သံတွဲမြစ်အထက်ဘက်မှာ စစ်ကောင်စီတပ်ဖြန့်ချထား

ပြည်မကနေ တိုက်ရိုက်လာတဲ့ စစ်ကားလေးစီးဟာ ရခိုင်ပြည်နယ်တောင်ပိုင်း၊ သံတွဲမြို့နယ် အရှေ့တောင်ဘက် သံတွဲမြစ်အထက်ပိုင်း မီးနီကွင်းကျေးရွာအုပ်စုထဲက ကင်းပွန်းခြုံကျေးရွာနားမှာ စခန်းချတယ်လို့ MoreMrontBlog က စုံစမ်းသိရှိရပါတယ်။ 


ဆယ့်ငါးမိုင်ဝန်းကျင်ဝေးတဲ့ မီးနီကွင်းကျေးရွာအနားမှာ ချင်းကျေးရွာတချို့ရှိပါတယ်။ သံတွဲမြို့ကနေ မီးနီးကွင်းကို ကားလမ်းမရှိပါဘူး။ သံတွဲမြစ်အတိုင်း အထက်ဘက်ကို စက်လှေနဲ့ ဆန်တက်ရတာဖြစ်ပါတယ်။ မီးနီကွင်းနဲ့ ၈ ကီလိုမီတာ အဝေးမှာတော့ ခရီးသွားတွေကြားနာမည်ကြီးတဲ့ Ta Lal Nal ဆိုတဲ့ ဆင်စခန်းရှိပါတယ်။ 

ရခိုင်ပြည်နယ်တောင်ပိုင်း သံတွဲဘက်မှာ ရက္ခိုင့်တပ်တော် AA စိမ့်ဝင်လှုပ်ရှားတာကို ဖြတ်တောက်ဖို့အတွက်၊ သံတွဲမြစ်ကြောင်းတလျှောက်နဲ့ ရခိုင်ရိုးမပေါ်က တောနက်တွေကို လေ့လာစောင့်ကြည့်ဖို့ ရည်ရွယ်ပုံရပြီး အင်အား ၁၀၀ ဝန်းကျင်ရှိနိုင်တယ်လို့ ယုံကြည်ရတဲ့ သံတွဲသတင်းရင်းမြစ်တစ်ခုက MoreMrontBlog ကိုပြောပါတယ်။ 

အခုဖြန့်ကျက်ချထားတဲ့ တပ်ဟာ ပြည်မထဲကနေ လွန်ခဲ့တဲ့ ၁၀ ရက်လောက်ကတည်းက ထရပ်ကားလေးစီးနဲ့ ရောက်လာတာဖြစ်ပြီး၊ ဒေသခံသံတွဲတပ်ရင်းက မဟုတ်ဘူးလို့သိရပါတယ်။ ရခိုင်ပြည်နယ်မှာရှိတဲ့ ဒေသခံတပ်ရင်းတွေကို မယုံကြည်လို့ ပြည်မကနေ တိုက်ရိုက်ကွပ်ကဲတဲ့သဘောလိုက သူက သုံးသပ်ပါတယ်။ 

ရခိုင်ပြည်နယ်သံတွဲမှာ ရက္ခိုင့်တပ်တော် AA က အခြေချလှုပ်ရှားမှု ရှိ၊ မရှိကိုတော့ AA ဘက်က အတည်ပြုတာ မရှိပါဘူး။ ဒါပေမဲ့ ဒေသခံတွေကြား အထူးသဖြင့် ကျေးရွာတွေဘက်က တချို့အမှုအခင်းကိစ္စကို AA က ကိုင်တွယ်ဖြေရှင်းပေးတယ်ဆိုတဲ့သတင်းတွေ ပျံ့နှံ့လျှက်ရှိပါတယ်။ 

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အာဏာသိမ်းလိုက်ပြီးနောက်ပိုင်းမှာ AA ကို သံတွဲဒေသခံတွေထောက်ခံမှုပိုများလာတယ်လို့ပြောကြပါတယ်။  

သံတွဲတပ်ရင်း ၅၅ နဲ့ ၅၆၆ မှာလည်း စစ်လက်နက်နဲ့လူအင်အားဖြည့်တင်းတာတွေ၊ ဘန်ကာတွေအသစ်တွေ တည်ဆောက်မှုတွေကို ပြီးခဲ့တဲ့ ၃ ပတ်လောက်ကတည်းက လုပ်နေတာပါ။ ညဘက်တွေမှာလည်း စစ်ဘက်သုံး ဒရုန်းတွေပျံသန်းမှုတွေရှိခဲ့ပါတယ်။ 

တပ်ရင်း ၅၆၆ ဟာ သံတွဲလေဆိပ်နဲ့ကပ်ရပ်မှာတည်ရှိပြီးတော့ ဇီးဖြူကုန်းကျေးရွာရဲ့ နောက်ကျောဘက်ကပ်ရပ်မှာရှိနေတာပါ။ သံတွဲ လေဆိပ် လေယာဉ်ပြေးလမ်း၊  တောင်တန်းတွေရှိရာဘက်မှာ ကတုတ်ကျင်းနဲ့ဘန်ကာသစ်တွေ တည်ဆောက်ထားတယ်လို့သိရပါတယ်။ 

Remark: အစောပိုင်းမှာဖော်ပြခဲ့တဲ့ မီးနီကွင်း ရွာအစား ရွာနာမည်အမှန် (မဲနယ်ကွင်း) လို့ပြင်ဆင်ဖတ်ရှုပေးကြပါ။ (Updated: 4:30 pm)  



 


Comments

KNPP သင်တန်းဆင်း လူငယ် ၇၀ ကျော်အဖမ်းခံရ

ဒေါ်လာတစ်သိန်းဝန်းကျင်ရှိတဲ့ မန္တလေး-ဗန်းမော်လက်နက်ဖမ်းခံရမှု (Fact-Check)

ကွန်ဖက်ဒရိတ်နဲ့ဖက်ဒရယ်ခြားနားချက်

မုဒိန်းကျင့်ခံရ၊ ထောင်လည်းကျခံရတဲ့ ကျောက်တော်သူ (Explanatory)