KNU ဥက္ကဌထုတ်ပြန်ချက် ဂယက်ထပေမယ့်မဆဲသင့်ပါ၊ ဘာကြောင့်လဲသိချင်ရင် ဒါကိုဖတ်ပါ (Opinion)

KNU ဥက္ကဌ ဖထီး မူတူးကို နားလည်မပေးရင်တောင် ဆဲဖို့တော့ မသင့်တော်ပါဘူး။ ဘာလို့ဆို ခင်များတို့ရဲ့ကျေးဇူးသူ့အပေါ်မှာ ရှိကို မရှိတာ။ ပြည်မနေသူတွေကို ပြောတာပါ။ ဦးနုခေတ်ကနေ အခုထိ ထွက်ပြေးကြတာ KNU/KNLA နယ်ပါပဲ။ သူတို့ပဲ ခင်များတို့ကိုတောက်လျှောက်ကြိုဆို လက်ခံပေးထားတာ။ အခုလည်းပြေးသူတွေရော စစ်သင်တန်းတွေရော သူတို့ပဲ ပေးတဲ့သူတွေဆိုတာ မမေ့သင့်ပါ။

ပြန်စဉ်းစားကြည့်ပါ ကရင်ဒုက္ခသည်တွေလို့ ခင်များတို့ဆီမှာခိုလှုံပြီး စခန်းကြီး စခန်းငယ်ခိုလှုံကြတဲ့သမိုင်းရှိလို့လား။ ကျုပ်သိသလောက်တော့ မရှိပါဘူး။ ကဲ ဆိုကြပါစို့ တစ်ခုခုဖြစ်ပါပြီထိုင်းကလည်း လက်မခံလည်း ပြည်မဘက်ပြေးမယ်ဆို ခင်များတို့ သူတို့လို ကြိုဆိုနိုင်ကြမလား။ တွေးကြည့်ဖို့ပဲ ပြောတာပါ။ သိပ်အများကြီးမဟုတ်ပါ။ 

Photo : DVB English

ဖထီးမူတူးထုတ်ပြန်ချက်ကို သေချာဖတ်ကြည့်ရင် NCA မူအတိုင်းဆက်သွားမယ်ဆိုတဲ့အချက်ရယ် တချို့အဖွဲ့တွေကလည်း စည်းကမ်းအတိုင်းလိုက်နာဖို့လိုတယ်ဆိုတာရယ်၊ စားပွဲပေါ်မှာပဲ ရှင်းချင်တယ်ဆိုတဲ့အချက် သုံးခု ပါပါတယ်။ နိုင်ငံရေး စကားတွေပါပဲ။

သူ  ဘာလို့ ဒီလိုပြန်စဉ်းစားတာလဲ ဖေဖော်ဝါရီ၊ မတ်၊ ဧပြီ၊ မေလအစောပိုင်း ရှေ့ပိုင်းစာမျက်နှာတွေကို လှန်ကြည့်ရအောင်ပါ။ နိုင်ငံရေးကြောင့်လားပေါ့။ ဥပမာ ဖက်ဒရယ်ချာတာကိစ္စရယ်၊ NUG ကိုယ်စားပြုမှုရယ်၊ ဒါတွေကြောင့်လားပေါ့။ အသေးစိပ်မသိပေမယ့် အရမ်းကြိုက်တယ်လို့တော့ မကြားမိပါ။ အားလုံးသိတဲ့အတိုင်းပါပဲ မင်းအောင်လှိုင်တို့ကို မင်းတို့လုပ်တာတွေတလွဲတွေပဲကွာ ဒီအချက်တွေမပါရင် ငါတို့မင်းတို့ NCA ငါ မလုပ်နိုင်ဘူးရေးခဲ့တာလဲ သူပါပဲ။ အဲဒီတုန်းကတော့ လက်ခုပ်တီးကြတာပေါ့။ 

နောက်တစ်ခုက KNU အတွင်းစည်းကိစ္စမှာ အဆင်မပြေမှုတွေရှိပါတယ်။ ဒါကို တပ်က ကောင်းကောင်းသိတယ်။ အဲဒါကြောင့်လည်း နိုင်ငံရေးလိုင်းကိုတမျိုးပေါင်း၊ KNLA ကို တဖုံဆက်ဆံလုပ်ထားတာ။ KNU နဲ့ပတ်သတ်တဲ့ စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်ေးအာင်လှိုင်ရဲ့ ထုတ်ပြန်ချက်တွေကို ဖတ်ကြည့်ပါ။ တပ်မဟာ ၅ ဖာပွန်ခရိုင် ခေါ် Mutraw ကိုပဲ အပြစ်ဖို့ထားပြီး လူကြီးတွေဖြစ်တဲ့ KNU ဗဟိုကမကြိုက်သလိုရေးတာတွေ တောက်လျှောက်ပဲ။ 

နောက် KNU  မှာ နောက်ဆံတင်းတဲ့ ကိစ္စတစ်ခုက ခွဲထွက် DKBA စောမိုရှဲ အဖွဲ့နဲ့ လက်နက်အင်အား ငွေကြေးအင်အားတောင့်တဲ့ ဗိုလ်ချစ်သူ BGF အဖွဲ့တွေပါ။ တခါ KNU ကနေ ခွဲထွက်တဲ့ KNLA/PC ဆိုတာလည်း တဖွဲ့ရှိတယ်။ ဒီ ၃ ဖွဲ့ကို မင်းအောင်လှိုင်က သေချာစည်းရုံးထားတယ်။ အဲဒီ ၃ ဖွဲ့ပေါင်းရင် အနည်းဆုံး အင်အား ၄၀၀၀ ဝန်းကျင်ရှိတယ်။ အဲဒီအင်အားက မနည်းဘူး။ 

ဒီအချက်ကို ဘာလို့ထည့်ပြောရလဲဆိုတော့ DKBA ရှိတဲ့ ကလိုထူးဘော စစ်ဒေသက ဖထီးမူတူးရဲ့ ထုတ်ပြန်ချက်ကို လှိုက်လှဲစွာကြိုဆိုကြောင်း ဒီနေ့ မေလ ၁၀ ရက်နေ့ တစ်နေ့တည်းမှာ ရှေ့ဆင့်နောက်ဆင့်ထုတ်ပြန်ခဲ့ပါတယ်။ 

အခု တပ်မဟာ-၅ တပ်မှူးက ထုတ်ပြောထားတယ် BGF အင်အား ၆၀၀ လောက် သူတို့နယ်မြေထဲရောက်နေတယ်တဲ့။ ဒီလိုအခြေအနေမှာကရင်အချင်းချင်း သွေးထွက်သံယိုမ ဖြစ်အောင် ဖထီး မူတူးစဉ်းစားတာလည်း ဖြစ်နိုင်ပါတယ်။  KNU ရှေ့ထွက်လာရင် BGF နဲ့ DKBA ကဒ်တွေကို ထုတ်သုံးလာနိုင်တယ်လို့အရင်ကလည်း ကျနော်ပြောဖူးတယ်။ အခု အဲအချိန်ကိုရောက်လာပြီ။ KNU ကြိုက်တဲ့လမ်းကို ရွေးပေါ့။ ကိုယ့်လူချင်း ပြန်ချမလား၊ စစ်အုပ်စုအကြိုက် မျှောခံနေမလား။ နမူနာ တစ်ခုတော့ရှိတယ်။ ရခိုင်မှာတော့ သူခိုးလမ်းပြဆို အပြတ်ရှင်းတာပဲ။ 

တောင်ပိုင်းစက်မျက်နှာမာ KNU က နိုင်ငံရေးအရ စဉ်းစားတဲ့အခါမှာ NCA ကိစ္စကို ပြန်ဆုပ်ကိုင်တာဟာ သူ့အတွက် အသက်ရှုချောင်မှာပါ။ ဥပမာ BGF နဲ့ DKBA တပ်တွေ စစ်ကောင်စီဘက်ကနေ ရပ်ပြီးတိုက်ခိုက်လာရင် KNU မှာ အဓိက ရင်ဆိုင်ရမယ့် တပ်မဟာက ၅-၃-၂-၁ ပဲ ရှိပါတယ်။ ၂ ကလည်း သိပ်တော့ အားမကောင်းပါ။ ကျန်တဲ့ တပ်မဟာတွေ ၄-၆-၇ ကတော့ တိုက်ပွဲဖြစ်တာ မရှိသလောက်ပါပဲ။ တကယ်လို့ KNU က NCA ကို ဆုပ်ကိုင်သွားရင်  မြောက်ပိုင်းစစ်မျက်နှာမှာ KIA ကတော့ ပိုပြီးအဖိခံရသွားနိုင်ပါတယ်။ 

နောက်တစ်ခုရှိတာက အခု PDF တပ်က KNU မှာ သင်တန်းတက်ပြီးရင် အရင် AB တွေလို ငြိမ်မသွားဖို့ကလည်း NUG မှာ အထူးတာဝန်ရှိပါတယ်။ အခု PDF ဖွဲ့တာတွေရော မြို့နယ်အလိုက် နာမည်မျိုးစုံနဲ့ထွက်နေတာတွေရော ဘယ်သူက ဘယ်သူ့ကို တာဝန်ခံမလဲ၊ အမိန့်ဘယ်သူက ပေးမလဲ၊ ကွပ်ကဲက ဘယ်လိုရှိမလဲဆိုတဲ့စီမံခန့်ခွဲမှုနဲ့ ပရိုတိုကော အပိုင်းကိုရောက်လာပြီ။ NUG မှာ စစ်သင်တန်းတက်ဖို့လူရှိပေမယ့် အဲဒါကို စနစ်တကျဖြစ်အောင် ပြုစုပျိုးထောင်ပေးမယ့် လူနည်းနေတယ်။ 

KNU မတိုက်ရင်တောင် ဒါမှမဟုတ် နိုင်ငံရေးအရ သံတမန်စကားပြောတယ်ဆိုရင် KNU နယ်မြေထဲက စစ်သင်တန်းတက်နေတဲ့အဖွဲ့တွေက ရှေ့တန်းမြေပြင်မှာ ပူးပေါင်းတိုက်ဖို့တော့လိုတယ်။ နောက်တစ်ခုက အိမ်ရှင်က ဧည့်သည့်ကို အားနာရမယ်။ တိုက်ပွဲတောင်မတိုက်ရသေး ရသမျှ ကောင်းတဲ့နာမည်ကိုခရက်ဒစ်ယူတာမျိုး မဖြစ်သင့်ဘူး။ ဟိုးတနေ့က တစ်ဖွဲ့တွေ့လိုက်တယ်။ အမြောက်သီး သွားသိမ်းတာကို ဂုဏ်ယူဝင့်ကြွားစွာတင်နေတာမျိုးပေါ့။ 

ဆိုတော့ KNU မှာလည်း သူ့အားနည်းချက်နဲ့သူ အများကြီး။ ငွေကြေး မတောင့်တင်းဘူး။ လက်နက်အကန့်အသတ်ရှိတယ်။ ဒါတွေကို မဟာမိတ်အဖြစ် ပေါင်းသင်းမယ့် NUG က ဘယ်လောက်ထိ ကူညီဖြေရှင်းပေးနိုင်မလဲဆိုတဲ့ မေးခွန်းတွေရှိတယ်။ ကျည်တစ်တောင့်ကို မြန်မာငွေ ငါးရာပဲ တွက်ပါ။ အတောင့် နှစ်ထောင်ဆိုရင်တောင် ဆယ်သိန်းဖြစ်နေပြီ။ 

မနေ့က NUG က ထုတ်ပြန်တဲ့ PDF သစ္စာဆိုပွဲ ဖိုင်အရဆိုရင်သင်တန်းသား နှစ်ရာလောက်ရှိတယ်။ သင်တန်းသားတစ်ယောက် သေနတ်ကောင်းကောင်းပစ်တတ်ဖို့ အနည်းဆုံး ကျည်အချက် ၃၀ လောက်တော့ ပစ်ခတ်ရမှာပါပဲ။ အဲဒီမှာတင် ကျည်အတောင့် ၆ ထောင်ကုန်မယ်။ သဘောကို တွက်ပြတာပါ။ မှောင်ခိုဈေးကွက်က ဝယ်ရမယ့် ကျည်ကိုတစ်တောင့် ၅၀၀ ကျပ်ဆိုတော ၃ သန်းကုန်မယ်။ သေနတ်ဖိုး၊ လက်နက်ကြီးဖိုးတွေ မပါသေးဘူး။ ထားပါတော့။ 

အခု ဖထီးထုတ်လိုက်တဲ့ စတိတ်မင့်တစ်စောင်က တာအများကြီးသွားတာတော့ အမှန်ပါပဲ။ ဒါပေမဲ့ လက်နက်ကိုင်လမ်းစဉ်ထက် ကြမ်းတမ်းတဲ့ လမ်းဆိုတာ မရှိတော့ဘူး။ အဲလိုလမ်းကိုရွေးထားပြီးမှတော့ ဘာလို့ တခြားဟာကို တွေးပူနေသေးတာတုန်း။ ကိုးကန့်တို့၊ KIA တို့၊ AA တို့လိုသာ အချခံရမယ်ဆို ရူးခါနေမှာပဲ။ KNU ကိုချည်းပဲ အားကိုးတာထက် ကိုယ့်ဟာကိုလည်းပဲ အားယူရုန်းထွက်ဖို့လိုပါတယ်။ 








Comments

  1. ခင်ဗျားဘာကိုပြောချင်တာလဲ နားမလည်ဘူး. ခုခောတ်ကလေးတွေ ကိုယ့်အားကိုယ်ကိုးလို့ တောထဲရောက်KNU တို့KIA တို့မှာခိုလုံတာပေါ့၊ဒါကိုခုကြတော့ မှစားပွဲပေါ်မှာရှင်းမယ်တို့ဘာတို့ပြောပြီး တောထဲကငါတို့ကလေးတွေကိုထိုးကျွေးလိုက်ရင်ဘယ်လိုလုပ်မလဲ ၊ ဘယ်သူတွေဘာဆဲလဲတော့မသိဘူး
    ဆဲခဲ့ရင်တောင်နငိတို့တိုင်းရင်းသားတွေကို အားကိုးလို့ ဆဲမိတာ ခံလိုက်။ မီဒီယာ editor တစ်ယောက်လုပ်ပြီး Public ကိုစောက်ပြစ်မပြောနဲ့ ။

    ReplyDelete
  2. ပြောထားတာ ရှင်းရှင်းလေး။ ခင်များတို့ ကျွေးထားတာ
    တစ်နပ်မှ မရှိဘူးဆိုတာပဲ။ KNU ကိစ္စ KNU ပဲရှင်းလိမ့်မယ်။
    ဘေးကနေ ဝင်ဆဲစရာမလိုဘူးလို့ပြောတာ။ စာကိုသေချာဖတ်
    အိမ်ရှင်ကိုလည်း အားနာဦး။

    ReplyDelete

Post a Comment

KNPP သင်တန်းဆင်း လူငယ် ၇၀ ကျော်အဖမ်းခံရ

ဒေါ်လာတစ်သိန်းဝန်းကျင်ရှိတဲ့ မန္တလေး-ဗန်းမော်လက်နက်ဖမ်းခံရမှု (Fact-Check)

ကွန်ဖက်ဒရိတ်နဲ့ဖက်ဒရယ်ခြားနားချက်

မုဒိန်းကျင့်ခံရ၊ ထောင်လည်းကျခံရတဲ့ ကျောက်တော်သူ (Explanatory)