ရခိုင်မှာ ဘာကြောင့်ယာယီကျောင်းပိတ်သင့်လဲသိချင်ရင် ဒါကိုဖတ်ပါ (Commentary)
ရခိုင်မှာ ကိုရိုနာဗိုင်းရပ်စ်ခေါ် Covid-19 ရောဂါပိုးတွေ့တယ်ဆိုတဲ့ သတင်းတွေခပ်စိပ်စိတ်ဖတ်လာရပါတယ်။ ပထမဆုံးသတိပြုမိတာက ဘင်္ဂလာဒေ့ရှ်နဲ့ကုန်သွယ်မှုမပြတ်လုပ်နေတဲ့ မောင်တောကုန်သွယ်ရေးဇုံ ကိစ္စဖြစ်ပါတယ်။ အခုတော့ ယာယီ ၂ ပတ် ပိတ်တယ်လို့ဆိုပါတယ်။
ဘင်္ဂလားဒေ့ရှ်မှာတွေ့ရှိတဲ့ ၈၀ ရာခိုင်နှုန်းသော ပိုးကူစက်မှုဟာ အိန္ဒိယကနေ လာတာလို့ တူရကီသတင်းဌာ Anadolu Agency (AA) ရဲ့ ဆောင်းပါးတစ်ပုဒ်မှာ ဖတ်ရှုရပါတယ်။ တကယ်လို့ ဘင်္ဂလားဒေ့ရှ်ကနေ မောင်တောကို ကူးစက်လာတဲ့ဗိုင်းရပ်စ်ဟာ အိန္ဒိယမျိုးကွဲ ဒေလ်တာ (Delta variant) ဖြစ်ခဲ့တယ်ဆိုရင် ရခိုင်လူထုအတွက် ကြောက်မက်ဖွယ်ရာ အိမ်မက်ဆိုးကြီးတစ်ခုဖြစ်လာနိုင်ပါတယ်။ စစ်ကောင်စီရဲ့ကျန်းမာရေးဝန်ကြီးဌာနက ဒီကိစ္စကို မထုတ်ပြန်သေးပါ။
Photo: MoreMrontVlog |
ကူးစက်ခံရတဲ့ နယ်မြေတွေက စစ်တွေ၊ ပေါက်တော၊ ဂွ၊ မောင်တော၊ ကျောက်ဖြူနှင့် သံတွဲမြို့နယ် (စုစုပေါင်း ၇ မြို့နယ်) တို့ဖြစ်ပါတယ်။ ဒါက စာသင်ကျောင်းကိစ္စသာဖြစ်ပါတယ်၊ တခြားကူးစက်ခံရတဲ့ ဥပမာ ဘူးသီးတောင်တို့မပါသေးပါ။ မနေ့က ဇူလိုင် ၆ ရက်နေ့မှာတော့ ၄ ဦးသေဆုံးခဲ့ပါတယ် (စာသင်ကျောင်းမဟုတ်၊ အခြားကေ့စ်)။
ရခိုင်မှာ စာသင်ကျောင်းတွေလည်း မပိတ်၊ ဈေးတွေလည်း ပုံမှန်လည်ပတ်နေဆဲဖြစ်ပါတယ်။ အရပ်သားတွေကလည်း ကိုဗစ်စည်းကမ်းတွေကို မေ့လျော့စပြုလာနေကြပါပြီ။ နှာခေါင်းစည်းမတပ်တာ၊ လက်ဆေးဖို့မေ့တာတွေဖြစ်နေပါတယ်။ စာရေးသူရဲ့နယ်ဖြစ်တဲ့ ရခိုင်ပြည်နယ် ကျောက်ဖြူမှာဆိုရင် စာသင်ကျောင်းတွေမှာ ကလေးတွေ နှာခေါင်းစည်းမတပ်သူခပ်များများပါ။
နာမည်ကြီးကျောင်းတချို့လောက်ပဲ စည်းကမ်းတမ်းကျပ်တယ်လို့ သိရပါတယ်။ နယ်မှာဖြစ်တဲ့အတွက် ကျန်းမာရေးအသိပေးမှုတွေလည်း အရပ်ဘက်အဖွဲ့အစည်းတွေရဲ့လှုပ်ရှားမှု ရန်ကုန်တို့လို အားမကောင်းပါဘူး။ ဒီလိုအခြေနေမှာ စစ်ကောင်စီက ကျောင်းတွေကိုမပိတ်ခိုင်းဘဲ ဆက်လက်လည်ပတ်စေတာဟာ တာဝန်မဲ့မှုဖြစ်ပါတယ်။
Photo: MoreMrontVlog |
တကယ်လို့ စစ်ကောင်စီက ကျောင်းတွေကိုလည်ပတ်စေချင်ရင် စည်းကမ်းအားကောင်းဖို့လိုအပ်သလို၊ ဖြစ်လာတဲ့နောက်ဆက်တွဲကိုလည်း တာဝန်ယူရမှာဖြစ်ပါတယ်။ လူနေမှု စနစ်ဖွံ့ဖြိုးမှု နောက်ကျတဲ့နေရာတွေမှာ စည်းကမ်းချည်းပဲ အတင်းလုပ်ယူလို့မရပါ။ ဒါကြောင့် ဘယ်လိုပဲဖြစ်ဖြစ် ကျောင်းတွေကို ယာယီ ဖွင့်ပိတ်လုပ်ပြီး၊ အခြေအနေတစ်ခုအထိ တိုးတက်လာမှု ကျောင်းပြန်ဖွင့်စေတာမျိုး လုပ်သင့်ပါတယ်။ ဒါမှမဟုတ် ကိုဗစ်ကာကွယ်ဆေး အပြည့်အ၀ ထိုးနှံပေးဖို့လိုပါတယ်။
ဘာဖြစ်လို့ပါလဲ။ ရန်ကုန်မှာလို ပညာတတ်အလွှာတွေ၊ လူလတ်တန်းစားတွေ၊ သူဌေးတွေလို နေတဲ့အရပ်မှာ Home schooling လုပ်တာ ထိရောက်မှုရှိနိုင်ပေမယ့် ရခိုင်မှာတော့ ဖြစ်နိုင်ခြေနည်းပါတယ်။ အများစုက ဆင်းရဲသားတွေဖြစ်သလို အစစ အရာရာ ရန်ကုန်နဲ့ကွာပါတယ်။ ဒါကြောင့် အခြေအနေမဆိုးအောင်ပြန်ပိတ်တာ၊ ကောင်းရင် ပြန်ဖွင့်တာမျိုး လုပ်သင့်ပါတယ်။ နိုင်ငံကြီးတွေမှာလည်း ဒီလိုလုပ်တယ်လို့ ဖတ်ရှုရပါတယ်။
တစ်ပတ်အတွင်းရာချီသေတဲ့မြို့
အားလုံးသိတဲ့အတိုင်း ကိုဗစ်သတင်းခေါင်းစည်းတွေကို နေရာယူထားတာက စစ်ကိုင်းတိုင်းထဲက ကလေးမြို့ပါ။ ပိုမိုဆိုးရွာလာတဲ့ ခွဲခြားမှုပြသနာတွေကလည်း တွေ့လာနေရပါတယ်။ ကလေးနယ်က ကိုယ်ဝန်ဆောင်အမျိုးသမီး ( မွေးလူနာ) တစ်ဦးအသက်ဆုံးရှုံးတဲ့အကြောင်း ဖတ်ရတာ အင်မတန်စိတ်ပျက်စရာပါ။
ကိုဗစ်လူနာဖြစ်တဲ့အတွက် ကလေးမွေးဖွားဖို့ ဆေးရုံ၊ ဆေးခန်းတွေက ငြင်းဆန်တဲ့အတွက် ကလေးရော၊ မိခင်ပါ နှစ်ဦးစလုံး လူ့လောကထဲကနေ ထွက်ခွာသွားရပါတယ်။ ငြင်းဆန်သူတွေဟာ ဆေးလောကသားကျင့်ဝတ် ဖောက်ဖျက်တာဖြစ်ပါတယ်။
ဒီနေ့ မြန်မာနိုင်ငံမှာတွေ့ရှိနေတဲ့ ကေ့စ်တွေဟာ အိန္ဒိယကနေ ကူးစက်လာတဲ့ မျိုးကွဲ ဒေလ်တာ (Delta variant) ဟုတ်၊ မဟုတ် မသိရသေးပါ။ အိန္ဒိယမှာ သေဆုံးသူဟာ ၄ သိန်းကျော်သွားပါပြီ။
Photo: Economics Review |
ဒါကတော့ စစ်ကိုင်းတိုင်း ကလေးမြို့ရဲ့ ကိုဗစ်ကူးစက်ခံရပြီး သေဆုံးတဲ့ မှတ်တမ်းဖြစ်ပါတယ်။
ဇူလိုင် ၁- ၂၆ ဦး
ဇူလိုင်၂ - ၂၃ ဦး
ဇူလိုင် ၃ - ၃၃ ဦး
ဇူလိုင် ၄ - ၂၇ ဦး
ဇူလိုင် ၅ - ၂၇ ဦး
ဇူလိုင် ၆ - ၄၀ ဦး
စုစုပေါင်း ၁၇၆ ဦး
သေဆုံးမှုတွေလည်း များလာသလို ပိုးတွေ့လူနာကလည်း မြင့်တက်လာနေပါတယ်။ ဒါကတော့ ဇူလိုင် ၆ ရက်နေ့ စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်ပါ။
စစ်ဆေးသူ = 12,832 ဦး (တတိယလှိုင်းတွင်အများဆုံးစစ်ဆေးနိုင်)
ပိုးတွေ့သူ = 3,602 ဦး (အများဆုံးပိုးတွေ့)
ပိုးတွေ့ရာနှုန်း = 28.07 % (အများဆုံးပိုးတွေ့နှုန်း)
တစ်နိုင်ငံလုံးတွင် ပိုးတွေ့သူစုစုပေါင်း= 171,976 ဦး
လုပ်နိုင်စွမ်းနည်းတဲ့အပိုင်းတွေ
ဗိုင်းရပ်စ်ထိန်းချုပ်ဖို့ကြိုးစားတဲ့အခါမှာ တိုးတက်တဲ့နိုင်ငံကြီးတွေက ကာကွယ်ဆေးထိုးနှံတာ (vaccination) ၊ (Complete lockdown or partial lockdown) အဆက်အသွယ်လုံး၀ ဖြတ်တောက်တာ (ဥပမာ တရုတ်)၊ ဒါမှမဟုတ် တစိတ်တပိုင်းဖြတ်တောက်တာ၊ social distancing တစ်ဦးနဲ့တစ်ဦး ၆ ပေအကွာမှာ နေထိုင်စေတာမျိုးတွေ လုပ်ပါတယ်။
ပိုးတွေ့သူနဲ့ထိတွေ့ခဲ့တဲ့ ကွင်းဆက် (contact tracing) ရှာဖွေတဲ့ကိစ္စကိုလည်း အပြင်းအထန်လုပ်ပါတယ်။ ဥပမာ အမေရိကမှာ အဲဒီအတွက် စေတနာ့ဝန်ထမ်းဦးရေ သိန်းချီအသုံးပြုခဲ့ပါတယ်။ NPR သတင်းအရဆိုရင် ၁ သိန်းကနေ ၃ သိန်းအထိ လိုအပ်တယ်လို့ဖော်ပြခဲ့ပါတယ်။ အဓိက အနီးကပ်ထိတွေ့သူ (primary contact) နဲ့ အဲဒီလူကနေတစ်ဆင့် နောက်တစ်ဆင့်တွေ့တဲ့သူ (secondary contact) ကို လိုက်ရှာတာပါ။
Contact Tracing နမူနာ |
ဒီနည်းတွေကို အာဆီယံဒေသမှာ ထိရောက်အောင်လုပ်နိုင်စွမ်းနည်းပါတယ်။ ဥပမာ တိုးတက်တဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံမှာတောင် အပြည့်အဝမလုပ်နိုင်ပါ။ ချမ်းသာပြီး၊ နိုင်ငံအသေးလေးဖြစ်တဲ့ စင်္ကာပူကတော့ လုပ်နိုင်တာတွေ့ရပါတယ်။ ဒါကြောင့်ထိုင်းဆိုရင် partial lockdown ကိုကျင့်သုံးပါတယ်။ ဥပမာ နယ်စပ်ကို လုံး၀ ပိတ်ချလိုက်တာပါ။ ဆင်းရဲပြီး အာဏာသိမ်းစစ်ဘေးကိစ္စကိုပါ ထပ်ဆင့်ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံအဖို့ တစ်ဆင့်ခံထိတွေ့သူ (secondary contact) ကို ရှာဖို့ဆိုတာ ဖြစ်တောင့်ဖြစ်ခဲကိစ္စလို့ ဆိုရမှာပါ။
ကျန်းမာရေး ကပ်ဘေးနဲ့ အာဏာလုပွဲ ဘေးနှစ်မျိုးရင်ဆိုင်နေရချိန်မှာ ပိုးတွေ့နှုန်းများလာတာဟာ ပေါ့သေးသေးကိစ္စမဟုတ်ပါ။ ရခိုင်ဘက်ကို ပြန်လှည့်ရရင် ကလေးငယ်တွေနဲ့ ဆရာ ဆရာမတွေကို ဘယ်သူ့ဆီကနေ ဘယ်လိုကူးစက်သလဲဆိုတဲ့ primary source ကို လိုက်ရှာဖို့လိုအပ်ပါတယ်။ တစ်ခါ secondary contacts တွေကိုလည်း လိုက်ရှာရမှာပါ။ ဒါမှလည်း ထိတွေ့သူအားလုံးကို သီးခြားနေစေပြီး (home isolation) ဗိုင်းရပ်စ် လက္ခဏာတွေ့သူတွေကို ဆေးရုံမှာ အနီးကပ်စောင့်ကြည့်မှုတွေလုပ်ရမှာပါ။
အာဏာသိမ်းစစ်ကောင်စီအနေနဲ့ contact tracing ကွင်းဆက်လူနာတွေကို ခြေရာခံနိုင်စွမ်း အင်မတန်နည်းပါတယ်။ အားလုံးသိကြတဲ့အတိုင်း အာဏာသိမ်းတဲ့အတွက် ကျန်းမာရေးဝန်ထမ်းတော်တော်များများ စစ်ကောင်စီလက်အောက်မလုပ်ချင်တဲ့အတွက် အာဏာဖီဆန်ရေးလှုပ်ရှားမှု ( Civil Disobedience movement (CDM) ) လှုပ်ရှားမှုမှာ ပါဝင်နေကြတာပါ။ အစကတည်းက ဆေးရုံဆေးခန်းတွေမှာလည်း ဆရာဝန်အင်အား လုံလုံလောက်လောက်မရှိသလို၊ facilities ကလည်း မပြည့်စုံပါ။
ဗိုင်းရပ်စ်တွေ့တဲ့ကိစ္စကို အရင် NLD အစိုးရလက်ထက်မှာလိုမျိုး ဘယ်ကေ့စ်ကနေ ဆင့်ပွားတယ် ဘယ်ကလာတယ်ဆိုတာမျိုး ထုတ်ပြန်ရှင်းလင်းတာလည်း တွေ့ရနည်းပါတယ်။ ဒါကြောင့် ဗိုင်းရပ်စ်ပိုးရှိပြီးတော့ (silent carrier) ရောဂါ လက္ခဏာမပြဘဲ သွားလာနေသူတွေ ဘယ်လောက်ထိ ရှိမလဲဆိုတာ အခုအချိန်မှာ ဘယ်သူမှမသိနိုင်ပါဘူး။
တကယ်လို့ ကျောင်းမပိတ်ဘူး ဆက်ဖွင့်ထားမယ်ဆိုရင် စစ်ကောင်စီက ဒီမေးခွန်းကို ဖြေရပါလိမ့်မယ်။
အသက်ဆုံးရှုံးမှုအတွက် ဘာတာဝန်ယူပေးမလဲ။
မူလကတည်းက သတ်ချင်သလို သတ်ဖြတ်နေတဲ့ စစ်ကောင်စီအဖို့ ဒီမေးခွန်းကို ဖြေချင်မှလည်း ဖြေမှာပါ။အာဏာသိမ်းတဲ့ ၆ လအတွင်းမှာ လူပေါင်း ၉၀၀ နီးပါး (894 confirmed cases) သတ်ပစ်ခဲ့ပါပြီ။ ကိုဗစ် စဖြစ်ချိန် ၂၀၂၀ အစောပိုင်းကနေ အခု ၂၀၂၁ အထိ ကိုဗစ်ကြောင့် သေဆုံးသူ ၃၅၁၃ ပဲရှိပါတယ်။ စစ်ကောင်စီရဲ့သတ်ဖြတ်မှုဟာ ကိုဗစ်သေဆုံးသူရဲ့ ၂၅ ရာခိုင်နှုန်းရှိပါတယ်။
ရခိုင်ပြည်သူတွေအနေနဲ့ သတိချပ်သင့်တာက ကိုဗစ်ဟာ ကုသလို့ရတဲ့ ရောဂါမဟုတ်ပါ။ ကိုယ်ခံအားက တိုက်ဖျက်နိုင်မှ ရောဂါသက်သာပြီး ပျောက်ကင်းတာပါ။ ပျောက်ကင်းရင်တောင် ဘေးထွက်ဆိုးကျိုးတွေ အများကြီး ကြုံရပါတယ်။ အသက်ကြီးသူတွေ၊ ရောဂါ အခံရှိသူတွေ သေဆုံးနိုင်ခြေပိုများပါတယ်။ ကလေးတွေလည်း မသေတာမဟုတ်ပါ၊ သေပါတယ်။
အဲဒီတော့ အကောင်းဆုံးကတော့ နှာခေါင်းစည်းတပ်ပါ၊ အပြင်ကပြန်လာတိုင်း လက်ဆေးပါ၊ လူထူထပ်တဲ့နေရာကိုမသွားပါနဲ့။ လူတိုင်းဟာ ဗိုင်းရပ်စ်ရှိတယ်လို့ သံသယထားပြီး နှာခေါင်းစည်းတပ်ပါ။ ကျောင်းယာယီပိတ်ဖို့လိုအပ်ပါတယ်။
မိဘတွေအနေနဲ့လည်း ကျောင်း ၄-၅ လ မတက်ဘဲနေလိုက်မလား၊ ကိုယ့်သားသမီး အသက်တစ်ချောင်းရင်းမလား စဉ်းစားပါ။ ရောဂါကူးစက်မှုများနေချိန်မှာ ကျောင်းဆက်တက်တာဟာ ကိုယ့်အသက်ကို လောင်းကြေးထပ်ရာရောက်ပါတယ်။ အသက်ရှင်နေသမျှ ကိုယ့်ရဲ့ကလေးငယ်တွေဟာ ပညာ၊ ငွေကြေး ကြိုက်တဲ့အချိန် ရှာဖွေဖို့အခွင့်အလမ်းရှိနေမှာပါ။ သေဆုံးသွားရင်တော့ ဒါတွေ ဘယ်တော့မှလည်း ရှိလာတော့မှာမဟုတ်ပါ။
Comments
Post a Comment