ရုရှားလက်တံပိုရှည်လာမယ့် မြန်မာ့ရေပိုင်နက်လုံခြုံရေး (Analysis)

မြန်မာနိုင်ငံရဲ့ သယ်ယူပို့ဆောင်ရေးလမ်းကြောင်းနဲ့ရေပိုင်နက်လုံခြုံရေးအတွက် ရုရှားကာကွယ်ရေးဝန်ကြီးဌာနက "အပြည့် အဝကူညီပေးရန်အသင့်ရှိတယ်"လို့ ပြောဆိုလိုက်ပါတယ်။ 

 စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ရုရှားခရီးစဉ်အတွင်း ဗိုလ်ကြီးအေးသဇင်မြင့် မေးမြန်းတဲ့ အင်တာဗျူးမှာ ရုရှားကာကွယ်ရေး ဒုဝန်ကြီး အလက်ဇန်းဒါး ဖိုမင် ( Colonel General Alexander V. Fomin ) အထက်ပါအတိုင်းပြော ဆိုခဲ့တာဖြစ်ပါတယ်။ 

အလက်ဇန်းဒါး ဖိုမင်ရဲ့ပြောဆိုချက်မှာ အနှစ်ချုပ်အားဖြင့် မြန်မာ့ရေကြောင်းစစ်ရေးကိစ္စ၊ နွေဦးတော်လှန်ရေးအပေါ်ရှုမြင်ပုံနဲ့ အမေရိကန်ရဲ့ အင်ဒိုဖစိဖိတ်လွှမ်းမိုးနိုင်မှုအခြေအနေ၊ ရုရှား-မြန်မာ စီးပွားရေးကိစ္စတွေ ပါဝင်ပါတယ်။ နွေဦးတော်လှန်ရေးနဲ့ ပတ်သတ်ပြီးတော့ အစိုးရဝန်ထမ်းတွေကိုပစ်မှတ်ထားတိုက်ခိုက်တာ လက်ခံနိုင်ဖွယ်မရှိကြောင်း နဲ့ဒီနည်းနဲ့ဒီမိုကရေစီ မရရှိနိုင်ဘူးလို့ ဒုဝန်ကြီးက ဆိုခဲ့ပါတယ်။  

ဒီဆောင်းပါးမှာတော့ ရေကြောင်းကိစ္စကိုပဲအဓိကထားဆက်ပြီးဆွေးနွေးပါမယ်။ 

                               ရေပိုင်နက်လုံခြုံရေး (Maritime Security)

မြန်မာနိုင်ငံရဲ့ ပထဝီနိုင်ငံရေး အရေးပါမှုကို ရုရှားဒုဝန်ကြီး အလက်ဇန်းဒါးက အာရှ-ပစိဖိတ်ဒေသတွင်း မဟာဗျူဟာမြောက်နိုင်ငံအဖြစ် ရှုမြင်ပါတယ်။ ရုရှားကတော့ အာရှ-ပစိဖိတ်ကိစ္စမှာ မြန်မာရဲ့အိမ်နီးချင်း အင်အားကြီးနှစ်နိုင်ငံဖြစ်တဲ့ တရုတ်နဲ့ အိန္ဒိယက မပါဝင်ဖို့မျှော်လင့်ထားပါတယ်။ 

ဗိုလ်ချုပ်ကြီး မိုးအောင် ရေငုတ်သင်္ဘောလေ့လာနေစဉ် 

ဒါကလည်း သိပ်တော့မထူးဆန်းပါဘူး။ အဲဒီနှစ်နိုင်ငံလုံးဟာ ရုရှားရဲ့မဟာမိတ်နိုင်ငံတွေအဖြစ် ပုံမှန်ဆက်ဆံရေးရှိပါတယ်။ ဥပမာအားဖြင့် လေယာဉ်နဲ့ သင်္ဘောတည်ဆောက်တာတွေကို ရုရှားရဲ့လက်နက်ဈေးကွက်မှာ စင်တင်ပြသတာ တရုတ်နဲ့အိန္ဒိယပါ။  

အလက်ဇန်းဒါးရဲ့စကားအရ ရုရှားဟာ အင်ဒို-ပစိဖိတ် ဒေသတွင်း ရေပိုင်နက်လုံခြုံရေးကိစ္စမှာ အမေရိကန်ရဲ့လွှမ်းမိုးလာမှုကို အထူး သတိထားပုံရပါတယ်။ ဒါကြောင့် ဒီကိစ္စကို အလက်ဇန်းဒါးက "အမေရိကန်နဲ့အနောက်အုပ်စု ပါဝင်လာမှုဟာ အာဆီယံ နိုင်ငံ တွေရဲ့ အရည်အသွေးကိုကျဆင်းစေပြီး ဒေသတွင်းလုံခြုံမှုကိုလည်းထိပါး" တယ်လို့ဆိုပါတယ်။ 

နောက်ပြီး သူက "ပထဝီအနေအထား အရ စစ်ရေးမဟာဗျူဟာမြောက်နေရာကို အမေရိကန် ပိုင်ဆိုင်လိုနေတယ် လို့စွပ်စွဲ ပါတယ်။" အမေရိကန်အနေနဲ့ ပုံမှန်အားဖြင့် တောင်တရုတ်ပင်လယ်ပြင်အရေးကိစ္စကို အလေးပေးပြောလေ့ရှိပါတယ်။ 

ဒါပေမဲ့ အခုတစ်ကြိမ်ရုရှားရဲ့ပြောဆိုမှုက အမေရိကန်အတွက် မျက်စိမွှေးစူးစရာတော့ဖြစ်စေမှာပါ။ 

အလက်ဇန်းဒါးနဲ့ မင်းအောင်လှိုင်တို့ရဲ့ လေသံက ဒီနေရာမှာ တစ်ထပ်တည်းကျပါတယ်။ Russia 24 အင်တာဗျူးမှာ စစ်ခေါင်းဆောင်က အနောက်နိုင်ငံတွေက "ဒီမိုကရေစီနှင့်လူ့အခွင့်ရေးကို အကြောင်းပြပြီး ပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက်တယ်" လို့ပြောဆိုခဲ့ပါတယ်။ ပြီးတော့ ရုရှားကို "ထာဝရ မိတ်ဆွေ" လို့တင်စားပြီး တော့ အမေရိကန်ကိုတော့ မြန်မာနဲ့"အလှမ်းဝေးတဲ့နိုင်ငံ" လို့ပြောဆိုခဲ့ပါတယ်။ 

ရုရှားကာကွယ်ရေးဝန်ကြီးနှင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် 

MCIS အစည်းအဝေးမှာ တပ်ချုပ်မင်းအောင်လှိုင်က နောက်ထပ်ပြိုင်ဆိုင်မှုပြင်းထန်လာမည့် ရေပိုင်နက်ကိစ္စကို အာရှ-ပစိ ဖိတ်လို့ ရှုမြင်ပါတယ်။ သူက "လက်နက်အပြိုင် တပ်ဆင်မှုများသည် အာရှ-ပစိဖိတ် ဒေသ အတွင်း ပဋိပက္ခများ ကြီးထွားလာ မည့် အခြေအနေများကို တွေ့မြင်နေရ" တယ်လို့ထည့်သွင်းပြောဆိုခဲ့ပါတယ်။ 

                                  ရုရှားရေငုတ်သင်္ဘောသစ်ထပ်ရောက်မှာလား

ရုရှားခရီးစဉ်မှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ရေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မိုးအောင် နှစ်ဦးစလုံးဟာ ရေတပ်အဆင့်မြင့်တင်ရေးအစည်းဝေးတွေ တက်ရောက်ခဲ့ကြပါတယ်။ စစ်ကောင်စီက ဗိုလ်ချုပ်ကြီး မိုးအောင် စိန့်ပီတာပတ် ရေကြောင်းဆိုင်ရာကာကွယ်ရေးပြပွဲမှာ ရေငုတ်သင်္ဘောတွေကို လေ့လာခဲ့ပုံကိုထုတ်ပြန်ခဲ့ပါတယ်။ 

ရေငုတ်သင်္ဘောနဲ့ဖရီးဂိတ်တွေ၊ ပဲ့ထိန်းဒုံးပျံတင်အမြန်ရေယာဉ်နဲ့ကမ်းထိုးယာဉ်တွေရပ်နားထားတဲ့ ဆိပ်ကမ်းကိုလည်း ကိုယ်တိုင်သွားရောက်ခဲ့တာတွေ့ရပါတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်လည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ Tatasan ရဲ့ Kazan မြို့မှာရှိတဲ့ Zelenodolsk Shipyard သဘောၤဆောက်စက်ရုံကိုသွားလေ့လာခဲ့ပါတယ်။ 


ဗိုလ်ချုပ်ကြီးမိုးအောင်တက်ရောက်တဲ့ International Maritime Defence Show (IMDS-2021) ပြပွဲမှာ အိန္ဒိယ၊ တရုတ်၊ ဂျာမနီ၊ ဆွစ်ဇာလန်၊ တောင်ကိုးရီးယားက ကုမ္ပဏီတွေလည်းပါဝင်တဲ့အကြောင်း ENPORTNews က ဖော်ပြပါတယ်။ စစ်ကောင်စီက ရုရှားရဲ့ပြပွဲစင်မှာ ရေငုတ်သင်္ဘောနဲ့ပတ်သတ်ပြီး ပိုအာရုံစိုက်လေ့လာခဲ့ပုံရပါတယ်။

၂၀၂၀ နှောင်းပိုင်းတုန်းကလည်း စစ်တပ်နဲ့နီးစပ်သူတွေက မြန်မာဟာရေငုတ်သင်္ဘောသုံးစီးခန့်ပိုင်ဆိုင်ဖို့ရည်မှန်းထားတယ် လို့ပြောဆိုဖူးပါတယ်။ ဒါကြောင့် အိန္ဒိယကနေ ဝယ်ယူလိုက်တဲ့ တစ်ပတ်ရစ်ကီလို ရေငုတ်သင်္ဘောဟာ ဒီလုပ်ငန်းစဉ်ရဲ့ ရှေ့ပြေးအဖြစ် သုံးသပ်ကြပါတယ်။ 

ခုရက်ပိုင်းအတွင်းမှာ ဗိုလ်ချုပ်ကြီး မိုးအောင်ရဲ့ ကလောင်တစ်ခုဖြစ်တဲ့ မိုးအောင်အကောင့်နဲ့တခြား ရေကြောင်းဆိုင်ရာ ပေ့ချ်တွေမှာလည်း ရေငုတ်သင်္ဘောကိစ္စတွေကို အလေးပေးရေးသားတာတွေ ခပ်စိပ်စိပ် ဖတ်ရှုရပါတယ်။ ဒါကြောင့် မြန်မာဟာ ရုရှားရေငုတ်သင်္ဘောတွေကို မြန်မာပြည်တွင်းရောက်လာနိုင်ခြေ များနေတယ်သုံးသပ်ရပါတယ်။ 

ရေကြောင်း ပူးပေါင်းမှုတွေကိုကြည့်မယ်ဆိုရင် ရေငုတ်သင်္ဘောတွေကို ရင်ဆိုင်နိုင်စွမ်းရှိတဲ့ Admiral Panteleev လည်း ၂၀၁၇ တုန်းက မြန်မာကိုလာဖူးပါတယ်။ အဲဒီတုန်းက သီလဝါနဲ့ ဧရာဝတီဆိပ်ကမ်းကိုသွားခဲ့ပါတယ်။ 

Admiral Panteleev Fleet 

ပြီးတော့ ၂၀၁၉ နိုဝင်ဘာတုန်းကလည်း ရေတပ်သား ၃၀၀ လောက် လိုက်ပါလို့ရတဲ့ ရုရှားရဲ့လေ့ကျင့်ရေး Navy Perekop ၂၀၁၉ နိုဝင်ဘာလထဲမှာ ၃ ရက်တာ လာရောက်ခဲ့ပါတယ်။ ဒီခရီးစဉ်နဲ့ပတ်သတ်ပြီး Tass သတင်းဌာနကို ရုရှားပြောခွင့်ရသူက ရုရှား-မြန်မာ အထူးသဖြင့် ရေတပ်ဆိုင်ရာပူးပေါင်းမှု အရှိန်မြှင့်လာတာ ၂၀၁၈ ရှေ့ပိုင်းက စတယ်လို့ပြောခဲ့ပါတယ်။ 

အဲဒီခရီးစဉ်ထဲမှာပဲ တပ်မတော်လေယာဉ် (Beechcraft မကြာသေးခင်က ပြင်ဦးလွင်မှာပျက်ကျတဲ့လေယာဉ်အမျိုးအစား) အမှတ်-4609 နဲ့  ရုရှား စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူးချုပ် Lt, General Yurly M.STAVITZKIY  ပါ(၅)ဦးဟာ နေပြည်တော်ကနေ ရခိုင်ပြည်နယ် သံတွဲမြို့နယ်ကိုသွားခဲ့တယ်။ 

၂၀၁၉ တုန်းက ငပလီကိုရောက်ရှိလာတဲ့ ရုရှားအရာရှိတွေ

ရုရှားအရာရှိတွေဟာ Amazing Hotel တွင်တည်းခိုနေထိုင်ခဲ့ပြီးတော့၊ ငပလီတစ်ဖက်ကမ်း ပင်မရေငုပ်နှင့်ဆယ်ယူရေး ရေတပ်စခန်း(သဗြုချိုင်) ကိုသွားရောက်ခဲ့ပါတယ်။ ဒီနေရာဟာ Navy Seal တွေကို အထူးလေ့ကျင့်ပေးတဲ့သင်တန်း ကျောင်းဖြစ်ပြီး၊ စစ်ပစ်ကွင်းတွေလည်းရှိတယ်လို့ဆိုပါတယ်။  တစ်လထည်းမှာပဲ မြန်မာဘက်ကလည်း LPD မုတ္တမ သင်္ဘောကို ရုရှားကို စေလွှတ်ခဲ့တာရှိပါတယ်။ 

                                         ရုရှားခေတ်မှီလက်နက်တွေ ထပ်ပေးမယ်

ရုရှားရေငုတ်သင်္ဘောတွေကို မျက်စိကျနေတဲ့ စစ်ကောင်စီရဲ့ရေငုတ်သင်္ဘောစုထားရှိရေးနေရာထဲမှာ ရခိုင်ပြည်နယ်ပါ လာမလားလို့ ကောက်ချက်ချနေကြတာရှိပါတယ်။ ရေငုတ်သင်္ဘောသစ်တွေ ထပ်ဝယ်မယ်ဆိုရင် ပြုပြင်ထိန်းသိမ်းရေးတွေ၊ သင်္ဘောဆိုက်ကပ်မယ့်နေရာတွေ၊ နည်းပညာတွေကလည်း လိုအပ်လာမှာဖြစ်ပါတယ်။ 

ဒီလိုအပေ့ါစား၊ ပြုပြင်ရေး အလုပ်ရုံ တွေ ပြည်တွင်းမှာမရှိဘဲ၊ ရုရှားကို အမြဲတစေသွားလည်ပတ်ဖို့ဆိုတာကလည်း လက်တွေ့မကျပါဘူး။ ဒါကြောင့် အိမ်နီးချင်း နိုင်ငံ ဒါမှမဟုတ် ပြည်တွင်းမှာ အလုပ်ရုံတွေကို တည်ဆောက်နိုင်ခြေများပါတယ်။ 

ရုရှား ဒုဝန်ကြီး အလက်ဇန်းဒါးပြောဆိုချက်အရ စစ်ကောင်စီရဲ့ စိန့်ပီတာပတ်အင်ဂျင်နီယာကျောင်းဆင်းအရာရှိတွေဟာ တိုက်ခိုက်ရေးရေယာဉ် Frigate တွေကိုပါ ရုရှားနည်းပညာနဲ့တည်ဆောက်နိုင်တဲ့အတွက် ဂုဏ်ယူတယ်လို့ဆိုထားပါတယ်။ ရုရှားက မြန်မာစစ်တပ်အတွက် ပညာတော်သင် အယောက် ၇၀၀၀ လေ့ကျင့်ပေးထားပါတယ်။ ဒါကြောင့် ပြည်တွင်းမှာ အလုပ်ရုံကိစ္စ ပူးတွဲဆောင်ရွက်မှုဟာ ဖြစ်နိုင်ခြေရှိတယ်လို့သုံးသပ်ရပါတယ်။  

ရုရှားကာကွယ်ရေး ဒုဝန်ကြီး အလက်ဇန်းဒါးက "စစ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများလည်း ပြုလုပ်နိုင်ပြီး စစ်ဘက် ဆိုင်ရာနည်းပညာများကိုလည်း ပူးပေါင်း ဆောင်ရွက်သွားရန် အသင့်ရှိပါတယ်။ ဒါ့အပြင် ခေတ်မှီလက်နက်များကို လည်း ထောက်ပံ့ ကူညီပေးရန် အဆင်သင့်ရှိပါတယ်။" လို့ ပြောထားပါတယ်။ 

သူက မြန်မာအနေနဲ့ခေတ်မှီစစ်လက်နက်ပစ္စည်းတွေ တပ်ဆင်ထားဖို့လိုအပ်ပြီး မြန်မာ့တပ်မတော်အတွက်လည်း အမှန် တကယ်အသုံးဝင်မယ်လို့ဆိုပါတယ်။ တကယ်တော့ ရုရှားဆီက မြန်မာဟာ MiG-29 တိုက်လေယာဉ် အစီး ၃၀၊ Yak-130 လေ့ကျင့်ရေးတိုက်လေယာဉ် ၁၂ စီး၊  Mi-24 နဲ့ Mi-35P တိုက်ခိုက်ရေး ဟယ်လီကော်ပတာ ၁၀ စီး၊ Pechora-2M လေကြောင်းရန်ကာကွယ်ရေး ဒုံး ၈ စင်းပါ ဝယ်ထားပါတယ်။

Pechora-2M Missile

ပြီးခဲ့တဲ့ နှစ်တွေကတည်းက ဒေါ်လာ ၂၀၄ သန်း တန်ကြေးရှိတဲ့ SU-30SM တိုက်လေယာဉ် ၆ စင်း ဝယ်ယူဖို့မှာထားပါတယ်။ ဒါ့အပြင် အာဏာမသိမ်းခင် လပိုင်းအလိုမှာလည်း ပန်ဆာလေကြောင်းရန်ကာကွယ်ရေး ဒုံးနဲ့ရေဒါတွေ ထပ်ဝယ်ခဲ့ပါတယ်။ ဒါကြောင့် ရုရှားပြောတဲ့ အဆင့်မြင့်လက်နက်တွေက နောက်ထပ် ဘာတွေဖြစ်မလဲ ဆိုတာ စိတ်ဝင်စားစရာပါ။ 

"အင်အားတောင့်တင်းတဲ့ တပ်မတော်တစ်ရပ်ရှိနေတာဟာ တိုင်းပြည်ကို လုံခြုံမှု အရှိဆုံးပေးနိုင်တဲ့ သော့ချက်ဖြစ်တယ်" လို့ အလက်ဇန်းဒါးက ပြောပါတယ်။  

ဖိုမင်ကတော့ ၂၀၂၁ ခုနှစ် ရုရှား-ဘီလာရုစ် ပူးတွဲစစ်ဆင်ရေး လေ့ကျင့်ခန်းတွေမှာ စစ်ကောင်စီတပ်တွေ ပါဝင်ဆင်နွှဲဖို့ စောင့်မျှော်နေတယ်လို့ပြောဆိုခဲ့ပါတယ်။ ဘီလာရုစ်ဟာ မြန်မာနိုင်ငံကို ကုလသမဂက ကမ္ဘာလုံးဆိုင်ရာလက်နက်တင်ပို့မှုပိတ်ဆို့ရေး မဲခွဲဆုံးဖြတ်ချက်မှာ ကန့်ကွက်မဲပေးခဲ့တဲ့ တစ်ခုတည်းသော နိုင်ငံဖြစ်ပါတယ်။

ရုရှား-မြန်မာ နှစ်နိုင်ငံစစ်ခေါင်းဆောင်တွေရဲ့ပြောဆိုချက်အရ မြန်မာဟာ တချိန်က တရုတ်ကို အလုံးစုံနီးပါးမှီခိုခဲ့ရသလို၊ ဒီတစ်ကြိမ်မှာတော့ ရုရှားရင်ခွင်ထဲရောက်မယ့်ကိန်းဆိုက်နေတယ်လို့ပဲ ဆိုရတော့မှာပါ။ 


Comments

  1. Sports Toto News - Sporting 100
    The betting market for soccer (including the US, Australia, and 메이저 토토 사이트 New Zealand) is now up and running, but many sports fans, like a pro,

    ReplyDelete

Post a Comment

KNPP သင်တန်းဆင်း လူငယ် ၇၀ ကျော်အဖမ်းခံရ

ဒေါ်လာတစ်သိန်းဝန်းကျင်ရှိတဲ့ မန္တလေး-ဗန်းမော်လက်နက်ဖမ်းခံရမှု (Fact-Check)

ကွန်ဖက်ဒရိတ်နဲ့ဖက်ဒရယ်ခြားနားချက်

မုဒိန်းကျင့်ခံရ၊ ထောင်လည်းကျခံရတဲ့ ကျောက်တော်သူ (Explanatory)