စစ်ကောင်စီက ဘာကြောင့်မြောက်ဦးမှာလက်နက်ကြီးပစ်ခတ်ဖို့ရွေးသလဲ

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ရခိုင်ကို ငြိမ်းချမ်းရေးလို့ အကြောင်းပြထားပေမယ့် စစ်ဆင်ရေးကိစ္စ ပြင်စရာရှိတာကို ဆက်ပြင်ပါတယ်။ အပစ်ရပ်ထားတဲ့ကာလမှာ မင်းအောင်လှိုင်ရဲ့ တပ်မှူးတွေက ထောက်လှမ်းရေးစနစ်ကို ပြန်ပြီးတော့ တည်ဆောက်တယ်လို့နားလည်ရပါတယ်။

Photo: Reuters 
စိတ်ဝင်စားဖို့ကောင်းတဲ့ ရခိုင်သတင်းတစ်ပုဒ် မေ ၁၇ ရက်နေ့ (တနင်္လာနေ့) မှာတက်လာတယ်။ " ခေတ်မီလက်နက်ကြီးတွေ စမ်းသပ်ပစ်ခတ်မလို့ ရွာသားတွေ တောတောင်ထဲမသွားကြဖို့" အမိန့်ညွှန်ကြားစာရတယ်လို့ မြောက်ဦးမြို့နယ် ကျေးရွာအုပ်ချုပ်ရေးမှုးကို အသိပေးတယ်ဆိုတဲ့စာပါ။ စမ်းသပ်ပစ်ခတ်မယ့်နေရာနဲ့ထိစပ်နေတဲ့ ကျေးရွာပေါင်း ၁၀ ခုကျော်ကို သတိပေးထားပါတယ်။ 


MLRS 122 mm ကို ၂၀၁၈-၂၀၂၀ ရခိုင်စစ်ပွဲ ဘူးသီးတောင် စကခ ၁၅ ဝင်းထဲကနေ ပစ်ခတ်ဖူးပါတယ်။ 

စမ်းသပ်ပစ်ခတ်မယ့်နေရာက မြောက်ဦးဖြစ်ပြီးတော့ အရင် ၂၀၁၈ တုန်းက AA ဝင်စီးတာ ခံလိုက်ရတဲ့ ရဲတပ်ရင်း ၃၁ ဖြစ်ပါတယ်။ အဲဒီရပ်တပ်ရင်းက ကိုးသောင်းဘုရားနဲ့နီးပါတယ်။ စစ်တပ် တပ်ရင်းအနေနဲ့ကတော့ မြောက်ဦးမှာ ၃ ခုရှိပါတယ်။ ခမရ (၃၇၇) ၊ ခမရ (၃၇၈) ၊ ခမရ ၅၄၀ ( မြို့နဲ့ကပ်ရက် ကိုးသောင်းဘုရားသွားရာလမ်းမှာရှိ) တို့ဖြစ်ပါတယ်။ 

စမ်းသပ်ပစ်ခတ်မှုလုပ်မယ့် ကိစ္စတွေကို ပြန်ကြည့်ရင် " ခေတ်မီဆိုတဲ့စကားလုံး" သုံးထားတာကြောင့်  ဟောင်ဝှစ်ဇာ ၁၅၅ မမ၊ ၁၀၅ မမ တောင်ဖြိုအမြောက် ဒါမှမဟုတ် အတွဲလိုက်ပစ်ဒုံး ၁၂၂ မမ တွေ အပြင်၊ မော်တာကြီး ၁၂၀ မမ တွေလည်း ပါနိုင်တယ်လို့ယူဆရပါတယ်။ 

ယခုကဲ့သို့ ၁၅၅ မမ ဟောင်ဝှစ်ဇာအမြောက်ကို အစ္စရေးထံမှ နည်းပညာရယူပြီး ပြည်တွင်း ကပစတွင်ထုတ်လုပ်တယ်လို့သတင်းထွက်ပါတယ်။

ဒါမှမဟုတ် တရုတ်ကဝယ်ထားတဲ့ short-range missile တွေကို စမ်းသတ်ပစ်ခတ်မယ့်ဟာလည်း ဖြစ်နိုင်ပါတယ်။ ပြောရမယ်ဆိုရင် မြောက်ဦး၊ မင်းပြား၊ ကျောက်တော်နဲ့အမ်းကနေ ပစ်ခတ်မယ်ဆိုရင် ရက္ခိုင့်တပ်တော် AA ရှိတဲ့ ဘယ်နေရာမဆို ပစ်ခတ်လို့ရပါတယ်။ တကယ်လို့သာ အဲလိုပစ်ခတ်ခံရပြီဆိုရင် သေချာတာက AA ရှိရာနေရာကို စစ်ကောင်စီငြိမ်နေတဲ့ ကာလမှာ စုံစမ်းခဲ့တယ်လို့ ယူဆရမှာပါ။ 

ဘာကြောင့် အခုလိုအချိန်မှာ စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်ဖို့ ထုတ်ပြန်လာတာပါလဲ။ ပြီးတော့ ကျန်တဲ့အင်အားတောင့်တင်းတဲ့ (စကခ) နှစ်ခုဖြစ်တဲ့  ကျောက်တော်နဲ့ ဘူးသီးတောင်မှာ မလုပ်ဘဲ ဘာလို့ မြောက်ဦးကိုရွေးသလဲ။ စကခ တစ်ခုအောက်မှာ တပ်ရင်း ၁၀ ခုရှိပါတယ်။ တပ်မကြီး တစ်ခုစာလောက်ရှိပါတယ်။ ဖြစ်နိုင်ခြေ သတင်းစကားနှစ်ခုရှိပါတယ်။ 

၁- မြောက်ဦးဟာ ရခိုင်တို့အထွတ်အမြတ်ထားရာနေရာဖြစ်တယ်။

၂- စစ်ရေးအရရော၊ စိတ်ဓာတ်စစ်ဆင်ရေးအရပါ အသာစီးယူတဲ့သဘောဖြစ်တယ်။ ဆိုလိုတာက သဘောကျလွန်းလို့ ငြိမ်နေတာမဟုတ်ဆိုတဲ့ မက်ဆေ့ပါ။ 

စစ်တပ်နဲ့အနေနီးသူတချို့ကတော့ အမြောက်ဖြုတ်သိမ်းဖို့အတွက် ပစ်ခတ်မှုလုပ်မယ်လို့ဆိုပြန်တယ်။ ဒါက ကျိုးကြောင်းဆီလျော်မှု သိပ်မရှိပါ။ ပစ်မှတ်ကြေညာပြီး ပစ်ခတ်မှုလုပ်တာဟာ စစ်ပွဲတစ်ခုအတွက်ပြင်ဆင်တဲ့ သင်္ကေတသာဖြစ်ပါတယ်။ မကွေး မိထ္ထိလာစတဲ့မြို့နယ်တွေမှာ ပစ်ကွင်းတွေရှိပါတယ်။ ဒီလိုနေရာတွေမှာ ပစ်မှတ်စမ်းပြီဆိုရင် သိပ်မကြာပါဘူး တိုင်းရင်းသားဒေသတွေမှာရှိတဲ့ ရင်ဆိုင်တပ်တွေထိုးစစ်ဆင်တာမျိုးရှိပါတယ်။ 

ပစ်ခတ်မှုတွေက ဘယ်လောက်ထိ ကြီးမားသလဲ၊ ကြာမြင့်ချိန် ဘယ်လောက် ရှိမလဲဆိုတာကတော့ စောင့်ကြည့်ရဦးမှာပါ။ ပစ်ခတ်မှု ဧရိယာကျယ်ပြန့်လေ အန္တရာယ်ကြီးမားလေပါ။ ဘာလို့ဆို စမ်းသပ်ပစ်ခတ်မှုအတွင်းမှာ ပစ်မှတ်လွဲချော်တာတွေ၊ မပေါက်ကွဲတဲ့ လက်နက်ကြီးထိပ်ဖူးတွေ မြေကြီးထဲစိုက်ဝင်နေတာတွေရှိတတ်ပါတယ်။ 

ပစ်မှတ်လွဲတဲ့အခါမှာ ကျေးရွာတွေကိုထိ တာမျိုးလည်း ရှိတတ်တာကြောင့် တချို့စစ်ဆင်ရေးဧရိယာတွေမှာဆိုရင် ရွာတွေပြောင်းခိုင်းတဲ့အထိ ရှိတတ်ပါတယ်။ ရွာသားတွေပိုင်ဆိုင်တဲ့ လယ်မြေတွေ၊ ယာခင်းတွေ၊ သစ်ပင်တွေ အကုန်ပျက်စီးတတ်ပါတယ်။ ဒီလိုပျက်စီးရင် စစ်တပ်က လျော်ကြေးပေးဖို့အတွက် ရွာသားတွေကို စာရင်းပြုစုခိုင်းတာမျိုးတော့ရှိပါတယ်။ 

သတိပြုမိရမှာက အခုအချိန်ဟာ စစ်တပ်က အာဏာသိမ်းထားတဲ့အချိန်ဖြစ်ပါတယ်။ အရပ်သားတပိုင်းအုပ်ချုပ်တဲ့ ဒီမိုကရေစီအစိုးရခေတ်မဟုတ်တော့ပါဘူး။ ဒါကြောင့် ဒီလိုပျက်စီး ဆုံးရှုံးမှုတွေကို လျော်ကြေးရမယ်ဆိုတဲ့ ကိစ္စဟာ ရခိုင်တွေအတွက် ရှိချင်မှ ရှိမှာပါ။ ထိခိုက်မှုတွေ ရှိလာမယ်ဆိုရင်တောင် စစ်ကောင်စီက တာဝန်ယူမယ့်ကိစ္စဟာ မေးခွန်းထုတ်ဖွယ်ရာပါ။

အခုရခိုင်မှာ ပစ်ကွင်းကြေညာတာဟာ ဖြစ်နိုင်ခြေ war game ကို ပြန်စဖို့ အစပျိုးတဲ့သဘောနဲ့တူနေပါတယ်။ ဘာလို့ဆို ရခိုင်လုံနယ်ဝန်ကြီး ဗိုလ်မှူးကြီး မင်းသန်း အနားယူပြီးတော့ အသစ်တစ်ယောက်ထပ်ရောက်လာတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက မောင်တောခရီးစဉ်တစ်ခုမှာ စစ်တပ်က ဗိုလ်ချုပ်အဆင့်ရှိသူတစ်ဦးပါ လေယာဉ်နဲ့လာတာကို တွေ့လိုက်ရတယ်။ 

သဘောကတော့ နေပြည်တော်စစ်ရုံးချုပ်နဲ့ ရခိုင်အခြေစိုက် အမ်းကွပ်ကဲမှာ အမိန့်ပေးမှုနဲ့ စစ်ရေးပြင်ဆင်မှုကို အရာရှိအသစ်တစ်ဦးက ကိုင်မယ်လို့ ယူဆရပါတယ်။ 

 Short-range missile  ကို ၂၀၂၀ ခုနှစ် တော်လှန်ရေးနေ့အခမ်းအနားမှာ ထုတ်ပြခဲ့တယ်။ China made SY-400 လို့ယူဆရပါတယ်။ 
https://nenow.in/neighbour/china/chinese-missiles-for-myanmar.html
 
နောက်တစ်ခုကတော့  ရက္ခိုင့်တပ်တော်ရဲ့ အုပ်ချုပ်ရေး ယန္တရားတည်ဆောက်တာကို စစ်တပ်က သဘောမကျပါ။  AA ရဲ့အုပ်ချုပ်ရေးယန္တရားတည်ဆောက်ရာမှာ လတ်တလော သတင်းထွက်တာကတော့  အရပ်ဘက်ကို ထိန်းမယ့်  AAရဲအင်အား ထောင်ချီ သင်တန်းဆင်းပြီဆိုတဲ့အချက်ပါ။  

ကျနော်သိရသလောက် တချို့မြို့နယ်တွေမှာ  စစ်ကောင်စီရဲ့စစ်သားတွေကို AA က မြို့ပေါ်မှာ  သေနတ်တကားကားနဲ့အရင်လိုသွားလာခွင့်မပြုတော့ပါ။  နောက်တစ်ချက်ကတော့  AA ဟာ ရခိုင်ပြည်နယ်ထဲမှာပဲစစ်ပွဲမဆင်နွဲပေမယ့်  မြောက်ပိုင်းမဟာမိတ်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကို ရှမ်းမြောက်၊ ကချင်နဲ့ ကရင်ဒေသတွေမှာပါ မဟာမိတ်တပ်တွေနဲ့တိုက်ခိုက်တာတွေရှိပါတယ်။  

ဒီအချက်တွေကြောင့် အာဏာ သိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့စစ်တပ်က  ရခိုင်အပေါ်မှာ  စစ်ရေး နိုင်ငံရေးအမြဲသတိထားပြီးတော့ လှုပ်ရှားမှုမပြတ်ရှိနေတယ်လို့ သုံးသပ်ရပါတယ်။ 

ရခိုင့်တပ်တော် (AA) အရာရှိသင်တန်းဆင်းပွဲ အမှတ်စဉ် (၂) 

စစ်ကောင်စီဟာ ရခိုင်အရိုးနဲ့ ရခိုင်ကို ထိုးဖို့လုပ်တဲ့အနေနဲ့ ရခိုင်တချို့ကို သူ့ရဲ့စစ်ကောင်စီရဲ့အုပ်ချုပ်ရေးထဲ ပါလာအောင်ဆွဲထည့်ထားပါတယ်။  မင်းအောင်လှိုင်က ရခိုင်အတွင်းစည်းကို သိနိုင်သူတွေကို အသုံးချမှာပါ။ ဥပမာ KNU အတွင်းစည်းထဲရောက်ဖူးတဲ့  မန်းငြိမ်းမောင်ကို ခေါ်သုံးပြီး KNU ကို ပြန်ချတဲ့နည်းမျိုးတွေပါ။ 

ရခိုင်မှာလည်း အလားတူနည်းကို သုံးလာနိုင်ပါတယ်။ ဒါမှလည်း နေရာပေးရတာ တန်မှာပေါ့။ ဒီလိုအသုံးချမှုကို ရခိုင်ဟာ သမိုင်းအစဉ်ဆက်ကတည်းက ကြုံခဲ့ရပါတယ်။ မြောက်ဦးဘုရင်ခေတ်ပျက်သုဉ်းတာလည်း ဒီလိုအတွင်းစည်းကျိုးတာကြောင့်ပါပဲ။ စစ်ကောင်စီထဲက ရခိုင်တချို့ကို ရခိုင်လူထုတချို့က ဘယ်လိုတုံ့ပြန်မလဲဆိုတာ စိတ်ဝင်စားစရာပါ။ 

Updated: 1:55 pm 

မှတ်ချက် ။ ဒီနေ့ မတ် ၁၈ ရက် နေ့လည်ပိုင်းလောက်မှာ စစ်ကောင်စီရဲ့ထွေအုပ်ဌာနက ပစ်ခတ်မှုလုပ်မယ့်ကိစ္စကိုရပ်ဆိုင်းလိုက်ပြီဖြစ်တယ်လို့  မြောက်ဦးမြို့နယ်က ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို ဖုန်းဆက် အသိပေးတယ်လို့ ရခိုင်အခြေစိုက်သတင်းဌာနတွေက ရေးသားထားကြပါတယ်။

 

Comments

KNPP သင်တန်းဆင်း လူငယ် ၇၀ ကျော်အဖမ်းခံရ

ဒေါ်လာတစ်သိန်းဝန်းကျင်ရှိတဲ့ မန္တလေး-ဗန်းမော်လက်နက်ဖမ်းခံရမှု (Fact-Check)

ကွန်ဖက်ဒရိတ်နဲ့ဖက်ဒရယ်ခြားနားချက်

မုဒိန်းကျင့်ခံရ၊ ထောင်လည်းကျခံရတဲ့ ကျောက်တော်သူ (Explanatory)