တရုတ်ဝန်ကြီး ဝန်ယိကို ဘာသာပြန်ခြင်း (Explanatory)

မြန်မာနိုင်ငံရဲ့အခြေအနေက တရုတ်ရဲ့အကျိုးစီးပွားနဲ့တိုက်ရိုက်သက်ဆိုင်တယ်လို့ တရုတ်နိုင်ငံဘက်က ထုတ်ပြောလာပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝန်ယိ (Wang Yi) က တရုတ်-အာဆီယံ ဆွေးနွေးဖက်ဆက်ဆံရေး နှစ် ၃၀ ပြည့်နေ့အခမ်းအနားမှာပြောခဲ့တဲ့ မိန့်ခွန်းကို တရုတ်သံရုံးက ဇွန် ၇ ရက်နေ့မှာ ထုတ်ပြန်ရာမှာ ဖတ်ရှုလိုက်ရတာပါ။

ဒီမိန့်ခွန်းထဲက သံတမန်စကားလုံးတွေဟာ အတော်လေးပြင်းထန်တာကို သတိထားမိပါတယ်။ သူ့မိန့်ခွန်းထဲက ထူးခြားချက် ၅ ချက်ကို ဆွဲထုတ်ပြချင်ပါတယ်။ 

Foreign Brief : တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi Photo 

ပထမဆုံးအချက်ကတော့ အပေါ်မှာပြောခဲ့တဲ့ မြန်မာဟာ "တရုတ်နဲ့တိုက်ရိုက်သက်ဆိုင်တယ်"လို့ပြောတာဟာ မြန်မာအတွက် ငါတို့နောက်မှာအပြည့်ရပ်ပေးတယ်လို့ မတ်တပ်ရပ်ပြလိုက်တာဖြစ်ပါတယ်။ 

စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့  တရုတ်သံအမတ် ချင်းဟိုင် (Cheng Hai) တို့ဟာ ဇွန် ၅ ရက်နေ့မှာ တရုတ်-အာဆီယံဆွေးနွေးပွဲမတိုင်ခင် နေပြည်တော်မှာတွေ့ဆုံခဲ့ပါသေးတယ်။ အဲဒီတွေ့ဆုံမှုကို စစ်ကောင်စီ (SAC) ဘက်က သတင်းထုတ်ပြန်တဲ့အခါ အစည်းဝေးဓာတ်ပုံအစား နိုင်ငံနှစ်ခုရဲ့အလံကို ဘေးချင်းကပ်ဆက်ထားတဲ့ပုံကို တင်ခဲ့ပါတယ်။ ရုတ်တရက်ကြည့်ရင် တရုတ်နိုင်ငံအလံထဲ မြန်မာအလံရောက်နေသလိုပါပဲ။

စစ်ကောင်စီထုတ်ပြန်တဲ့ ပုံ

ဘာလို့ တရုတ်က မားမားရပ်ပြသလဲ။ ဒီကိစ္စကိုပြောရမယ်ဆိုရင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ရိုဟင်ဂျာကဒ်ကို ဆွဲထုတ်ပြီးနောက်ဖြစ်ပေါ်လာတာပါ။ ဒါပေမဲ့ ရိုဟင်ဂျာကြောင့် တရုတ်ထွက်လာတာလို့ယူဆရင်တော့ မှားပါလိမ့်မယ်။ သူမြင်တာ ရိုဟင်ဂျာမဟုတ်ပါဘူး။ အမေရိကန်ဖြစ်ပါတယ်။ 

NUG က ရိုဟင်ဂျာဆိုင်ရာ မူဝါဒကို ထုတ်ပြန်လာချိန်မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနဘက်က ကြိုဆိုကြောင်း၊ အကောင်အထည်ဖော်သင့်ကြောင်း၊ ဆက်လက်ထောက်ခံအားပေးမယ့်အကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ ဒီထုတ်ပြန်ချက်နောက်မှာ တရုတ်က အခုလိုပေါ်တင်ရပ်ခဲ့တာဖြစ်ပါတယ်။ 

NUG ကိစ္စကို ကြည့်ရမယ်ဆိုရင် နိုင်ငံရေးအရ အနောက်အုပ်စုနဲ့ပိုနီးစပ်ပါတယ်။ နိုင်ငံရေးစနစ်အရ ဒီမိုကရေစီကို ဦးတည်တာရယ်၊ ဆက်ဆံရေးလမ်းကြောင့်ရှိတာရယ်နဲ့လည်းဆိုင်ပါတယ်။ NUG / CRPH စဖွဲ့ကတည်းက များသောအားဖြင့် အနောက်နိုင်ငံတွေနဲ့ဆက်ဆံတာများပါတယ်။ တရုတ်နဲ့ပြောဆိုဆွေးနွေးတဲ့ သံတမန်လမ်းကြောင်းမတွေ့ရသလောက်ပါပဲ။ 

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken 

အမေရိကန်လွှတ်တော်အမတ်တွေနဲ့ NUG က ခန့်အပ်ထားတဲ့ သံအမတ်ကြီးဦးကျော်မိုးထွန်းတို့တွေ့ဆုံဆွေးနွေးပွဲမှာ NUG အစိုးရအဖွဲ့မှာ ရိုဟင်ဂျာကိုယ်စားလှယ်မတွေ့သေးတဲ့အကြောင်းပြောခဲ့ပါတယ်။ သဘောကတော့ မထည့်ပေးရင် အကူအညီပေးဖို့ အနောက်ကနေရပ်ပေးဖို့ သိပ်မမျှော်လင့်နဲ့ဆိုတဲ့ သတင်းစကားရခဲ့ပုံပါပဲ။ 

ကျနော်တို့သတိပြုရမှာက မြန်မာနိုင်ငံအစိုးရက အပ်ထားတဲ့ အမေရိကန်ဒေါ်လာ တစ်ဘီလီယံကို အမေရိကန်အစိုးရက ထိန်းသိမ်းထားပါတယ်။ အဲဒီနောက်မှာတော့ NUG ဘက်ကလည်း ရိုဟင်ဂျာဆိုတဲ့ မူကို ထုတ်ပြန်လာပါတော့တယ်။ အားလုံးသိကြတဲ့အတိုင်းပါပဲ နောက်ဆက်တွဲကတော့ အတော်လေးကို ဂယက်ရိုက်ပါတယ်။ 

ဒီကိစ္စတွေအပြီးမှာတော့ တရုတ်နဲ့စစ်ကောင်စီက သူတို့ဟာ တသားတည်းရှိကြောင်း အလံကိုပုံဖော်ပြတာရော၊ စကားနဲ့ပါ တည့်တည့်ပြောလာတာပါ။ 

တရုတ်ရဲ့မြန်မာဆိုင်ရာရပ်တည်ချက်ကို ဝန်ကြီးဝန်ယိပြောဆိုချက် နောက်ထပ် ဒုတိယအချက်ကတော့ လက်ရှိတော်လှန်ရေးလုပ်နေတဲ့ NUG အစိုးရအနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်ကို ပြန်ဝင်ပြီးတော့ နိုင်ငံရေးဆွေးနွေးမှု စတင်လုပ်ဆောင်ဖို့ဆိုတဲ့အချက်ဖြစ်ပါတယ်။ ဒီအချက်ဟာ မြန်မာပြည်သူတွေရဲ့ဆန္ဒနဲ့ ဖီလာဆန့်ကျင်ဖြစ်နေပါတယ်။ 

တရုတ်သံရုံးထုတ်ပြန်ချက်ပါ စာသားက  

"ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တရားဥပဒေမူဘောင်အောက်၌ နိုင်ငံရေးဆွေးနွေးမှုများ ဆောင်ရွက်၍ ဒီမိုကရေစီအသွင်ကူးပြောင်းရေးလုပ်ငန်းကို ပြန်လည်စတင်ရန်"

တရုတ်ရဲ့တွက်ဆချက်က တကယ်လို့ သူတို့အပြည့်အ၀ ရပ်ပေးရင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မြန်မာနိုင်ငံကို အရင်လိုပြန်ထိန်းနိုင်မယ်လို့ ယူဆပုံရပါတယ်။ အဲဒီလို ထိန်းလာနိုင်တဲ့အခါကျရင် ဘယ်လိုပဲဆိုဆို နိုင်ငံရေးစကားပြောရမယ့် အခန်းကဏ္ဍကျလာရင် ဒီ ၂၀၀၈ အောက်မှာပဲ အဆုံးသတ်မယ်လို့ တွေးပုံရပါတယ်။ ဒီကိစ္စမှာ တရုတ်အတွက် အသားတင်အမြတ်တွေချည်းပါပဲ။ 

ခိုင်းကောင်းမယ့် တပည့်ကြီးတစ်ယောက် ရလိုက်တာနဲ့တူပါတယ်။ ဒါပေမဲ့ ဘာမှတော့ အလကားမရပါဘူး။ သူ့ဈေးနဲ့သူတော့ရှိမှာပါ။ ဒီဈေးအတွက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဘာတွေကိုပေးမလဲဆိုတာ မသိနိုင်ပေမယ့် တရုတ်ရဲ့ပိုးလမ်းမ အိမ်မက် BRI ဟာ မဖြစ်မနေ ပါမယ်လို့ သုံးသပ်ရပါတယ်။ 

ဒါကလည်း သိပ်ခဲယဉ်းတဲ့ကိစ္စမဟုတ်ပါ။ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ နေပြည်တော်မှာ ဇန်နဝါရီ ၂၀၂၀ မှာ ရေးထိုးခဲ့တဲ့ MOU တွေ သဘောတူညီချက်တွေ စုစုပေါင်း ၃၃ ခုကို  စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဆက်ပြီးလိုက်လျောရုံပါပဲ။ 

သံတမန်ရေးအရ တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ ဒေါ်အောင်ဆန်းစုကြည်ကို တရုတ်သို့ဖိတ်ကြားတာ၊ သူကိုယ်တိုင်မြန်မာနိုင်ငံကို လာခဲ့တာတွေ အားလုံးအသိဖြစ်ပါတယ်။ ဒါပေမဲ့ ၄ လ ကြာတဲ့အချိန်ထိ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကျနေတာကို သူ့ဆီ စာနာမှုစကားဖော်ပြတာ  တစ်ခွန်းမျှပင် ထွက်မလာပါဘူး။ 

တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့တွေ့ဆုံခဲ့စဉ်

တတိယအချက်ကတော့ တရုတ်ဟာ အာဆီယံနဲ့မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမှာပြောဆိုခဲ့တဲ့ မူ (၅) ချက်ကို အကောင်အထည်ဖော်ဖို့ ထောက်ခံတဲ့အကြောင်း ပါပါတယ်။

ဒီ မူ (၅) ချက်မှာ အရေးကြီးတဲ့ ပစ်ခတ်ဖြိုခွင်းမှုတွေရပ်တန့်ရေးပါပြီးတော့၊  နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးဆိုတာ မပါပါဘူး။ ကျန်တာကတော့ နှစ်ဖက်တွေ့ဆုံဆွေးနွေးရေးဆိုတာတွေ ပါပါတယ်။  

စတုထ္ထမြောက် အချက်ကတော့ အာဆီယံနဲ့ပူးပေါင်းပြီးတော့ အကြမ်းဖက်မှု အသီးသီးကို ဖယ်ရှားရန် အတူတကွတွန်းအားပေးတယ်ဆိုတဲ့ စကားပါ။ ဒီအချက်က တော်လှန်ရေးအင်အားစု တစ်ဘက်တည်းကို ပြောတာလား ဒါမှမဟုတ် စစ်ကောင်စီအပါအဝင် နှစ်ဘက်လုံးကိုပြောတာလား မသဲကွဲပါ။ ဒါပေမဲ့ စစ်ကောင်စီဘက်မှာ ရပ်တဲ့အတွက် ပြည်တွင်းမှာဖြစ်နေတဲ့ လက်နက်ကိုင်တော်လှန်မှုတွေ၊ ဗုံးပေါက်ကွဲမှုတွေကို ရည်ညွှန်းဆိုလိုပုံရတယ်လို့မြင်မိပါတယ်။  

နောက်ဆုံးအချက်ကတော့ နိုင်ငံတကာအနေနဲ့ “ကုလသမဂ္ဂပဋိညာဉ်စာတမ်း” ရည်ရွယ်ချက်တွေ၊ မူဝါဒတွေကို လိုက်နာပေးဖို့နဲ့၊ မြန်မာနိုင်ငံကို (စစ်ကောင်စီကို) တစ်ဖက်သတ် ကန့်သတ်အရေးယူတာတွေ၊ "မသင့်လျော်သည့် ကြားဝင်မှုများ မဖြစ်စေရန်" ဆောင်ရွက်မယ်လို့ ဖော်ပြထားပါတယ်။ 

ကြားဝင်မှုဆိုတဲ့ စကားရပ်က စစ်ရေးကိစ္စအထိ ရည်ရွယ်ပုံရပါတယ်။ တကယ်လို့ နောက်ကွယ်က ကြားခံစစ် proxy war အတွက် ပံ့ပို့ရင် သူတို့ဘက်ကလည်း လုပ်မယ်ဆိုတဲ့ စကားပါးလိုက်တယ်လို့ နားလည်ရပါတယ်။ 


Comments

  1. ဆရာခင်ဗျား
    Telegram မှာ ဆရာအရင်ကရေးခဲ့တဲ့ Irrawaddy နဲ့ တခြား media articles တွေပါပြန်တင်ပေးပါလားခင်ဗျ။ အဓိက ရက္ခိတ လမ်းစဥ်ကို သေချာပြန်လေ့လာချင်လို့ပါခင်ဗျ။ ဆရာ့ဆောင်းပါးတွေကို အမြဲတမ်းဖတ်ပါတယ်။

    ReplyDelete

Post a Comment

KNPP သင်တန်းဆင်း လူငယ် ၇၀ ကျော်အဖမ်းခံရ

ဒေါ်လာတစ်သိန်းဝန်းကျင်ရှိတဲ့ မန္တလေး-ဗန်းမော်လက်နက်ဖမ်းခံရမှု (Fact-Check)

ကွန်ဖက်ဒရိတ်နဲ့ဖက်ဒရယ်ခြားနားချက်

မုဒိန်းကျင့်ခံရ၊ ထောင်လည်းကျခံရတဲ့ ကျောက်တော်သူ (Explanatory)