ကိုဗစ်ဆေးက ဒေလ်တာမျိုးကွဲကိုအပြည့်အဝကာကွယ်ပေးနိုင်လား

 ဒီမေးခွန်းက အနောက်တိုင်းမှာ လူမေးများတဲ့မေးခွန်းဖြစ်သလို၊ အင်မတန်လည်းရိုးစင်းပါတယ်။ မြန်မာနိုင်ငံသားတွေလည်း သိချင်ကြမယ်ထင်လို့ ဖတ်မိတဲ့ DW ဆောင်းပါးတစ်ပုဒ်ကိုကောက်နှုတ်ပြီး လိုတိုရှင်းတင်ပြပေးပါမယ်။ 

Yes or No ဖြေလို့ရတဲ့မေးခွန်းတော့မဟုတ်ပါ။ ကိုဗစ်ဆေးတွေက အပြည့်အဝကာကွယ်ပေးနိုင်လားဆိုတော့ ကာကွယ်ပေးတယ်လို့လည်းဆိုနိုင်သလို၊ United Kingdom ယူကေမှာ ကိုဗစ်ဆေးထိုးထားပြီးမှ သေဆုံးတဲ့လူနာတွေလည်းရှိနေပါတယ်။ 

Photo: MPA

ဒေလ်တာမျိုးဗီဇကွဲကူးစက်ခံရပြီးတော့ UK မှာသေဆုံးသူက ၂၅၉ ယောက်ရှိပါတယ်။ UK ပြည်သူ့ကျန်းမာရေးဌာန PHE ရဲ့အချက်အလက်အရ အဲဒီထဲက ၁၁၆ ယောက်က ကိုဗစ်ဆေးအပြည့်အ၀ ထိုးနှံပြီးသူတွေဖြစ်ပါတယ်။ ဒီနေရာမှာ သတိပြုရမှာက အနောက်တိုင်းဆေးတွေဟာ တရုတ်နဲ့ရုရှားဆေးထက် ပိုပြီးတော့ ကောင်းတယ်၊ ထိရောက်တယ်ဆိုတဲ့အချက်ပါ။ ဒါတောင်မှ ဂရုမစိုက်ဘဲနေလို့ အကူးခံရပြီး သေတာဖြစ်ပါတယ်။ 

သိပ္ပံနည်းကျဆန်းစစ်ထားတဲ့ သုတေသနအရဆိုရင် ကိုဗစ်ဆေးတွေက ရာနှုန်းပြည့်မကာကွယ်ပေးနိုင်ပါဘူး။ ဒါပေမဲ့ အစကတည်းက ဖျားနေလို့ ကိုဗစ်ဆေးထိုးထားသူတွေ သေဆုံးတာနဲ့ကူးစက်ခံရနိုင်ခြေ နည်းတယ်လို့ဆိုပါတယ်။ UK မှာ ဒေလ်တာနဲ့ သေဆုံးသူနည်းပေမယ့် ကူးစက်ခံရသူက မြင့်တက်နေတုန်းပါ။ 

ဂျာမန်ရောဂါဗေဒပညာရှင် ခရစ်တီယန် ဒေါ့စ်တင် ပြောတာက ကိုဗစ်ဆေးနှစ်ကြိမ် (double vaccinated) ထိုးထားသူတွေလည်း ကူးစက်ခံရပြီး သေတာရှိပါတယ်။ PHE ရဲ့အချက်အလက်အရဆိုရင် သေဆုံးသူ ၁၁၆ ယောက်က အသက် ၅၀ အထက်တွေဖြစ်ပါတယ်။ 

Photo: MPA 
UK  ရဲ့ဆေးသုတေသနကောင်စီ (MRC) ရဲ့လေ့လာချက်အရဆိုရင် ကိုဗစ်ဆေးထိုးနှံတာကြောင့် ရောဂါကူးစက်မှု လူပေါင်း ၇.၂ သန်းလောက် ကာကွယ်နိုင်ပြီး၊ လူပေါင်း ၂၇၀၀၀ လောက်မသေအောင် တားဆီးနိုင်ခဲ့တယ်လို့ဖော်ပြပါတယ်။ ဆေးထိုးနှံပြီးသား 

လူတွေက ပျမ်းမျှအားဖြင့် ကိုယ်ခံအားပိုပြီးကောင်းလာတယ်လို့ ရောဂါဗေဒပညာရှင်တွေက ပြောပါတယ်။ 

ဒီနေရာမှာ စာဖတ်သူတွေရှုပ်ထွေးမှာစိုးလို့ နည်းပညာနဲ့ပတ်သတ်တဲ့ အခေါ်အဝေါ်ကိစ္စတွေကို မပြောတော့ပါဘူး (ကျနော်လည်း မြန်မာလိုမပြန်တတ်ပါ)။ ဆေးသုတေသနညွှန်းကိန်းတွေကလည်း တစ်ခုနဲ့တစ်ခုမတူတာကြောင့် Yes or No လိုပြောဖို့က ခက်ပါတယ်။ 

ဥပမာ UK ရဲ့ဆန်းစစ်ချက်နဲ့ အစ္စရေးနိုင်ငံရဲ့ဆန်းစစ်ချက် အချက်အလက်အရ ကွဲပြားနေတာမျိုးတွေရှိပါတယ်။ 


ဆေးသိပ္ပံဂျာနယ် Nature ရဲ့လေ့လာမှုအရ ဖိုင်ဇာ BioNTech-Pfizer ဆေးနှစ်ကြိမ် (double vaccination) ထိုးနှံပြီးတဲ့သူတွေ ဒေလ်တာမျိုးဗီဇကွဲကို အတော်လေးထိရောက်အောင်ကာကွယ်ပေးတယ်လို့ဆိုပါတယ်။ ဒါပေမဲ့လည်း အစ္စရေးနိုင်ငံမှာတော့ ဒီကာကွယ်ဆေးက ဒေလ်တာကိုတိုက်ဖျက်နိုင်တာ အနည်းငယ်လျော့ကျတာတွေ့ရတယ်လို့ဖော်ပြပါတယ်။ 

အစ္စရေးကျန်းမာရေးဌာနထုတ်ပြန်ချက်အရ Pfizer က ရာနှုန်းပြည့်ကာကွယ်ရာကနေ ၆၄ ရာခိုင်နှုန်းအထိ လျော့ကျတယ်လို့ဆိုပါတယ်။  ဆေးရုံတက်ကုသမှုခံယူတဲ့သူတွေတော့ ၉၃ ရာခိုင်နှုန်းအထိ ကာကွယ်မှုပေးနိုင်တယ်လို့ဆိုပါတယ် ( ဆေးထိုးထားတဲ့ ရိုးရိုးလူနဲ့ ဆေးရုံတက် ကုသမှုခံယူ နှစ်ခု မတူပါ)။ DW သတင်းဌာနကတော့ အစ္စရေးဟာ ကျန်းမာရေးအချက်အလက်နဲ့ပတ်သတ်ပြီး ပွင့်လင်းမြင်သာမှုမရှိဘူးလို့ ဝေဖန်ထားပါတယ်။ 

ဇူလိုင်လမှာ ကနေဒါကပြုလုပ်တဲ့ လေ့လာမှုတစ်ခုမှာတော့ Moderna ဆေးဟာ ဒေလ်တာမျိုးကွဲကို တုံ့ပြန်မှုအားကောင်းတယ်လို့ဆိုပါတယ်။ ပထမဒိုးစ်ထိုးပြီး ၁၄ ရက်လောက်မှာ 

၇၄ ရာခိုင်နှုန်းထိရောက်မှုရှိတယ်လို့ဆိုပါတယ်။ ဒီလေ့လာမှုရဲ့အားနည်းချက်က two doses ထိုးပြီးချိန်ထိမစောင့်ဘဲ ပထမဒိုးစ် တစ်ခုတည်းနဲ့ထုတ်လိုက်တာလို့ ထောက်ပြပါတယ်။ 

Johnson & Johnson ကတော့ သူ့ဆေးထိုးပြီးလို့ ၈ လ အကြာမှာ ကိုယ်ခံအားပိုကောင်းလာတယ်လို့ဆိုပါတယ်။ ဒီသုတေသနကတော့ သူတို့ဆေးနဲ့ လူအယောက် ၂၀ ကို စမ်းသပ်ပြီး (antibodies) ရလာတဲ့ ရလဒ်လို့ဆိုပါတယ်။ Financial Times မှာတော့ ကိုဗစ်ဆေးတွေရဲ့ထိရောက်မှုတွေက တစ်ခုနဲ့တစ်ခု မတူဘဲ ကွဲပြားတာကို အသေးစိပ်ရှင်းပြထားပါတယ်။

                                                                    Booster လိုလာမလား

ဆိုလိုတာက ကိုဗစ်ဆေးနှစ်ကြိမ်ထိုးပြီးတာနဲ့ပြီးမသွားဘဲ နောက်ထပ်တစ်ခေါက် ထိုးမှစိတ်ချရမလားဆိုတဲ့ ကိစ္စပါ။ Time Magazine ရဲ့ဖော်ပြချက်အရဆိုရင် အမေရိကန်မှာရှိတဲ့ အရွယ်ရောက်ပြီးသူအများစုဟာ ကိုဗစ်ကာကွယ်ဆေးထိုးနှံပြီးဖြစ်ပါတယ်။ ဒါပေမဲ့လည်း စိတ်ချမရသေးတဲ့အတွက် လာမယ့်နှစ်ထဲမှာ booster shot ထပ်ထိုးရနိုင်ခြေရှိတယ်လို့ ရေးထားပါတယ်။ 

အဓိကတော့ ခြောက်လအကြာမှာ ဆေးအာနိသင်လျော့ကျလာမယ့်အခြေအနေကို စိုးရိမ်လို့ ဆေးပညာရှင်တွေက ဒီလိုစဉ်းစားတာဖြစ်တယ်လို့ Time က ရေးပါတယ်။ Booster ထိုးရင်တော့ Pfizer-BioNTech နဲ့ Modern ကတော့ အားလုံး သုံးခေါက်ဖြစ်မှာပါ။ Johnson&Johnson ကတော့ ဒုတိယကြိမ်ဖြစ်ပါမယ်။ ဒီအတွက်လည်း ဆေးကုမ္ပဏီတွေက အမေရိကန်ဆေးဝါးကွပ်ကဲဦးစီးဌာန (FDA) မှာ အတည်ပြုချက်တောင်းခံထားပါပြီ။

BioNTech-Pfizer ထုတ်လုပ်တဲ့ ကုမ္ပဏီရဲ့နောက်ဆုံးထုတ်ပြန်ချက်မှာလည်း booster ထိုးရနိုင်ခြေများကြောင်းဖော်ပြထားတယ်လို့ DW ကရေးပါတယ်။ အဓိကတော့ ပထမထိုးထားတဲ့ ဆေးအာနိသင်ကျမသွားအောင် သုံးကြိမ်မြောက် (booster) ထိုးရမယ်လို့ညွှန်းဆိုထားတာပါ။ 

PHE ရဲ့လေ့လာချက်တစ်ခုအရဆိုရင် AstraZeneca ပထမတစ်ကြိမ်ထိုးထားသူတွေ ၇၁ ရာခိုင်နှုန်းအထိကာကွယ်ပေးနိုင်တယ်လို့ဆိုထားပြီး ဒုတိယတစ်ကြိမ်ထိုးပြီးရင်တော့ ၉၂ ရာခိုင်နှုန်းကာကွယ်တယ်လို့ဆိုပါတယ်။ ဘယ်လိုပဲဆိုဆို ဒေလ်တာမျိုးကွဲဟာ ကိုဗစ်ကာကွယ်ဆေးအားလုံးကို ပိုပြီးတော့ ခုခံတာတွေ့ရပါတယ်။ 

ကိုဗစ်မျိုးဗီဇကွဲအသစ်တွေထပ်ပေါ်လာနိုင်ခြေရှိလား။ ဒီမေးခွန်းကတော့ ဖြစ်နိုင်ခြေအများရှိတယ်လို့ ဆေးပညာရှင်တွေကပြောထားပါတယ်။ ကိုဗစ်ဗိုင်းရပ်စ် လူတွေဆီမှာကူးနေရင်းနဲ့ပုံစံပြောင်းသွားတဲ့အခါ မျိုးဗီဇကွဲအသစ်ထွက်ပေါ်လာတယ်လို့ ရောဂါဗေဒပညာရှင် ဖရက်ဒမင်း ဝက်ဘာကပြောပါတယ်။ 

ဒါကြောင့် ကိုဗစ်ဆေးကို လူဦးရေးအားလုံးအပြည့်အ၀ ထိုးနှံလို့မပြီးမချင်း ကိုဗစ်မျိုးကွဲတွေပေါ်လာဦးမယ်လို့ သူကသုံးသပ်ထားပါတယ်။ ရောဂါဗေဒပညာရှင်တွေကတော့ ဘယ်လိုပဲမျိုးဗီဇကွဲသစ်တွေ ထွက်ပေါ်လာပစေ၊ ကိုဗစ်ဆေးတွေက ရုတ်တရက် အာနိသင်ကျမယ်လို့ မယူဆကြပါ။ ဒါကြောင့် မျိုးကွဲသစ်ပေါ်လာရင်တောင် ကိုဗစ်ဆေးထိုးနှံပြီးသူတွေဟာ ဒီအန္တရာယ်က လွတ်နိုင်ခြေရာနှုန်းများပြီး ဆေးမထိုးနှံရသေးသူတွေက အန္တရာယ်များနေဦးမှာဖြစ်ပါတယ်။ 

အခုဆောင်းပါးမှာ မြန်မာစစ်ကောင်စီက ဝယ်ယူပြီးထိုးနှံပေးမယ့် တရုတ်ဆေးနဲ့ရုရှားဆေးတွေအကြောင်းမပါသေးပါ။ သီးခြားထပ်ဖော်ပြပေးပါမယ်။ 

#ကိုဗစ်မကူးအောင်ဘယ်သွားသွားနှာခေါင်းစည်းတပ်ပါ
#ဆပ်ပြာနဲ့လက်ဆေးပါ
#လူထူထပ်ရာမသွားပါနဲ့

#ဒေလ်တာမျိုးကွဲဟာအဆငါးဆယ်ကျော်ပိုကူးစက်လွယ်ပါတယ်

Comments

KNPP သင်တန်းဆင်း လူငယ် ၇၀ ကျော်အဖမ်းခံရ

ဒေါ်လာတစ်သိန်းဝန်းကျင်ရှိတဲ့ မန္တလေး-ဗန်းမော်လက်နက်ဖမ်းခံရမှု (Fact-Check)

ကွန်ဖက်ဒရိတ်နဲ့ဖက်ဒရယ်ခြားနားချက်

မုဒိန်းကျင့်ခံရ၊ ထောင်လည်းကျခံရတဲ့ ကျောက်တော်သူ (Explanatory)