ဘူးသီးတောင်မုဒိန်းမှုဟာ သမားရိုးကျအမှုသာဖြစ် (Explanatory)

ဘူးသီးတောင်မြို့နယ်က ခမီမိန်းကလေးတစ်ဦး မေ ၂၀ ရက်နေ့တုန်းက မုဒိန်းကျင့်ခံရတဲ့ကိစ္စကို သတိပြုမိပါတယ်။ စစ်ဘေးနဲ့ လူမျိုးရေး ဘာသာရေးအသွင်ဆောင်တဲ့ ပဋိပက္ခတွေ ဆက်တိုက်ကြုံရတဲ့ ဒေသမို့လို့ လူတွေအများစုရဲ့စိတ်က ထိလွယ်ရှလွယ်အခြေအနေပါ။ 

ပြုကျင့်ခံရသူက စစ်ဘေးရှောင်တစ်ဦးဖြစ်ပြီး စားဝတ်နေရေးဖြေရှင်းဖို့အတွက် တောင်ယာလုပ်ငန်းခွင်ဝင်နေတဲ့အခါမှာ ဖြစ်ပွားခဲ့တာလို့ ရခိုင်အခြေစိုက်သတင်းဌာနတွေမှာဖော်ပြထားပါတယ်။ 

ဒီကိစ္စကို ချဉ်းကပ်ရာမှာ ကျနော်ပြောလိုတဲ့အချက် နှစ်ချက်ရှိပါတယ်။ သတင်းတင်ဆက်မှုနည်းလမ်းနဲ့ ဒေသခံလူထုရဲ့အယူအဆ အစွဲတွေကိုဖယ်ခွာပြီး ချဉ်းကပ်ဖို့လိုတယ်တဲ့ အမြင်ပါ။ 

၁- မုဒိန်းမှုဟာ လိင်အင်္ဂါပါတဲ့ ဘယ်ယောကျာ်းမဆို ကျူးလွန်နိုင်ခြေအနည်းနဲ့အများရှိတဲ့သာမန်လူ့သဘာဝဖြစ်စဉ်ပါ။။ အင်္ဂလိပ်မလို့၊ ကပ္ပလီမလို့၊ ရခိုင်မလို့၊ မွတ်စလင်မို့လို့ ၊ ခရစ်ယာန်မလို့ဆိုတာ မရှိပါဘူး။ အသား ဖြူတာ၊ မဲတာ အဝါတာတွေနဲ့ အလျဉ်းမဆက်စပ်ပါ။ ဘာသာရေးနဲ့လည်းမဆိုင်ပါ။

နမူနာတစ်ခုပြောပြပါမယ်။ အသက်မပြည့်သေးတဲ့ ၁၃-၁၄ လောက်ပဲရှိသေးတဲ့ အိမ်အကူမလေးတစ်ယောက်ကို နာမည်ကြီး မင်းသား မင်းရာဇာ မုဒိန်းကျင့်ခဲ့ပါတယ်။ နာမည်ကျော်ကြားသူဖြစ်လင့်ကစား၊ အိမ်ထောင်သည်အမျိုးသမီး ရှိပါလျက်နဲ့ အိမ်ပေါ်မှာ အကြိမ်ကြိမ်ပြုကျင့်ခဲ့တာပါ။

နောက်တစ်ခုက ရခိုင်မှာ တစ်နှစ်မှာ မုဒိန်းမှုပြုကျင့်ခံရတဲ့ အမှုပေါင်းရာချီရှိနိုင်ပါတယ်။ ဒီလိုကေ့စ်တွေက စခန်းကိုရောက်တာရော၊ မရောက်တာရော၊ အမျိုးမျိုးရှိနိုင်တဲ့အတွက် ကိန်းကဏန်းတိကျမှု အားနည်းနိုင်ပါတယ်။ ဆိုတော့ ဒီလိုအမှုတွေကို ဘယ်သူတွေက ကျူးလွန်တာပါလဲ။ အများစုက လူစိတ်နည်းတဲ့ ရခိုင်တချို့ကျူးလွန်တာပါပဲ။ ဒါက ရခိုင်သားတိုင်းကျူးလွန်တာမဟုတ်ပါ။ မုဒိန်းကျင့်လိုစိတ်ရှိတဲ့ သူတချို့က ကျင့်တာဖြစ်ပါတယ်။ 

ဒီလိုပဲ တခြား မတူညီတဲ့အသိုင်းအဝိုင်းက ကျူးလွန်တာလည်းရှိနိုင်ပါတယ်။ ဒါပေမဲ့ အပေါ်မှာပြောသလိုပဲ ကျူးလွန်သူနဲ့သာ သက်ဆိုင်ပြီးတော့ လူမှုအသိုင်းအဝိုင်းတစ်ခုကို ကိုယ်စားမပြုပါ။ 

၂- ရခိုင်ဒေသတွင်းက သတင်းတင်ဆက်တာတွေ ဘာပဲပြောပြော အရင်ကထက်စာရင် ပိုပြီးတိုးတက်လာပါတယ်။ ဒါပေမဲ့လည်း လိုအပ်ချက်တွေကတော့ ရှိနေဆဲပါ။ လူ့ဂုဏ်သိက္ခာအရ ကာကွယ်ပေးရမယ့် အမည်နာမတွေကို ချန်ထားပေးတာက ကောင်းတဲ့တင်ဆက်မှုပါ။ တဖက်မှာ ကျူးလွန်သူကိုဖော်ပြရာမှာလည်းပဲ သာမန်ကေ့စ်ထက်ပိုပြီးတော့ သတိထားချဉ်းကပ်သင့်ပါတယ်။ 

ဥပမာ-ကျူးလွန်သူရဲ့ အသိုင်းအဝိုင်းတစ်ခုလုံးရဲ့အမည်ကိုဖော်ပြမယ့်အစား လူနာမည်ကို ဖော်ပြရင် လုံလောက်ပါတယ်။ နောက်တစ်ခုက လူမျိုးရေး ဘာသာရေးကို ဆွပေးသလိုဖြစ်စေမယ့် အသုံးအနှုန်းတွေကို အတတ်နိုင်ဆုံးရှောင်တာ ကောင်းပါတယ်။ 

ရခိုင်လူထုဘက်ကလည်း ဒီလိုအဓမ္မမှုတွေကို စဉ်းစားတဲ့အခါမှာ rational thinking ကျိုးကြောင်းဆီလျော်တဲ့ မျက်စိပွင့်နားဖွင့် စဉ်းစားသင့်ပါတယ်။ ဖြစ်သမျှ မုဒိန်းမှု ၁၀၀ မှာ လူဘယ်လောက်က ကျူးလွန်သူဖြစ်သလဲဆိုတာ ဆက်စပ်စဉ်းစားရင် အဖြေဖြစ်ပါတယ်။ 

ဒီလိုစဉ်းစားခြင်းအားဖြင့် ဖြစ်ပွားတဲ့ကိစ္စတစ်ခုဟာ သာမန်အမှုတစ်ခုလား၊ နိုင်ငံရေး၊ လူမျိုးရေး၊ ဘာသာရေးနဲ့ဆက်စပ်ခြင်း ရှိ ၊ မရှိဆိုတာ ခွဲခြားနိုင်မှာဖြစ်ပါတယ်။ အင်မတန်ဆိုးရွားတဲ့ မုဒိန်းမှုတွေဖြစ်ပွားတာတွေ ရခိုင်မှာရှိပါတယ်။ ဥပမာ ဆွေမျိုးအချင်းချင်း ပြုကျင့်တဲ့ ကေ့စ်တွေပေါ့။ 

ဒီလိုအမှုတွေတောင်ရှိနေချိန်မှာ အကာအကွယ်အားနည်းတဲ့ လုံခြုံမှုအားနည်းတဲ့ ဘူးသီးတောင် မောင်တောလိုနေရာမှာ အချိန်မရွေး သာမန်ကေ့စ်တွေဖြစ်နိုင်တယ်ဆိုတာ သိသင့်ပါတယ်။ ကျနော်ဒီလိုရေးသားတာက ပြစ်မှုကျူးလွန်ခံရတဲ့သူ နစ်နာစေမယ့်အယူအဆဆိုရင်တော့ လုံး၀ မှားပါလိမ့်မယ်။ ကျူးလွန်ခဲ့သူကို လုံး၀ အပြင်းအထန်အရေးယူသင့်ပါတယ်။  

 အထူးသတိထားရမှာက ကိုယ်တွေရဲ့ရေးသားချက်ကို တချို့အဖွဲ့အစည်းတွေက နိုင်ငံတကာ စာမျက်နှာမှာ လက်ညှိးထိုးရလွယ်အောင်လုပ်သွားမလားဆိုတဲ့ကိစ္စပါ။ ဥပမာ ရခိုင်တွေက မွတ်စလင်တွေကို ဒါမျိုးတွေသဘောထားတယ်။ အဲဒီအတွေးအခေါ်နဲ့ ရန်လုပ်ဖို့တာစူနေတယ်ဆိုတဲ့စွပ်စွဲချက်မျိုး ပုံဖော်မခံရအောင် သတိထားဖို့လိုအပ်ပါတယ်။ 

သတင်းမှာ လူမျိုးရေး ဘာသာရေးဆိုင်ရာ ကိစ္စရပ်တွေပါလာတဲ့အခါမှာ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ဆက်စပ်လုပ်ကိုင်နေသူရဲ့လက်ညှိးထိုးတာခံရနိုင်သလို၊ တဖက်မှာ မျိုးချစ်မဘသလို အုပ်စု၊ ဒါမှမဟုတ် အလားတူစိတ်မျိုးရှိသူတွေရဲ့ ပစ်မှတ်အဖြစ်လည်း အသုံးချခံရနိုင်ပါတယ်။

အဲဒီလို အသုံးချခံရတဲ့အခါမှာ ဥပမာ နိုင်ငံတော် သမ္မတရုံးက ဦးဇော်ဌေးက သီတာထွေးကိစ္စကို ဓာတ်ဆီလောင်းသလို လုပ်တာနဲ့တူပါလိမ့်မယ်။ နိုင်ငံရေးအကျိုးအမြတ်အတွက် ဘေးကနေ ဓာတ်ဆီလောင်းပေမယ့် အန္တရာယ်လည်း အသင့်ရှိနေပါလိမ့်မယ်။ ဒီလိုအသုံးချခံရတဲ့အခါ တကယ်တမ်းရင်ဆိုင်ကြုံတွေ့ ဖြေရှင်းရမှာက ရခိုင်ပြည်ထဲက ရခိုင်နဲ့မွတ်စလင်အသိုင်းအဝိုင်းတွေသာဖြစ်တယ်ဆိုတာကို သတိချပ်ကြရမှာဖြစ်ပါတယ်။ 

 








 


Comments

KNPP သင်တန်းဆင်း လူငယ် ၇၀ ကျော်အဖမ်းခံရ

ဒေါ်လာတစ်သိန်းဝန်းကျင်ရှိတဲ့ မန္တလေး-ဗန်းမော်လက်နက်ဖမ်းခံရမှု (Fact-Check)

ကွန်ဖက်ဒရိတ်နဲ့ဖက်ဒရယ်ခြားနားချက်

မုဒိန်းကျင့်ခံရ၊ ထောင်လည်းကျခံရတဲ့ ကျောက်တော်သူ (Explanatory)