ရခိုင် PDF မရှိဘဲ NUG ရဲ့ရိုဟင်ဂျာအာမခံချက် လက်တွေ့ကျလား (Commentary)

ကျနော်မြင်တာကတော့ NUG က ရခိုင်ပြည်နယ်တွင်းလို့သုံးမယ့်အစား မြန်မာနိုင်ငံတွင်းက ရိုဟင်ဂျာများလို့ သုံးရင်လည်း အဆင်ပြေတာပဲ။ သဘောကို ပြောပြတာပါ။ ရခိုင်ဘက်ကလည်း ဒီလိုသုံးနှုန်းခဲ့မယ်ဆို ပြင်းထန်မှု ဒီလောက် ရှိချင်မှ ရှိမယ်ထင်ပါတယ်။ ဒါက တစ်ချက်ပါ။ 

Photo: Thai PBS 

နောက်ချက်က ရခိုင်တွေအနေနဲ့လည်း ဒီအသုံးအနှုန်းကို သိပ်ခံစားပြီး လိုက်ကန့်နေစရာ မလိုဘူးလို့မြင်ပါတယ်။ ကျနော်ကတော့ လူ့အခွင့်ရေးအရ ခေါ်ခံစေချင်တာကို ခေါ်ခွင့်ပေးသင့်ပါတယ်။ ဒါမှလည်းပဲ လူ့အခွင့်ရေးနဲ့ကိုက်ညီမှကိုး။ ရခိုင်မှာ တကယ်ဖြစ်နေတဲ့ ပြသနာက နာမည်ကိစ္စမဟုတ်ပါဘူး။ တကယ့်အနှစ်သာရက မွတ်စလင်တွေကို ပိတ်လှောင်ထားပြီး ဘယ်မှသွားခွင့်လာခွင့်မပေးတာ ပညာရေးကိစ္စတွေက အစ ဘာမှကိုမပေးတာကြောင့်ဖြစ်နေတာပါ။ 

ဒါတွေကို ဘယ်သူတွေက မပေးတာလဲ။ အုပ်ချုပ်သူ လူတန်းစားက မပေးတာပါ။ ဘယ်သူတွေအုပ်ချုပ်ခဲ့ပါလဲ။ NLD အုပ်ချုပ်ခဲ့တယ်။ သူတို့ကိုယ်တိုင်ပဲ ဒါကို ငြင်းခဲ့တာပါ။ စစ်တပ်အုပ်ချုပ်တယ် သူတို့ငြင်းခဲ့တယ်။ ကြံ့ခိုင်ရေးအုပ်ချုပ်တယ် သူတို့ငြင်းခဲ့တယ်။ ဆိုတော့ ရခိုင်တွေအုပ်ချုပ်တဲ့အချိန်ကောလို့ ကြိုစဉ်းစားသင့်ပါတယ်။ 

ရခိုင်တွေဟာ တချိန်တုန်းက ဘာပြောပြော ခေါင်းညိတ် ဟုတ်ကဲ့ လုပ်ခဲ့ရတဲ့အနေအထားဖြစ်တယ်။ အခု ရခိုင်ဟာ အဲဒီအနေအထားမဟုတ်တော့ဘူး။ အုပ်ချုပ်ခံကနေ အုပ်ချုပ်သူလူတန်းစားတစ်ရပ်ဆီကို ဦး တည်နေတာဖြစ်တယ်။ အခု တချို့က ရခိုင်ဟာ သီးခြားအုပ်ချုပ်ခွင့်ကို လက်ဖြန့်တောင်းနေသလိုမြင်နေကြဆဲဖြစ်တယ်။ ဒီအမြင်က မမှန်ပါဘူး။ မတောင်းတော့ဘဲ တိုက်ယူတာဖြစ်ပါတယ်။ NLD နဲ့စစ်တပ် လက်ဝါးချင်းရိုက်ထားချိန်မှာတောင် အာခံတိုက်ယူခဲ့တယ်ဆိုတာ မြင်ဖို့လိုပါတယ်။

အဲဒီတော့ အုပ်ချုပ်သူအဖြစ် လုပ်တော့မယ်ဆိုရင် ရခိုင်ဟာ ဒီရိုဟင်ဂျာကိစ္စကလည်း ဖြေရှင်းရမှာပါပဲ။ အဲဒီတော့ မူရင်းအနှစ်သာရကို ဖြေရှင်းပေးရင် ဒါကလည်း အရမ်း ခက်ခဲတဲ့ ကိစ္စမဟုတ်ဘူးလို့မြင်ပါတယ်။ 

ဒါဖြင့် ရခိုင်တွေ ဘာလို့ ရိုဟင်ဂျာဆိုတာကို ခါးခါးသီးသီး ငြင်းကြရတာလဲ။ ကျနော် မရေးချင်တဲ့ အကဲဆတ်တဲ့အပိုင်းဖြစ်ပါတယ်။ လူတိုင်းကြိုက်ချင်မှ ကြိုက်ပါမယ်။ ဒါပေမဲ့ ပြောမှ ဖြစ်ပါမယ်။ ဘယ်က စသလဲဆိုတော့ ရခိုင်သမိုင်းဆိုင်ရာနဲ့ပတ်သတ်တဲ့ ကိစ္စကို မနုသဗေဒဆိုင်ရာကျမ်းပြုသူတချို့ကလိုရာဆွဲပြီးတော့ စာတမ်းတင်တဲ့ကိစ္စတွေ၊ နောက်တစ်ခါ အွန်လိုင်းမှာ သမိုင်းကိစ္စ အုပ်စုလိုက်ကမ်ပိန်းလုပ်ကြတဲ့ အနောက်ရောက်နေတဲ့ ရိုတချို့ရဲ့ လှုပ်ရှားမှုကိစ္စတွေ ပါပါတယ်။ 

ဆိုကြပါစို့ ရခိုင်ဘုရင်ခေတ်တွေတုန်းက ထုတ်လုပ်ခဲ့ ဒင်္ဂါးပြားတွေက အစ ရိုဟင်ဂျာတွေလုပ်ခဲ့တာဆိုတာရယ်၊ ရခိုင်ဘုရင်တွေကပဲ ရိုဟင်ဂျာတွေထဲက လာသလိုမျိုး ပုံဖော်တာရယ်၊ ရခိုင်ဆိုတာ မရှိခဲ့ဘဲနဲ့ မော့ဂ်ဆိုတဲ့လူနည်းစုပဲရှိခဲ့ပြီး နောက်ပိုင်းမှာ ရိုဟင်ဂျာတွေက extinct နည်းပါးလာခဲ့ပြီး မော့ဂ်တွေက ကြီးစိုးလာဆိုတယ်တဲ့ ဇာတ်လမ်းမျိုး ပုံသွင်းတာတွေ ရှိပါတယ်။ 

ဒီလိုသမိုင်းဆိုင်ရာ ကိစ္စတွေကို လိုရာဆွဲပြောတာတွေဟာ တစ်စထက် တစ်စ မယုံကြည်မှုကို တိုးလာစေပါတယ်။ လူ့အခွင့်ရေးကျွမ်းကျင်သူတချို့အနေနဲ့လည်း ဒီကိစ္စကို မသိသလို မျက်စိမှိတ်တာမျိုး မလုပ်ဖို့လိုအပ်ပါတယ်။ ရခိုင်တချို့က ရိုဟင်ဂျာအမည်နာမထက် ဒီကိစ္စကို စိုးရိမ်ကြတာလည်း ပါတယ်ဆိုတာကို မမေ့သင့်ပါ။ ဘယ်သူတွေ ဘာလုပ်သလဲဆိုတာတော့ ပါစင်နယ်ပုံစံမျိုးဖြစ်သွားမှာစိုးလို့ မပြောတော့ပါဘူး။ ဒါပေမဲ့ရခိုင်မှာ သက်ရောက်မှုတွေကြီးမားလာတယ်ဆိုရင် ဒီလူတွေရဲ့ပုံဖော်မှုက တာဝန်ရှိတယ်လို့ ဆိုရမှာပါ။ 

NUG ကိစ္စကို ပြန်လှည့်ရအောင်။ တကယ်တော့ NUG ရဲ့ထုတ်ပြန်ချက်ထဲမှာပါတဲ့ နိုင်ငံရေးစကားလုံး အတိမ်အနက်က အငြင်းပွားမှုကို ဖန်တီးတယ်လို့ကျနော် မြင်ပါတယ်။ ဘယ်စကားလုံးတွေဆိုတာ နိုင်ငံရေးသမားတွေပဲ ဖွင့်ဆိုကြပါလိမ့်မယ် ကျနော့်နယ်ပယ်မဟုတ်ပါဘူး။ အဲဒါကြောင့် ထည့်မရေးတော့ပါ။ 

အဲဒီစကားလုံးက ရိုဟင်ဂျာဆိုတဲ့ စကားလုံးမဟုတ်ပါဘူး။ အဲဒီထက် တာသွားတဲ့ နိုင်ငံရေးစကားလုံးတွေကို ဆိုလိုတာဖြစ်ပါတယ်။ ဒီကနေ့ ရခိုင်တွေ ဥပမာ AA နဲ့နီးစပ်သူတွေ တုံ့ပြန်တာက "စာခိုးချတာမိလို့ စာမေးပွဲခန်းက အထုတ်ခံရနိုင်တဲ့ကျောင်းသားတစ်ယောက်နဲ့ တူနေတယ်"  တယ်ဆိုတဲ့ပြောဆိုချက်ရယ်၊ "နောက်ထပ် ဒါမျိုးတွေမလုပ်ဖို့၊ မဟာမိတ်ဆိုတဲ့စည်းကို မကျိုးစေဖို့" သတိပေးလာတဲ့အထိဖြစ်လာတယ်။တကယ်လို့ PDF တပ်တွေကို ပဲခူးရိုးမအနောက်ခြမ်းအတွက် စဉ်းစားရင် စစ်ဘက်ဆိုင်ရာ မဟာမိတ်ကို စဉ်းစားဖို့လိုအပ်ပါတယ်။

နောက်တစ်ချက်က NUG ဟာ Free Ride လုပ်ဖို့ကြိုးစားနေတာလား ဆိုတဲ့ သံသယမေးခွန်းတွေ တိုင်းရင်းသားလက်နက်ကိုင်တပ်တချို့မှာရှိနေတယ်။ အထူးသဖြင့် ဖက်ဒရယ်တပ်ဖွဲ့မယ့်အစား PDF  လို့ဖွဲ့ချလိုက်တာတွေ၊ သဘောတူညီမှု အသေးစိပ်မရဘဲ ကြာနေတာတွေ၊ တစ်ဖွဲ့တည်းလုပ်ရင် ဖြစ်တယ်ဆိုတဲ့ အမြင်နဲ့လုပ်တာတွေက ဒီမေးခွန်းကိုဖြစ်စေတယ်လို့ သုံးသပ်ရပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေရဲ့ သဘောထား အထူးသဖြင့် NUG ဘက်က လူတွေ KIA နဲ့ KNU နယ်တွေမှာ ရုံးထိုင်လှုပ်ရှားသူတွေသာ အဓိက ဖြေနိုင်မယ်ထင်ပါတယ်။ PDF တပ်ရဲ့အမိန့်ပေးမှုစနစ် အခုထိမမြင်ရသေးပါ။ သင်တန်းဆင်း လူတစ်ရာလောက်ကို လိုင်းပေါ်ရိုက်တင်တာတောင် လက်နက်မတပ်နိုင်သေးပါ။

တစ်နေ့က Myanmar Pressphoto Agency မှာ KNU/KNLA ဒုချုပ် ဘောကျော်ဟဲရဲ့ အင်တာဗျူးကို ဖတ်လိုက်တော့ နိုင်ငံရေး စကားလုံး တချို့ကို သတိပြုမိပါတယ်။ 

"ဒီအချိန်မှာ ကျနော်တို့ဟာ စစ်သက်ရှည်စေတဲ့နိုင်ငံရေးမသမာမှုတွေ၊ မရိုးသားမှုတွေ၊ ကတုံးပေါ်ထိပ်ကွက်လုပ်ချင်နေတဲ့ အကျင့်စရိုက်တွေကို တကယ်စွန့်ပြီ းနိုင်ငံရေးအဖြေကို အရေးတကြီးရှာနိုင်ဖို့ လိုပါတယ်။"

MPA interview 

"ကျနော်တို့ ကေအဲန်ယူမှာ ဖွဲ့စည်းပုံအရ အုပ်ချုပ်ရေးခရိုင် (၇)ခုနဲ့တပ်မဟာ(၇)ခုရှိပါတယ်။ ... NUGဘာတွေဘယ်လိုလုပ်နေလဲ ကျနော်မသိပါဘူး။ ဒါပေမယ့် ဒုက္ခအတိရောက်နေတဲ့ မြန်မာနိုင်ငံတဝှမ်းက ပြည်သူလူထုတွေအတွက် တစ်နည်းတဖုံအကျိုးပြုနိုင်ဖို့ ကျနော်မျှော်လင့်ပါတယ်။ အစိုးရအမည်ခံထားတဲ့အတွက် ရင်ဆိုင်ကျော်လွှားရမယ့်စိန်ခေါ်မှုများကိုလည်း အောင်မြင်စွာဖြတ်သန်းနိုင်ဖို့ကျနော်ဆန္ဒပြုပါတယ်။ ကျနော်နားလည်သလောက်ဆိုရင်  KNU နဲ့ NUG ကြားမှာ ဘာဆက်စပ်မှုမှ မရှိပါဘူး။"  

KNLA ဒုချုပ် ဘောကျော်ဟဲရဲ့ပြောစကားအရဆိုရင် ဘုံသဘောတူညီမှု မယ်မယ်ရရ မရှိပုံပေါ်ပါတယ်။ အိမ်ရှင်က ဧည့်သည်ကို အားနာလို့ လက်ခံထားတယ်ဆိုတာမျိုးပေါက်နေတယ်။ ဒီပြောဆိုချက်က အမှန်တကယ်လား နိုင်ငံရေးပရိယာယ်လားဆိုတာတော့ KNLA ဒုချုပ်ပဲ သိမှာပါ။  

ဒါဟာ တနည်းအားဖြင့် ဆက်ဆံရေးကောင်းမွန်မှု ဒီဂရီတစ်ခုကို ပြသတဲ့စကားတွေဆိုရင် မှားမယ်မထင်ပါ။ နောက်တစ်ခုက KIA ဘက်က ဆက်ဆံရေး ဘယ်လိုရှိလဲတော့ ကျနော်တို့မသိပါဘူး။ ကျနော်နားလည်သလောက် KPITC ဆိုတာ KIA/KIO ရဲ့ကြားခံအဖွဲ့အစည်း ဥပမာ  Liaison office လိုမျိုးလို့နားလည်ပါတယ်။ အဲဒီအဖွဲ့ရဲ့ ဥက္ကဌက ဒူဝါလရှီးလက ဒုသမ္မတရာထူးရပြီးတော့ ကျန်တဲ့ ဝန်ကြီးနှစ်နေရာလည်း ရတာရှိတယ်။ ဆိုတော့ NUG ပြည်ထောင်စုအဆင့်မှာ ကချင်အစုအဖွဲ့အတွက် ၃ နေရာ ရတယ်လို့ ဆိုနိုင်တယ်။  

ဒါဟာ  လူတွေမြင်ရတဲ့ ပေါ်လွင်နေတဲ့အပိုင်းပဲရှိပါတယ်။ စစ်ရေးဆိုင်ရာကိစ္စမှာ သဘောတူညီမှု ဘယ်လိုရှိလဲတော့မသိပါ။ စစ်ရေးဆိုရာမှာ လက်နက်ကိစ္စလည်း ပါပါတယ်။ ကျနော်သိသလောက် KIA နယ်ထဲမှာလည်း NUG ဝန်ကြီးတချို့ရှိတယ်၊ ရုံးပုံစံမျိုးလည်ပတ်မယ်လို့ကြားတယ်။ စစ်ရေးဆိုရာမှာ KIA က Assault Rifle လက်နက်ငယ် ထုတ်နိုင်ပါတယ်။ အဲဒီလက်နက်တွေ PDF ကို ထုတ်ပေးဖို့ သဘောတူညီမှု ရ၊ မရ မသိနိုင်ပါ။ 

နောက်တစ်ခုကတော့ UWSA ၀ တပ်ဖွဲ့ပါ။ တကယ်လို့ နှစ်ဖွဲ့လုံးဆီကသာ လက်နက်မရရင် PDF ဟာ လုံးဝမှောင်ခိုဈေးကွက်ကိုပဲ အားကိုးရမှာပါ။ ဒါမှမဟုတ်ရင် နိုင်ငံတစ်ခုခုကပေးတဲ့ လက်နက်ကိုပဲမှီခိုရမှာပါ။

KIA က ဝေစုတစ်ခုအထိရလို့ တာထွက်စောမယ်ဆိုလည်း ထွက်နိုင်ပါတယ်။ ဒါပေမဲ့ မာရသွန်လို တာဝေးအတွက်လည်း ထည့်တွက်ဖို့လိုမယ်လို့မြင်ပါတယ်။ တာထွက်စောမယ်ဆိုတဲ့ ကိစ္စမှာ ပြည်တွင်းစစ်ကြီးတစ်ခုကို ဆင်နွဲဖို့ RCSS/ TNLA/ AA/ UWSA/ SSPP တို့မပါဘဲနဲ့ တကယ်ပဲ တာရှည်တိုက်နိုင်မလားဆိုတဲ့မေးခွန်းကို ဆိုလိုတာဖြစ်ပါတယ်။ 

ဒီလိုမရေရာမှုတွေများတဲ့  အချိန်မှာ NUG ဟာ တကယ့်ရှင်းရခက်တဲ့ ကိစ္စတစ်ခုကို ရုတ်တရက်ကြီးလုပ်ချလိုက်တာဟာ အတော်စဉ်းစားရကျပ်တာပါပဲ။ ဘာအပေးအယူရှိလဲ။ ဘာတွေမျှော်မှန်းလဲ။ လက်နက်ကိုင်တော်လှန်ရေးအတွက် အထောက်အကူပြုလား။ နိုင်ငံတကာဘက်က ထောက်ပံ့မယ့်စစ်ရေးမျှော်တာလား။ ဘာတွေလားတော့ မသိပါ။ 

သေချာတာကတော့ ရခိုင်ပြည်သူတွေဆိုတယ်

"AA နဲ့ ရခိုင်လူထု မပါဘဲ ရခိုင်ပြည်နယ်က မွတ်စလင်ကိစ္စကို ဖြေရှင်းမယ်ဆိုတာလက်တွေ့မကျဘူး" 


တခါ တခြား ရိုဟင်ဂျာတွေဘက်ကို ကြည့်မယ်ဆိုရင် ဒီကိစ္စကို အထွေအထူးပြောတာတော့မတွေ့မိပါ။ တချို့ကတော့ နိုင်ငံသားရမယ်ဆိုတာကြောင့် ကြိုဆိုကြတာတွေ့ရပါတယ်။ သူတို့အတွက် ဝမ်းသာစရာ သတင်းပါ။ အခု NUG က ရိုဟင်ဂျာတွေကို နိုင်ငံသားအဖြစ် အသိအမှတ်ပြုပြီဆိုတော့ ရခိုင်ပြည်နယ်ကနေ မြန်မာနိုင်ငံအနှံ့သူတို့လွတ်လွတ်လပ်လပ် ခရီးသွားလို့ရမှာပါလား။ မရပါဘူး။ ဘာလို့လဲ အများစုကို စစ်ကောင်စီတပ် SAC က ထိန်းထားဆဲ ဖြစ်လို့ပါ။ စစ်ကောင်စီတပ်ကို ဖြိုနိုင်မှ NUG ရဲ့ ထုတ်ပြန်ချက်က လက်တွေ့ကျမှာပါ။ 

ရိုဟင်ဂျာဆိုဆို မွတ်စလင်ဆိုဆို ဘင်္ဂလီဆိုဆို (စကားလုံးအငြင်းမပွား လိုလို့ သုံးလိုက်တာဖြစ်ပါတယ်) စဉ်းစားရမှာက ဘယ်သူတွေနဲ့ အပေးအယူလုပ်မလဲဆိုတဲ့ ကိစ္စပါ။ ရိုဟင်ဂျာတွေအနေနဲ့စဉ်းစားရမှာက အနှစ်သာရအတွက်လား နာမည်အတွက်လား၊ ဒါမှမဟုတ် နှစ်ခုစလုံးအတွက်လား၊ ဘယ်လိုချဉ်းကပ်ပြီး ဘယ်သူနဲ့လက်တွေ့အလုပ်လုပ်မလဲ ဆိုတဲ့ ကိစ္စတွေ စဉ်းစားဖို့လိုအပ်ပါတယ်။ 

လတ်တလောတော့ NUG နဲ့ ဆောင်ရွက်နေတာတွေ့ပါတယ်။ ဒါပေမဲ့ လက်တွေ့နိုင်ငံရေးမှာ စိတ်ကူးယဉ်ရုံနဲ့ပြီးမသွားပါ။ လုံး၀ မေ့ထားလို့ မရတာက ရခိုင်ပြည်နယ်ကို လက်ရှိထိန်းချုပ်ထားတာ AA နဲ့ SAC တပ်တွေ ဖြစ်တယ်ဆိုတဲ့အချက်ပါ။ NUG တည်ဆောက်နေတယ်ဆိုတဲ့ PDF တပ် မရှိပါ။  ရှိလည်း ရှိလာမှာမဟုတ်ပါဘူး။ ရှိလာဖို့ ကြိုးစားတယ်ဆိုလည်း အောင်မြင်ဖို့က ရာခိုင်နှုန်းလည်း အင်မတန်မှကို နည်းပါတယ်။ 

NUG နဲ့သဘောတူညီမှုရလို့ ထုတ်တယ်ပဲထားဦး ဘယ်သူက လက်နက်ကိုင် အစောင့်အရှောက်နဲ့ ၇ သိန်း၀န်းကျင် မွတ်စလင်တွေကို ဘင်္ဂလားဒေ့ရှ်ကနေ ခေါ်မှာပါလဲ။ PDF မဟုတ်တာ သေချာပါတယ်။ ဒါဆိုရင် ဘင်္ဂလားဒေ့ရှ်စစ်တပ်လား UN တပ်လား၊ အမေရိကန်တပ်လား။  NATO တပ်လား။ QUAD လား။ ဒါမှမဟုတ် ငွေထုတ်ကြီး PDF တပ်အတွက် ဝုန်းခနဲ့ကျလာပြီး ကယ်ထုတ်နိုင်ဖို့အတွက်လား။ ဒါကို ဖြေကြည့်ဖို့လိုပါတယ်။ 

Photo: Third Pole 

ကျနော့်အမြင်ကတော့လိုရာဆွဲ ပုံဖော်တာတွေ၊ အမှန်အမှားရောထွေးပြီး ဇာတ်လမ်းထွင်တာတွေ လျော့ချဖို့အထူး လိုပါတယ်။ ဒါဟာ ယုံကြည်မှုကို အဆိပ်အတောက်ဖြစ်စေပါတယ်။ ယုံကြည်မှုတည်ဆောက်ပါ။ လက်တွေ့ စဉ်းစားကြပါ။ 

တစ်ဖက်မှာ ရခိုင်ပြည်သူဘက်ကလည်း လက်တွေ့ကျတဲ့ ဖြေရှင်းချက်တစ်ခုကို မွတ်စလင်တွေအတွက် ဖြေလျော့စဉ်းစားပေးဖို့လိုပါတယ်။ တဖက်နဲ့တဖက် အမုန်းပွားစေမယ့်စကားတွေကို ထိန်းဖို့လည်းလိုပါတယ်။ ဒါမှမဟုတ်ဘဲ နှစ်ဖက်ထိပ်တိုက်တွေ့ဆုံမှုများနေရင်တော့ မွတ်စလင်ကိစ္စဟာ ထိုင်းက ဒုက္ခသည်စခန်းလိုပဲ အဆုံးသတ်သွားဖို့များနေတယ်လို့သုံးသပ်ရပါတယ်။ 





 



 





  








Comments

KNPP သင်တန်းဆင်း လူငယ် ၇၀ ကျော်အဖမ်းခံရ

တော်လှန်ရေးနယ်မြေထဲက အန္တရာယ်ကိုဖိတ်ခေါ်သော ဓာတ်ပုံများ

ကွန်ဖက်ဒရိတ်နဲ့ဖက်ဒရယ်ခြားနားချက်

ဒေါ်လာတစ်သိန်းဝန်းကျင်ရှိတဲ့ မန္တလေး-ဗန်းမော်လက်နက်ဖမ်းခံရမှု (Fact-Check)