှာ ဗျူဟာတွေထိုင်လိုက်တာပါ။ 

အဲဒီကာလတုန်းက ဘယ်စစ်ဆင်ရေး ဘာညာဆိုတာလည်း မသိရသေးသလို၊ စခန်းနာမည်တွေလည်း မပေးရသေးပါဘူး။ အခုနောက်ပိုင်းမှာတော့ ကြိမ်ချောင်းဗျူဟာကို အာဏာသိမ်းစစ်တပ်က "ဒေါင်းမာန်ဟုန်စစ်ဆင်ရေး" လို့ ပေးထားပါတယ်။ ကျန်သုံးခုကိုတော့ မသိသေးပါ။ 

အရင်တုန်းက ဆယ်ကဏန်းသာရှိခဲ့တဲ့ ကြိမ်ချောင်းလို နခခ စခန်းကို အင်အား ၄၀၀-၅၀၀ စစ်သားဝန်းကျင်ချထားပါတယ်။ နခခ လို့ဆိုပေမယ့် တကယ်တော့ စစ်သားတွေပါပဲ။ ၂၀၁၈-၂၀ အထိ ပလက်၀၊ ကျောက်တော်ဖက်မှာ တာဝန်ကျခဲ့တဲ့ လက်ရဲဇက်ရဲတဲ့စစ်သားတွေကို မောင်တောမြောက်ပိုင်းမှာ တာဝန်ပြောင်းချထားတာပါ။ 

မောင်တောတောင်ပိုင်း မောရ၀တီဗျူဟာ 

ကြိမ်ချောင်းဗျူဟာကို ဘူးသီးတောင် စကခ ၁၅  က ကွပ်ကဲပါတယ်။ လက်ရှိ AA နဲ့ဖြစ်ပွားနေတဲ့ စစ်ကြောင်းတွေဟာ ကြိမ်ချောင်းဗျူဟာကဖြစ်တယ်လို့ ဒေသခံတချို့ကပြောကြပါတယ်။ ၄ ရက်နေ့၊ မောင်တောမြောက်ပိုင်း မီးတိုက်ကျေးရွာနားက နေရာတချို့ကို စစ်ကောင်စီရဲ့စစ်ကြောင်း လာရင်းနဲ့ AA ကင်းနဲ့တွေ့ပြီး ၂ ယောက်သေဆုံးခဲ့ပါတယ်။ AA ရဲ့ ကင်းသမားလည်း ကျသွားပါတယ်။ 

မီးတိုက်နားတဝိုက်မှာ AA လှုပ်ရှားတာသိသွားတဲ့ စစ်တပ်က ၆ ရက်နေ့မှာ မင်္ဂလာညွန့်ကျေးရွာနားမှာရှိတဲ့ နယ်ခြားစောင့်တပ်ကနေ မော်တာတွေနဲ့လှမ်းပစ်တယ်။ လက်နက်ကြီး စုပြုံပစ်ခတ်ခံရတဲ့ AA ကလည်း စစ်ကောင်စီတပ်စွဲထားတဲ့ နေရာတွေကို ခွဲဖြန့်ပြီး ပြန်တိုက်ပါတယ်။ ဒါကြောင့် မောင်တောမြောက်ပိုင်းမှာ တိုက်ပွဲ ၃ နေရာလောက်ဖြစ်ပါတယ်။   

ဖြစ်တာကတော့ သင်္ဘောလှရွာနဲ့တောင်ပြိုကြား၊ တမန်းသား၊ မင်္ဂလာညွန့်ရွာနား တ၀ိုက်ဆိုရမှာပါ။ ခမောင်းဆိပ်စစ်ကောင်စီစခန်းကနေ လက်နက်ကြီးတွေယူပြီး မင်္ဂလာညွန့်ရွာနားက နခခ (၆) ရဲ့စခန်းခွဲ တောင်ကုန်းကနေ ပစ်ခတ်တာလို့သိရတယ်။ လက်ရှိအခြေအနေမှာတော့ ကြိမ်ချောင်းကနေ မောင်တောမြောက်ပိုင်း တောင်ပြိုလက်ဝဲဖက်ကို သွားလာခွင့် ပိတ်ထားပြီလို့သိရပါတယ်။ 

ကြိမ်ချောင်း ဗျူဟာ

ဘူးသီးတောင်မြို့အခြေစိုက် စကခ ၁၅ ကလည်း လက်ကျန် တပ်မ ၂၂ ရဲ့တပ်ရင်းတွေ၊ စိုင်းဒင်တံတားဖက်ချထားတဲ့ စစ်ကြောင်းတွေနဲ့ပေါင်းပြီး အင်အားတိုးချထားပါတယ်။ တခါ စကခ ၁၅ ကနေ တောင်ဘဇာဖက်ကိုလည်း အင်အားတိုးချတယ်လို့သိရပါတယ်။ 

အရေအတွက်ကိုတော့ မသိရပါ။ တောင်ဘဇာဟာ မေယုတောင်တန်းတောင်ကြောအလည်၊ ဘူးသီးတောင်မြောက်ပိုင်းနဲ့မောင်တောကြားမှာရှိတဲ့ စစ်ကောင်စီရဲ့ နခခ စခန်းတစ်ခုဖြစ်ပါတယ်။ 

ပီရွာကို တပ်ရင်း ၅၅၃ ကနေ ကားနဲ့လာပြီးတော့ ရှေ့တန်းကို ခြေကျင်သွားတယ်လို့ဒေသခံတွေပြောပါတယ်။ AA နဲ့ ဆိုင်ထားတဲ့ နေရာတွေဖြစ်တဲ့ ဘူးသီးတောင် ထိပ်တူးပေါက်ရွာ၊ ၃၁ ဖုံဘုရား၊ နွားရုံတောင်၊ ဖက်မှာလည်း စစ်ကောင်စီတပ်လှုပ်ရှားမှုတွေရှိတယ်လို့သိရပါတယ်။ 

လက်ရှိမှာတော့ အခြေအနေ တင်းမာပြီး တဖက်နဲ့တဖက် ထိုးစစ်ဆင်ကြရင် ပိုပြင်းထန်လာနိုင်လို့ ဒေသခံတွေကြားမှာတော့ စိုးရိမ်မှုရှိကြပါတယ်။ တိုက်ပွဲဒါမှမဟုတ်၊ ဖမ်းဆီးခံရမှုတွေနဲ့ပတ်သတ်ပြီး AA ငြိမ်းချမ်းအကျိုးတော်ဆောင်အဖွဲ့ကလည်း ဝင်ရောက်ဖြန်ဖြေပေး၊ ညှိနှိုင်းတာတွေရှိလို့  ပြန်လည်တည်ငြိမ်သွားတဲ့ သာဓကတွေရှိပါတယ်။ 

ရခိုင်မှာ AA နဲ့ စစ်ကောင်စီ ထိန်းချုပ်နယ်မြေတွေဟာ လက်တကမ်းအလိုမှာလိုဖြစ်နေတာမို့  KIA/ KNU တို့ ငြိမ်းချမ်းရေးယူတုန်းက အခြေအနေနဲ့ထပ်တူကျနေပါတယ်။ ဥပမာ KNU တပ်မဟာ ၂ နယ်မြေ တောင်ငူလိုဒေသမှာ ဘေးချင်းကပ်ရွာတွေမှာ စစ်ကောင်စီတပ်နဲ့ KNU တပ် ရှေ့ဆိုင်ထိုင်ထားသလို အခြေအနေမျိုးဖြစ်ပါတယ်။ 

(မှတ်ချက်- ဘူးသီးတောင်၊ မောင်တောဖက်က စစ်ကောင်စီတပ်ဖြန့်ကျက် အင်အားကို သိသူတွေ ဆက်သွယ်ပေးကြပါ။) 




















 


Comments

KNPP သင်တန်းဆင်း လူငယ် ၇၀ ကျော်အဖမ်းခံရ

ဒေါ်လာတစ်သိန်းဝန်းကျင်ရှိတဲ့ မန္တလေး-ဗန်းမော်လက်နက်ဖမ်းခံရမှု (Fact-Check)

ကွန်ဖက်ဒရိတ်နဲ့ဖက်ဒရယ်ခြားနားချက်

မုဒိန်းကျင့်ခံရ၊ ထောင်လည်းကျခံရတဲ့ ကျောက်တော်သူ (Explanatory)