ကုလပိတ်ဆို့အရေးယူမှုကို အံတုမယ့်စစ်ကောင်စီရဲ့ခြေလှမ်း (Explanatory)

အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ရုရှားခရီးစဉ်ထူးခြားချက် ၃ ချက်ကို ကောက်နှုတ်တင်ပြလိုပါတယ်။ စစ်ကောင်စီ (SAC) ရဲ့ ဇွန် ၂၂ ရက်နေ့ ညပိုင်း ထုတ်ပြန်ချက်အရ ရုရှားကိုသွားတဲ့ အာဏာသိမ်းစစ်ကောင်စီကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံဆွေးနွေး၊ သွားရောက်လေ့လာခဲ့တဲ့ထဲက သုံးနေရာဖြစ်ပါတယ်။ 

Rosoboronexport website

                                                    ဘဏ်ကို အာရုံစိုက်
- SAC စီးပွားရေး ဒုဝန်ကြီး သန်းအောင်ကျော်နဲ့ ရုရှား PSB Bank ညွှန်ကြားရေးမှူးနဲ့တွေ့ပါတယ်။ PSB Bank ဆိုတာ (Promsvyazbank) ရုရှားနိုင်ငံဘဏ်ဖြစ်ပါတယ်။ ဘဏ် ၁၁ ခုရှိတဲ့အနက် ၁၀ ခုမြောက်အကြီးဆုံး ဘဏ်လည်းဖြစ်ပါတယ်။ ဒီနေ့အချိန်ထိဆိုရင် ထူထောင်တာ နှစ်ပေါင်း ၂၀  ရှိပြီဖြစ်ပါတယ်။ 

ဒီဘဏ်ရဲ့အဓိက လုပ်ဆောင်ချက်တွေထဲမှာ ရုရှားစစ်တပ်နဲ့ပတ်သတ်တဲ့ စစ်ဖက်ဆိုင်ရာ အရောင်းအဝယ်ကိစ္စတွေ၊ စာချုပ်တွေ၊ အသေးစား၊ အလတ်စား စီးပွားရေးတွေအတွက်ပါ ဝန်ဆောင်မှုမျိုးစုံပေးတာတွေ ပါပါတယ်။

ရုရှားသမ္မတ ပူတင်နဲ့ဘဏ်ရဲ့ CEO တို့ဆွေးနွေးမှု kremlin ထုတ်ပြန်ချက်တစ်ခုမှာ အဲဒီဘဏ်ဟာ စစ်လက်နက်တွေထုတ်လုပ်တဲ့ ကုမ္ပဏီတွေကို ချေးငွေတွေနဲ့ စာချုပ်စာတမ်းတွေကို ၄၀ ရာခိုင်နှုန်းအထိ လုပ်ပေးတယ်။ ရေရှည်မဟာဗျူဟာအရဆိုရင် ၇၀ ရာခိုင်နှုန်းအထိ ပေးနိုင်အောင်လုပ်ဖို့ရှိတယ်လို့ CEO က ပူတင်ကို ၂၀၁၉ မှာ အစီရင်ခံခဲ့ပါတယ်။

ဒီအချက်က ဒီဘဏ်ရဲ့လက်တံဟာ အသေးအဖွဲမဟုတ်ဘူးဆိုတာ ပေါ်လွင်စေပါတယ်။  

ရုရှားသမ္မတ ပူတင်နဲ့ ဘဏ်ရဲ့CEO Petr Fradkov ဆွေးနွေးမှု ( ၂၀၁၉) 

- နောက်အစည်းဝေးတစ်ခုကတော့ SAC ကျန်းမာရေးန်ကြီးဌာနကိုယ်စားလှယ်တွေနဲ့ ရုရှားရဲ့ Russian Direct Investment Fund (RDIF) နဲ့တွေ့ပါတယ်။ RDIF က ၂၀၁၁ မှာ ရုရှားသမ္မတ Dmitry Medvedev နဲ့ ရုရှားဝန်ကြီးချုပ်တို့ရဲ့လမ်းညွှန်ချက်နဲ့ ထောင်ခဲ့တာဖြစ်တယ်။ ဒေါ်လာ ၁၀ ဘီလီယံ (reserve capital) ကို စီမံခန့်ခွဲဆောင်ရွက်နေတဲ့အဖွဲ့အစည်းလည်းဖြစ်တယ်။ 

RDIF နဲ့တွဲဖက်လုပ်ကိုင်နေတဲ့ နိုင်ငံတွေလည်း မနည်းလှပါ။ တရုတ် နဲ့ဆိုရင် Russia-China Investment Fund ကို $2Billion အထိတောင် ရှာထားတယ်လို့ သူ့ဝက်ဆိုက်ကဆိုထားတယ်။ ရုရှားနဲ့ တွဲဖက်လုပ်ကိုင်တဲ့အထဲမှာ အိန္ဒိယ၊ ဂျပန်၊ ကိုးရီးယား၊ ထိုင်း၊ မလေး၊ ဗီယက်နမ်နဲ့ အရှေ့အလယ်ပိုင်းက နိုင်ငံတချို့ပါတယ်။ 

ဒါပေမဲ့ RDIF က များသောအားဖြင့် နိုင်ငံတကာကနေ သူ့ဆီမှာ လာရင်းနှီးမြှပ်နှံတဲ့ကုမ္ပဏီတွေကို ချေးတာများတယ်။ အခု စစ်အုပ်စုသွားတာက အဲဒီကနေ မြန်မာနိုင်ငံမှာ ရင်းနှီးမြှပ်နှံဖို့ သွားဖိတ်ခေါ်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ 

RDIF website 

PSB Bank နဲ့ RDIF အဖွဲ့အစည်းနှစ်ခုလုံးဟာ ရုရှားနိုင်ငံပိုင်တွေဖြစ်ပြီး၊ စီးပွားရေးနဲ့ဘဏ်လုပ်ငန်းကိစ္စတွေဖြစ်တယ်ဆိုတာ ဒီလောက်ဆို ရှင်းပြီထင်ပါတယ်။ အဲဒီတော့ စစ်အုပ်စု မင်းအောင်လှိုင်အဖွဲ့ဟာ ဘာကြောင့် ဒီအဖွဲ့တွေကိုပါ တွေ့ရသလဲဆိုတဲ့ ဖြစ်နိုင်ခြေအဖြေကတော့ "အသက်ရှုရှောင်ဖို့ ထွက်ပေါက်" ရှာတာပဲဖြစ်ပါတယ်။ 

                                             ကမ္ဘာလုံးဆိုင်ရာ အရေးယူမှု

ရုရှားကို မင်းအောင်လှိုင်မသွားခင်ရက်ပိုင်းအလိုမှာ (ပြီးခဲ့တဲ့အပတ်) မြန်မာနဲ့ပတ်သတ်တဲ့ UN ကုလအစည်းဝေးဆုံးဖြတ်ချက်ကို မှတ်မိကြမယ်ထင်ပါတယ်။ မြန်မာနိုင်ငံကို လက်နက်တင်ပို့မှု ပိတ်ဆို့ရေးနဲ့ရွေးကောက်ပွဲအသိမှတ်ပြုရေး၊ ဒေါ်အောင်ဆန်းစုကြည်နဲ့နိုင်ငံရေးအကျဉ်းသားများလွတ်ပေးရေး ကိစ္စတွေကို မဲခွဲဆုံးဖြတ်တဲ့အခါ နိုင်ငံပေါင်း ၁၁၉ က အရေးယူဖို့ ထောက်ခံမဲပေးပြီးတော့ ဘယ်လာရုစ်နိုင်ငံကပဲ ကန့်ကွက်မဲပေးခဲ့ပါတယ်။

ဒီမူကြမ်းကို တရုတ်၊ ရုရှားနဲ့အာဆီယံနိုင်ငံတချို့အပါအဝင် စုစုပေါင်း ၃၆ နိုင်ငံက မဲမပေးဘဲ ကြားနေခဲ့ပါတယ်။ လက်နက်တင်သွင်းခွင့် ပိတ်ဆို့ရေးနဲ့ စီးပွားရေး အရေးယူပိတ်ဆို့မှုတွေ မြန်မာနိုင်ငံကို ပိုပြင်းထန်လာမှာကို စစ်ကောင်စီက တွက်ဆထားပုံရပါတယ်။ ဒါကြောင့် ရုရှားရဲ့နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းတွေရဲ့ အကူအညီတွေ ရယူဖို့ PSB Bank နဲ့ RIDF ကို ချဉ်းကပ်တာလို့ တွက်ဆရပါတယ်။ 

UN voting decision

အာဏာရှင်ဟောင်း ဦးသန်းရွှေလက်ထက်မှာတော့ အိမ်နီးချင်း တရုတ်ဆီမှာ အပူတပြင်းပြေးကပ်ပြီး၊ စီမံကိန်းကြီးတွေနဲ့ ဖားခဲ့ရတာက လူတိုင်းသိတဲ့ဇာတ်လမ်းပါ။ ဒီတစ်ကြိမ် မင်းအောင်လှိုင်လက်ထက်မှာတော့ ရုရှားဆီကို ပြေးကပ်ပါတယ်။ ဒါဆို ဘာလို့ မင်းအောင်လှိုင်က တရုတ်ကိုမကပ်ဘဲ ရုရှားကိုကပ်သလဲဆိုတဲ့ မေးခွန်းရှိပါလိမ့်မယ်။ 

ဖြစ်နိုင်ခြေကတော့ မြန်မာနိုင်ငံဟာ တရုတ်အပေါ်မှီခိုရလွန်းပြီးတော့ တစ်နိုင်ငံလုံးမှာ သူ့စီမံကိန်းတွေ မှိုလိုပေါက်နေပါပြီ။ စီးပွားရေးအရရော နိုင်ငံရေးအရပါ လွှမ်းမိုးမှုများလွန်းတာကြောင့် ပြန်ထိန်းညှိချင်ပုံရပါတယ်။ ဥပမာ တရုတ်က OBOR လို စီမံကိန်း၊ မြစ်ဆုံလို ကိစ္စတွေ၊ မြဝတီ ရွှေကုက္ကိုလ်နဲ့ ရခိုင်က စီမံကိန်းကြီးတွေ စသဖြင့်ရှိပေမယ့် ရုရှားနိုင်ငံကတော့ မြန်မာမှာ ဒီလိုစီမံကိန်းကြီးတွေမရှိပါ။ 

လက်နက်ကိုင်အရေးနဲ့ပတ်သတ်ပြီးတော့လည်း စစ်အုပ်စုဟာ တရုတ်ကို နှစ်သက်ပုံမရပါ။ ဥပမာအားဖြင့် ရုရှားကိုသွားတုန်းက ရခိုင်မှာလက်နက်ကိုင်ပဠိပက္ခပြင်းထန်တာ နောက်ကွယ်က နိုင်ငံကြီးတစ်ခုရဲ့ ပံ့ပိုးမှုကြောင့်လို့ စွပ်စွဲခဲ့တာအထိရှိပါတယ်။ ဆိုတော့ AA နဲ့နီးတာက တရုတ်နိုင်ငံပဲ ရှိပါတယ်။ ဒီအချက်တွေကြောင့် စစ်ကောင်စီဟာ ရုရှားနဲ့တရုတ်ကို မှီခိုရတဲ့ ချိန်ခွင်လျှာညှိချင်တဲ့ မူကြောင့် ဖြစ်မယ်လို့ သုံးသပ်ရပါတယ်။ 

                                            ရုရှားလက်နက် အဆက်မပြတ်နိုင်

တတိယမြောက်ဆွေးနွေးမှုတစ်ခုကတော့ JSC Rosoboronexport အဖွဲ့နဲ့တွေ့ခဲ့တာဖြစ်ပါတယ်။ ဒီအဖွဲ့ဟာလည်း ရုရှားနိုင်ငံပိုင်လုပ်ငန်းဖြစ်ပြီး၊ ကြားခံအေဂျင်စီတွေနဲ့ချိတ်ဆက်ပြီးတော့ စစ်လက်နက်တွေကို နိုင်ငံတကာကို တင်ပို့တာပဲဖြစ်ပါတယ်။ 

စစ်လက်နက်တင်မကပါဘူး၊ နည်းပညာပိုင်းဆိုင်ရာ ဆော့ဖ်ဝဲတွေက အစ ကူညီတာ၊ ရောင်းချတာတွေ အကုန်လုပ်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက Justice for Myanmar ရဲ့ ရီပို့ကို ဖတ်မိကြရင် သိကြပါလိမ့်မယ်။ 

စစ်အုပ်စုအတွက် အဆင့်မြင့်တဲ့ထောက်လှမ်းရေး ဆော့ဖ်ဝဲတွေ၊ ကြားဖြတ်နားထောင်တာတွေ၊ VPN ခံလည်းသိနိုင်တာတွေ၊ encrypted Application တွေဖြစ်တဲ့ Whatsapp/ telegram လိုဟာမျိုးက အစ ဖောက်ကြည့်လို့ရတဲ့ ကိစ္စမျိုးတွေဖြစ်ပါတယ်။ 

JSC Rosoboronexport က ကမ္ဘာ့နိုင်ငံပေါင်း ၁၁၆ နိုင်ငံကို ရုရှားစစ်လက်နက်တွေရောင်းချနေတာဖြစ်ပါတယ်။ တင်ပို့တဲ့ ၈၅ ရာခိုင်နှုန်းက စစ်လက်နက်ပစ္စည်းတွေဖြစ်တယ်။ ကြည်း- ရေ- လေ အကုန် ပါတာပေါ့။ ဒီနေရာမှာ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက် နိုင်ငံတွေကိုကြည့်တဲ့အခါ တရုတ်၊ အိန္ဒိယ၊ သီရိလင်္ကာ၊ အင်ဒို၊ မလေးရှား၊ ဗီယက်နမ် ပါပါတယ်။ 

ဒီချိတ်ဆက်မှုတွေက ဘာကိုပြသလဲဆိုတော့ နိုင်ငံတကာသင်္ဘောလိုင်း၊ လေကြောင်းလိုင်းတွေနဲ့ စစ်လက်နက်တွေ သယ်ယူဖို့အတွက် ဒီနိုင်ငံတွေနဲ့ ရုရှားပူးပေါင်းဆောင်ရွက်လို့ရတယ်ဆိုတဲ့သင်္ကေတပါပဲ။ 

အဲဒီတော့ ကုလက မြန်မာကို အရေးယူပိတ်ဆို့မယ်ဆိုရင်တောင် ဒီနိုင်ငံတွေက မလိုက်နာရင် အာဏာသိမ်းစစ်တပ်ဟာ ရုရှား ဒါမှမဟုတ် တရုတ်စစ်လက်နက်ကို လိုသလောက်ရနေဦးမှာဖြစ်ပါတယ်။ 

Rosoboronexport က လက်နက်တင်ပို့တဲ့ နိုင်ငံတွေ 

နောက်ထပ် မရှိမဖြစ် လွတ်နေတဲ့ ကိစ္စတစ်ခုကတော့ သင်္ဘောလိုင်းတွေပါ။ ဒါကို အထူးဂရုစိုက်ဖို့လိုအပ်ပါတယ်။ ဥပမာ နိုင်ငံတကာ သင်္ဘောလိုင်းတွေနဲ့ တင်ပို့တဲ့အခါမှာ ကြားခံနိုင်ငံက ကုမ္ပဏီတွေရဲ့ အကူအညီနဲ့ ပို့တာမျိုးလုပ်တတ်ပါတယ်။ 

ဥပမာ ပြီးခဲ့တဲ့ အပတ်တွေတုန်းက စင်္ကာပူကနေတစ်ဆင့် ရုရှားစစ်လက်နက်တွေကို စစ်ကောင်စီက တင်ယူလာတယ်ဆိုတဲ့ ကိစ္စကို MoreMrontBlog မှာ ရေးဖူးပါတယ်။ ဒါဟာ နိုင်ငံတစ်ခုချင်းစီနဲ့ဆိုင်သလို သင်္ဘောလိုင်းတွေနဲ့လည်း သက်ဆိုင်ပါတယ်။ ဒီလိုသင်္ဘောလိုင်းတွေကို စစ်ကောင်စီက ဒါမှမဟုတ် ငွေတမျက်နှာပဲကြည့်တဲ့ လုပ်ငန်းရှင်တွေကလည်း စစ်လက်နက်သယ်ယူရေးကိစ္စကို မြိန်ရေယှက်ရေလုပ်ကိုင်ကြမှာ ရှိနေလို့ပါပဲ။ 


မှတ်ချက် - ည ၈ နာရီလောက်မှာ ခေါင်းစည်းပြန်ပြောင်းထားပါတယ်။ 

 




 

 




 



  






Comments

KNPP သင်တန်းဆင်း လူငယ် ၇၀ ကျော်အဖမ်းခံရ

ဒေါ်လာတစ်သိန်းဝန်းကျင်ရှိတဲ့ မန္တလေး-ဗန်းမော်လက်နက်ဖမ်းခံရမှု (Fact-Check)

ကွန်ဖက်ဒရိတ်နဲ့ဖက်ဒရယ်ခြားနားချက်

မုဒိန်းကျင့်ခံရ၊ ထောင်လည်းကျခံရတဲ့ ကျောက်တော်သူ (Explanatory)