ALP/ALA တပ်ဖွဲ့ဝင်ငါးဦးကို အိန္ဒိယဖမ်းဆီး

အိန္ဒိယနိုင်ငံ မီဇိုရမ်နယ်စပ်မှာ ရခိုင်လွတ်မြောက်ရေးပါတီ (ALP/ALA) တပ်ဖွဲ့ဝင် ငါးဦးကို လက်နက်ခဲယမ်းနဲ့တကွ ဖမ်းမိခဲ့တယ်လို့ အိန္ဒိယနယ်စပ်သတင်းတွေက ဒီနေ့ ဇွန် ၁၂ ရက်နေ့မှာဖော်ပြပါတယ်။ 

အဖမ်းခံရသော ALP/ ALA တပ်ဖွဲ့ဝင်များ 

အာသံရိုင်ဖယ်တပ်ဖွဲ့နဲ့ မီဇိုရမ်ရဲတပ်ဖွဲ့တို့ လုံတ်လိုင် (Lawngtlai) ဒေသမှာ ပူးပေါင်းစစ်ဆင်ရေးလုပ်ရာမှာ ဖမ်းဆီးရရှိခဲ့တာလို့ဆိုပါတယ်။ Arakan Liberation Army (ALA) ဟာ မြန်မာနိုင်ငံမှာ အစိုးရနဲ့အပစ်အခတ်ရပ်စဲရေး (NCA) လက်မှတ်ရေးထိုးထားတဲ့အဖွဲ့ဖြစ်ပါတယ်။

ALA တပ်ဖွဲ့ဝင်တွေဟာ အိန္ဒိယ- မြန်မာနယ်စပ် လုံတ်လိုင်ခရိုင်ထဲက Kakichhuah ကျေးရွာထဲကို တရားမဝင်ဖြတ်ကျော်ရောက်လာတာလို့ ရဲတပ်ဖွဲ့ဝင်တွေကဆိုပါတယ်။ 

ပစ္စတို (၉ မမ) တစ်လက်၊ ပွိုင့် ၃၈ ခြောက်လုံးဗြူးတစ်လက်၊ ကျည်ဆံ ၅၅ တောင်နဲ့ လက်ပစ်ဗုံး ၅ လုံး လက်ဝယ်တွေ့ရှိခဲ့ပါတယ်။ အိန္ဒိယရဲက ALP/ALA တပ်ဖွဲ့ဝင် ငါးဦးကို လက်နက်မှောင်ခိုမှုနဲ့ နိုင်ငံခြားသားအက် ဥပဒေနဲ့ အမှုဖွင့်ထားပြီးတော့ စုံစမ်းစစ်ဆေးမှုတွေ ဆက်လုပ်မယ်လို့သိရပါတယ်။ 

ဖမ်းဆီးရမိသော လက်နက်ငယ်တချို့

လုံတ်လိုင်ဒေသဟာ မြန်မာနိုင်ငံ ချင်းပြည်နယ်နဲ့ထိစပ်နေတဲ့အတွက် ချင်းနဲ့ရခိုင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေလှုပ်ရှားမှုရှိရာဒေသတစ်ခုဖြစ်ပါတယ်။ 

ALP/ALA ဟာ ရခိုင်ပြည်နယ်ထဲမှာ ခြေကုတ်စခန်းကြီးကြီးမားမားမရှိတော့ပါဘူး။ သူ့ရဲ့တပ်ဖွဲ့ဝင်တချို့ကတော့ ဘင်္ဂလားဒေ့ရှ် ဘန်ဒါရ်ဘန်ဒေသက တချို့ရွာတွေမှာ လှုပ်ရှားတာတွေရှိပါတယ်။ 


 



Comments

KNPP သင်တန်းဆင်း လူငယ် ၇၀ ကျော်အဖမ်းခံရ

ဒေါ်လာတစ်သိန်းဝန်းကျင်ရှိတဲ့ မန္တလေး-ဗန်းမော်လက်နက်ဖမ်းခံရမှု (Fact-Check)

ကွန်ဖက်ဒရိတ်နဲ့ဖက်ဒရယ်ခြားနားချက်

မုဒိန်းကျင့်ခံရ၊ ထောင်လည်းကျခံရတဲ့ ကျောက်တော်သူ (Explanatory)